ဖတ်​ကြည့်​​စေချင်

in #esteem6 years ago

image
Credit:Photo

အမေ သမီး တစ်ခုလပ် ဘဝနဲ့
အဆင်ပြေပါ့မလား

အမေ သမီး တစ်ခုလပ် မဖြစ်ချင်ဘူး

အမေ သမီး သူမရှိလို့ မဖြစ်ဘူး
ကလေးတွေကိုလည်း အဖေ မရှိဘဲ
အားငယ်မှာ စိုးတယ်

အမေ သမီး ဘာမှ လုပ်စားတတ်တာ
မဟုတ်ဘူး

ကိုယ် ငယ်ငယ်တုန်းက
နယ်မြို့လေးမှာ ကြီးပြင်းခဲ့ရတယ်
ရှေးရိုးကျတဲ့ မိသားစုမှာ ပေါက်ဖွားခဲ့ရတယ်

မိန်းကလေးဆိုတာ ဘယ်လိုနေရတယ်
ဘယ်လိုထိုင်ရတယ်

ဘယ်သူ့သမီးက ဘယ်လိုလူမျိုးနဲ့ရတာ
ငါ့သမီးကျရင်တာ့ ဘယ်လိုလေး ဖြစ်ရင်
ကောင်းမှာ မိန်းကလေးတစ်ယောက်အတွက်
အိမ်ထောင်ရေးက ဘဝပဲ သူ့တစ်ဘဝလုံးပဲ

အပျိုရည်ပျက်တယ်ဆိုတာ ဘယ်လို
အပျိုရည်ပျက်ပြီးသား မိန်းကလေး
တစ်ယောက်ကို ယောက်ျားတွေက
ဘယ်လိုသဘောထားတယ်

တစ်ခုလပ် ဆိုတာ မုဆိုးမ ဆိုတာ .. ဆိုတာ ..
ဆိုတာ .. ဆိုတာတွေ အများကြီး ကြားခဲ့ရ
နားယဉ်ခဲ့ရ ခေါင်းထဲ ရိုက်သွင်းခံခဲ့ရတယ်။

အဲ့ဒါတွေကို မှားတယ်လို့ မဆိုလိုပါဘူး

မှန်တာရှိသလို မှားတာလဲရှိပါတယ်
မှားတယ်ဆိုတဲ့နေရာမှာ လူကြီးတွေကို
အပြစ်တင်လို့မရပါဘူး

တစ်ချို့အရာတွေဟာ ကိုယ့်ရဲ့ နေရာဒေသ
ရှေးရိုးစွဲ အယူဝါဒ ဓလေ့ထုံးစံ
ကန့်သတ်ချက် ယုံကြည်ချက်
ရိုးရာ စတာတွေနဲ့ လက်ခံနိုင်ဖို့
ခက်ခဲတာတွေလဲ ဖြစ်နိုင်တယ်

လက်ခံနိုင်ဖို့ ခက်ခဲသော်ငြားလဲ
ခေတ်အခြေအနေအရ မဖြစ်မနေ
လက်ခံရမှာတွေ ရှိသလို တကယ်ကိုပဲ
ပိုမို ကောင်းမွန်လာစေဖို့ ပြောင်းလဲဖို့လဲ
လိုအပ်ပါတယ်

နှစ်ပေါင်းများစွာ အတူနေကြည့်၊
ကလေးတွေ ဘာတွေရမှ အဆင်ပြေပြီထင်လို့
လက်ထပ်ကြတဲ့ အလေ့အထရှိတဲ့
လူ့အခွင့်အရေး အပြည့်အဝရတဲ့၊
အမျိုးသမီးတွေကို ကာကွယ်ပေးတဲ့
အနောက်နိုင်ငံတွေမှာတောင်မှ
အဆင်မပြေတဲ့အခါ ကွဲကွာခြင်းကို
မဖြစ်မနေ လုပ်ဆောင်ကြရပါတယ်။

သို့သော်
သူတို့ဆီမှာ အိမ်ထောင်ကွဲတာသည်
ကဲ့ရဲ့ရှုတ်ချစရာ မဟုတ်ဘူး
အမျိုးသမီးတွေကို ပိုပြီးတောင်
နေရာပေး ဆက်ဆံကြတယ်။

Single Mother တွေဆို ပိုပြီး
အခွင့်အရေးပေးကြတယ်။
စောင့်ရှောက်ကြတယ်
လူတစ်ယောက်ရဲ့ ကိုယ်ပိုင် ရွေးချယ်
ဆုံးဖြတ်ခွင့်ကို လေးစား လိုက်နာကြတယ်

ကိုယ်တွေ နိုင်ငံမှာတော့ အိမ်ထောင်ကွဲ
ဆိုတာ ကဲ့ရဲ့ စရာ မေးငေါ့ ပြစ်တင်
အတင်းဆိုစရာဖြစ်နေတယ်

ဘာလဲဆိုတော့ အပေါ်မှာ ပြောခဲ့သလိုပဲ
မိန်းကလေး ဆိုတာနဲ့ စတဲ့ ကန့်သတ်ချက်တွေ
သတ်မှတ်ချက်တွေကြောင့်ပဲ
အိမ်ထောင်တစ်ခု ကွဲကွာကြရခြင်းမှာ
အကြောင်းအမျိုးမျိုး ရှိနိုင်ပါတယ်

