ကျွန်မနှင့် မဟော်ဂနီရောင် နက်ဂတစ်ဗ်များ
*** ကျွန်မနှင့် မဟော်ဂနီရောင် နက်ဂတစ်ဗ်များ ***
မည်သည့်နေရာမှ အစပြု၍ မည်သို့မည်ပုံအဆုံးသတ်ရမည်ကိုမသိသောဘဝတစ်ခုကို ကျွန်မပိုင်ဆိုင်သည်။
ဘဝ၏ လမ်းများနှင့်ရွေးချယ်မှု မှန်ကန်သော လူသားများစွာကို ကျွန်မတွေ့နေခဲ့ရသည့်တိုင် လမ်းတိုင်း၏မူလနေရာတွင် ကျွန်မတွေဝေနေမိသည်။ရွေးချယ်ခြင်းပညာမစုံလင်သူ၏ မိုက်မဲမှုမျိုး..သို့မဟုတ်..အတောင်အလက်တို့တွင် ဒဏ်ရာရဖူး၍ ပျံသန်းရမည်ကို အစိုးတရွံ ကြောက်ထိတ်လန့်နေခဲ့သော ငှက်ငယ်တစ်ကောင်၏ ပထမအကြိမ်တွင် ကြီးကြီးကျယ်ကျယ် ကျရှုံးမှုမျိုးဖြင့်..။
မိုက်မဲခြင်းတို့ဖြင့် ရူးမိုက်စွာ အလင်းအမှောင်တို့အား ဥပက္ခာပြု၍ မျက်လုံးအစုံကို မှိတ်ချ၍ ပြေးလွှားပစ်ချင်ဖူးသည့်တိုင် ကျွန်မကိုယ် ကျွန်မ မအောင်မြင်နိုင်။ ကြီးမားသော ဆုံးဖြတ်ချက်ကို တိတိကျကျ မချနိုင်ခြင်းဖြင့် မကြာခဏ ချရသော အရာသည် မာန် မာနနှင့် သက်ပြင်းသာ။
ယုံကြည်ရာတို့ဖြင့် မျက်လုံးမှိတ်ကာ ယုံကြည်ချက်တို့ကိုသာ ထွန်းညှိခဲ့ကြသော ငွေမဲ့လူတန်းစားတို့၏ခွန်အားသည် ကျွန်မ အမြတ်နိုးဆုံးအရာ ဖြစ်သည်။
လက်နက်ထက်ပင် အင်အားကြီးလွန်းသော ယုံကြည်ချက်ဖြင့် တိုက်ခိုက်တတ်သော လူတန်းစားများကို ကျွန်မ ချစ်သည်။
လမ်းရှုပ်များကို ချစ်သော သို့မဟုတ် ကြယ်ငါးပွင့် ၊ကြယ်ခုနစ်ပွင့်တို့ကို မထေမဲ့မြင်ပြုရဲသော ထိုခြေလျှင်သမားတို့၏ တောကြိုအုံကြားထဲမှ မြတ်နိုးဖွယ်ရာတို့ကို ကျွန်မလည်း ထပ်တူထပ်မျှမြတ်နိုးလိုသည်။
သို့တိုင် ကျွန်မတွင် ခပ်ယိုင်ယိုင် စိတ်ဓာတ်သာရှိ၏။ပျော့ဖတ်ဖတ် ယုံကြည်ချက်သာ ရှိ၏။ ကျွန်မသည် ပန်းခြောက်တို့၏ ရနံ့ကို နှစ်သက်သော်ငြား ပန်းခူးတတ်သော လက်အစုံတော့ မဟုတ်။
လေပြည်ဖြင့် ရောသော ပန်းရနံ့များကိုသာ မှီခိုလိုသော အစာမဝသည့် မှင်စာလေးတစ်ကောင်သာ ဖြစ်၏။
ကျွန်မအတွက် ကြေမွခဲ့သော ကြယ်စင်ကြယ်သားဆီမှာ ကျွန်မ ဆုတောင်းစကားတွေ မပါးခဲ့မိ။ကျွန်မ နှစ်သက်ရာ အမှောင်ထဲသို့ တရှိုက်မတ်မတ် တိုးနှစ်ကြည့်ရှု့နေရသည်ကိုပင် ကျွန်မ မက်မက်မောမော ရှိလှသည်။
အချို့ခေါ်သံတွေကို ကိုယ်စားပြုဖို့ ကျွန်မ နားကိုစွင့် မျက်လုံးတွေကို ဖွင့်ထားခဲ့မိသည်။သို့တိုင် မကြားရဲစွာ နားကိုပိတ်၍ မမြင်ရဲစွာမျက်လုံးမှိတ်လိုက်မိတိုင်း နှလုံးသွေးတို့ အဖြူရောင်အဖြစ် ပြန်လည် စီးဆင်းရစ်ခဲ့ကြသည်။