အများဆုံးကတော့
ယောက်ျားဖောက်ပြန်လို့ပေါ့လေ
နောက်ပြီးတော့ မိသားစုကြောင့်
ပိုက်ဆံ မရှာနိုင်လို့
အရက်သောက်လို့၊ ဆေးသုံးလို့ စသဖြင့်ပေါ့

အကြောင်းအရာတွေ အများကြီးပါပဲဆိုတော့
အကြောင်းကြောင်းကြောင့်
အိမ်ထောင်တစ်ခု ပြိုကွဲ
သွားတယ် ဆိုပါတော့ ကိုယ့်လူမျိုးတွေရဲ့
အမြင်ဟာ တစ်ခုလပ်ယောကျာ်းနဲ့
တစ်ခုလပ်မိန်းမအပေါ်
လုံးဝကွဲပြားခြားနားနေပါတယ်

တစ်ခုလပ်ခြင်း အတူတူပဲလေ၊
ယောက်ျားတစ်ခုလပ်ကျတော့
လူပျိုလို နေလိုက်သွားလိုက် စားလိုက်
မိန်းကလေး တစ်ခုလပ်ကျတော့ အပျိုထက်
ပိုပြီး ကန့်သတ်ချက်တွေ များလာတယ်

နည်းနည်းများ ပြင်မိဆင်မိရင်
“ဟင်း တစ်ခုလပ်က
အပျိုရှုံးအောင် ပြင်နေတယ်
နောက်လင် လိုချင်နေလား နန့်လိုက်တာ
(ကန်တော့ပါနော်) စသဖြင့် ကဲ့ရဲ့
မေးငေါ့ကြအတင်း ပြောကြတယ်

အဲ့ဒါ မိန်းမအချင်းချင်းတွေပဲ၊
ယောက်ျားတွေက
အဲ့လိုတော့ အတင်း မပြောကြပါဘူး

အတွင်းစိတ်ကနေပဲ (ကန်တော့ပါရဲ့)
“ဒီမိန်းမယောက်ျားနဲ့ ဝေးနေတာကြာတော့
ဘလာ ဘလာ ဘလာ”

မိန်းကလေးတစ်ယောက်ဟာ
အိမ်ထောင်ပြုမယ်ဆိုကတည်းက
တစ်ချိန်မှာတော့ ငါဟာ တစ်ခုလပ်
ဖြစ်ရမယ်ဟေ့

A plan တော့ ယောက်ျားယူပြီးပြီ
B plan အနေနဲ့တော့ကွဲတဲ့ကွာတဲ့အခါ
ဘာလုပ်မယ်ညာလုပ်မယ်ဟေ့ လို့ရယ်တော့
ဘယ်နိုင်ငံ ဘယ်လူမျိုးမှာမှ
ဘယ်လိုအမျိုးသမီးကမှ ရည်ရွယ်ထားတာ
မရှိခဲ့ကြပါဘူး

ဘယ်သူမှ တစ်ချိန်မှာ (သေကွဲ ကလွဲလို့)
ကွဲကွာကြဖို့ ပေါင်းစည်းခဲ့ကြတာ
မဟုတ်ပါဘူး။ ဒီလိုပဲ ဘယ်အမျိုး
ကောင်းသမီးကမှ တည်ဆောက်ပြီးသား
အိမ်ထောင်တစ်ခုကို ရော့ အင့် ဆိုပြီး
လွယ်လွယ်လေး မပစ်လိုက်ချင်ကြပါဘူး

အပြင်လူ မသိနိုင်လောက်အောင်
အတွင်းထဲမှာ သူ အစွမ်းရှိသမျှ
ကြိုးစားခဲ့ပါလိမ့်မယ်

သူ့ရင်ထဲမှာ ပူနေတဲ့အပူဟာ
ဘယ်အပူမှ နှိုင်းလို့မရအောင်
ပူလောင်နေပါလိမ့်မယ်

ဒါကို အပြင်လူတွေအနေနဲ့
မကူညီနိုင်သည့်တိုင်အောင်
ကဲ့ရဲ့ပြစ်တင်တာ ရှုံ့ချတာ မလုပ်သင့်ပါဘူး

သူ့ရဲ့ ရွေးချယ်မှုကို လေးစားရပါမယ်

သူ့ကို ဖေးမပေးရပါမယ်
ကွဲကွာမှု တစ်ခုမှာ သူ့အပြစ်ကြောင့်
ဖြစ်နိုင်သလို သူ့အပြစ် တစ်စုံတရာ မပါရှိဘဲ
ဖြစ်သွားတာလဲ ဖြစ်နိုင်ပါတယ်

ဒါကြောင့် တစ်ခုလပ်ဆိုတာ
မိန်းမ အချင်းချင်းရဲ့
ကဲ့ရဲ့စရာ လှောင်ပြောင်စရာ
အတင်းပြောစရာ
ယောက်ျားတွေရဲ့ သွေးတိုးစမ်းစရာ
မဟုတ်ဘူး ဆိုတာ သိစေချင်တယ်။