ငိုကြွေးသံတို့အဝေးသို့လည်း မပြေးထွက်နိုင်။ငိုသံတိတ်ဖို့လည်း မစွမ်းဆောင်နိုင် ..။
ဝေတိဝေဝါး မျှော်လင့်ချက်များတွင်သာ အသက်ဆက်ထားမိခဲ့ကြ။ထိုယုံကြည်အတွက် နောင်တတွေ မဖြစ်ပါရစေနှင့်။
ခြေရာအခွံတို့အား ချန်ထားရစ်ဖို့ ကြိုးစားမိသူ၏ ထမင်းလုတ်သည် ပြုတ်လုပြုတ်ခင်ဖြင့်သာ။လက်ကြမ်းကြမ်းနှင့် ခြေလှမ်းကျဲကျဲတွင် နေဝင်ရီတရောတို့ အမြဲတစေ ခြောက်လှန့်ခံရလေ့ရှိသည်။တပ်လှန့်သူတို့အတွက် ကျွန်မ နှလုံးသားအား ထွန်းညှိပူဇော်လိုပါသည်။
သို့သော် နောက်တစ်ကြိမ် ဆာလောင်မှုတွင် နှလုံးသား မရှိတော့သူတို့၏ လက်တော်တို့တွင် လက်သည်းရှည်နေမည်ကို ကြောက်ရွံလှသည်။
ခြောက်လှန့်တတ်သော အရာတို့အား မကြောက်ရွံသည့်တိုင် ချောင်းမြောင်းတတ်သော အပြုံးတို့ကိုကား စိုးထိတ်ကြောက်ရွံလွန်းလှသည်။ထိုအရာအတွက် ကျွန်မ နောက်ကျောမရှိချင်ပါ။သို့တည်းမဟုတ် စိတ်နှလုံး အေးချမ်းဖွယ် မြင်လွှာအစုံဖြင့်သာ လုံခြုံချင်မိခဲ့ပါသည်။
အကြီးကျယ်ဆုံးသော နောင်တသည် အသေးငယ်ဆုံးအမှားများစွာကို ကျစ်ဆံမြီးထိုး၍ ဝင်ရောက်လာခဲ့ကြသည့်အခါ ကျွန်မ ပြည်ဖုံးကားဆိုသည့်အရာကို တမ်းတမ်းမက်မက် ဖြစ်မိခဲ့သည်။ကျွန်မ၏ ဆင်ခြေဆင်လက်တို့သည် မျက်ရည်ခံထိုးရုံဖြင့် မလုံလောက်သော အရိပ်များကို မတော်လှန်နိုင်။
အဘယ်မျှ မုန်းတီးဖွယ် ကောင်းလှပါသနည်း..။
ကျွန်မ ရိုက်ခြွေခဲ့သော အိမ်မက်တို့သည် ကျွန်မ၏ ဆာလောင်မှုအတွက်ဖြစ်သော်လည်း ကျွန်မအတွက် ကြွေကျခဲ့သော အိမ်မက်တို့သည့်ကား ကျွန်မအား ရိုက်ခြွေဖို့သာ ဖြစ်သည်။အခြေမခိုင်မှုတို့ဖြင့် ယိုင်နဲ့သူ၏ ဖိနပ်ပေါက်သော ခရီးကြမ်းပင် ဖြစ်မည်။
ကျွန်မက သွားမျှားမိသော ဒုက္ခ၊သို့တည်းမဟုတ် ကျွန်မအား လာရောက် မျှားယူသော ဒုက္ခ၊ ထိုအရာများကြားတွင် အလူးအလွန့်ဖြင့် မှင်ရည်ကျဲခဲ့ခြင်းအား နောင်တစ်ချိန်တွင် လူငယ်လေးတစ်ယောက်တလေမှ အရသာရှိရှိ ပွဲတော် တည်နိုင်ရန် ကျွန်မ မှင်ရည်အိုးထဲ လက်အစုံကို ဆွတ်နှစ်ထားခဲ့ ချင်ပါသည်။
အလုံပိတ်အခန်း သို့မဟုတ် ကျွန်မ၏ မြင်လွှာမဲ့ လမ်းလျှောက်ခြင်းတို့အပေါ်
အစနှင့် အဆုံးအလယ်မှ သင်္ခါရ အိမ်မက်များ၏ ရသကိုးပါးအား ကျွန်မကိုယ်တိုင် စားသုံးဖို့နှင့် တာရှည်ခံအနှစ်သာရအဖြစ် မီးပြင်းတိုက်ပစ်လိုက်သည်....။
I'm ATM.
Msu 021.