အကြောင်းမလှလို့ တစ်ခုလပ်ဘဝကို
ရွေးချယ်လိုက်ရတဲ့ ရောက်ခဲ့ရတဲ့
အမျိုးကောင်းသမီးလေးတွေအနေနဲ့လည်း
ငါ့မှာ တစ်ခုလပ် ဖြစ်ရလေခြင်းလို့

ဝမ်းမနည်းပါနဲ့

အားမငယ်ပါနဲ့

မကြောက်ပါနဲ့

တစ်ခုလပ်လဲ လူပဲ အပျိုလူပျိုလဲ လူပဲ

လူဟာ အခွင့်အရေး အားလုံး အတူတူ
ရပြီးသားတွေပါ အဲ့ဒီလို သူကတော့ အပျိုမို့
သူကတော့ တစ်ခုလပ်မို့ဆိုပြီး
ခွဲခြားချင်သူတွေကိုလဲ စိတ်မဆိုးပါနဲ့

သူတို့ရဲ့ မပြည့်ဝမှု စိတ်ဓာတ်သေးသိမ်မှုကို
သိလိုက်ရတဲ့အတွက် ကိုယ့်အတွက်
အကျိုးအမြတ် ရလိုက်တာပါ

ကိုယ်ကိုယ်တိုင်လဲ သူများကို
မခွဲခြားမိအောင် ကြိုးစားပါ

ကိုယ့်ကံကောင်းနေသေးလို့
ကိုယ့်အိမ်ထောင်မြဲနေသေးတာပါ

သူများ ကံမကောင်းတာ၊
သူများအိမ်ထောင်ပျက်စီးသွားတာကို
ပါးစပ်အရသာခံပြီးနေတာ
လူ့အန္ဓတွေရဲ့ လုပ်ရပ်ပါ

အပျိုဘဝဟာ တန်ဖိုးထားသင့်တဲ့ဘဝပါ

ဒါပေမဲ့ တစ်ခုလပ်ဖြစ်လို့လဲ
သူ့ရဲ့ စိတ်ဓာတ်နဲ့ အရည်အချင်း
ကိုယ်ရည်ကိုယ်သွေးတွေ ကျသွားတာ
မဟုတ်ပါဘူး။

ညီမလေး ရဲရဲရပ်တည်ပါ။
တော်ရုံအမျိုးသမီးတစ်ယောက်
ရပ်တည်ဖို့ မရဲတဲ့ တစ်ခုလပ်
Single Mother ဘဝကို ရဲရဲရင်ဆိုင်ပါ

တစ်ခုလပ်ဖြစ်နေလို့ဆိုပြီး အပြစ်တင်တဲ့
ယောက်ျားတစ်ယောက်ဟာ
ညီမလေးလောက် သတ္တိမရှိလို့ပါ

တစ်ခုလပ်ဖြစ်တာဟာ
လူတကာစော်ကားဖို့
မဟုတ်တဲ့အတွက် ဘာကိုပဲဖြစ်ဖြစ်
ကိုယ့်ဘဝကို ကိုယ်တိုင် ရိုးရိုးသားသားသား
ရဲရဲရင့်ရင့် ရင်ဆိုင်ပါ

အရွဲ့တိုက်ဖို့ မလိုပါဘူး

ကိုယ့်လမ်း ကိုယ်လျှောက်ဖို့ပဲ လိုပါတယ်။

ကျေးဇူးပြုပြီး တစ်ခုလပ်ဆိုတာ ထူးဆန်းသော
ဂြိုလ်သားမဟုတ်ဘူးဆိုတာ သိပေးပါ

အိမ်ထောင်တစ်ခုကို
ရေရှည်ထိန်းသိမ်းနိုင်တာ
အမျိုးသမီးတစ်ယောက်ရဲ့
အရည်အချင်းတစ်ခု မှန်ပါတယ်

သို့သော် ရွေးချယ်ခွင့် မရှိတော့လို့
ကိုယ့်ဆန္ဒမပါဘဲ တစ်ခုလပ်ဖြစ်ရတဲ့
မိန်းကလေးတွေဟာ နိမ့်ကျတဲ့
လူတန်းစားတစ်ရပ် မဟုတ်တဲ့အတွက်
ခွဲခြားဆက်ဆံတာမျိုး မလုပ်ကြပါနဲ့

မစော်ကားပါနဲ့

သူ့ဘဝ ပြန်လည်ရပ်တည်
ရှင်သန်နိုင်အောင် ကူညီပေးပါ

မကူညီနိုင်ရင်တောင် ထိုးမချပါနဲ့၊
ဘာဖြစ်လို့လဲဆိုတော့ တစ်ချိန်မှာ
ကိုယ်တိုင်လဲ တစ်ခုလပ် ဖြစ်သွားနိုင်လို့ပါ။

Credit: Kyaw Thida Aung

Photo Credit.

Coin Marketplace

STEEM 0.20
TRX 0.14
JST 0.029
BTC 67947.42
ETH 3264.67
USDT 1.00
SBD 2.66