job

in #esteem-awesome6 years ago

ဝါသနာနှင့်အသက်မွေးဝမ်းကြောင်းပညာ
ကျွန်တော်တို့ငယ်စဉ်ကလေးဘ၀မှာ အိမ်မက်ကိုယ်စီ ရှိကြဖူးမှာပါ။ ဆရာဝန်ဖြစ်ချင်သူ၊ အင်ဂျင်နီယာဖြစ်ချင်သူ၊ စစ်ဗိုလ်ဖြစ်ချင်သူ၊ ရဲဖြစ်ချင်သူ၊ ဆရာမဖြစ်ချင်သူအမြောက်အများရှိသကဲ့သို့ စီးပွားရေးလုပ်ငန်းရှင်ဖြစ်ချင်သူ၊ ပန်းချီဆရာဖြစ်ချင်သူ၊ အဆိုတော်ဖြစ်ချင်သူ ဘောလုံးသမားဖြစ်ချင်သူ စသည့်အမျိုးမျိုးသော အိမ်မက်တစ်ခုစီလောက်တော့ ရှိခဲ့ကြမှာပါပဲ။ ထိုငယ်စဉ်အိမ်မက်တွေဟာ စိတ်သန့်ရှင်းစွာ ဖြစ်ပေါ်လာတဲ့ လောဘ၊ ဒေါသ၊ မောဟ ကပ်ငြိခြင်းကင်းစွာ ရှိခဲ့တဲ့အရာတွေပါ။ သို့သော် ထိုအိမ်မက်တွေ ၀ါသနာတွေက ဘ၀ရပ်တည်မှုနဲ့ လက်ရှိမှာ သက်ဆိုင်နေပါသေးသလား။ ကျွန်တော်တို့ဘ၀ဟာ အိမ်မက်အတိုင်းအကောင်အထည်ပေါ်ခဲ့သလား။ လမ်းကြောင်းကွဲလွဲပြီးအိမ်မက်တွေ ပျောက်ကွယ်ခဲ့သလား။ အမျိုးမျိုးသောအဖြေ ရှိနေကြမှာပါပဲ။
ငယ်စဉ်ကအိမ်မက်အမျိုးမျိုး ၀ါသနာပါရာအလုပ်ရှိခဲ့သော်လည်း ကျွန်တော်တော့ အိမ်မက်နဲ့လက်တွေ့ဘ၀ ကွဲလွဲခဲ့ရပါတယ်။ ၁၀တန်းအောင် ဘွဲ့ရမှ လူရာဝင် အလုပ်ရမယ် ဆိုတဲ့အဆိုအရ ကျွန်တော်တို့ဘ၀ ပုံသေကျကြီးပြင်းလာရပါတယ်။ ``ပညာတတ်မှ လူရာဝင်တယ် ၁၀ တန်းအောင် အောင် ဘွဲ့ရအောင်လုပ် ဒါမှထမင်းမငတ်မှာ ´´ ဆိုတာတွေဟာ လူတော်တော်များများဘ၀ကို ခေါက်ရိုးချိုးခဲ့တဲ့ စကားအချို့ပါပဲ။ ဒါဆိုဒီလောကကို ဘွဲ့ရပညာတတ်တွေနဲ့သာ ပုံဖော်ရှင်သန်နေကြတာပါလား ။ ဘွဲ့မရ ပညာမတတ်သူတွေဘ၀က လူရာမ၀င်ဘူးလား။ ဘွဲ့ရတိုင်းပညာတတ်ပြီလား။ ဘွဲ့ရသူတိုင်းအဆင်ပြေချမ်းသာနေကြပါသလား စဉ်းစားကြပါစို့။
ကျွန်တော်တို့ ဘွဲ့ရခဲ့ပါတယ်။ ကျွန်တော်တို့ရတဲ့ဘွဲ့ပညာရပ်နဲ့ ကျွန်တော်တို့လက်ရှိဘ၀ကို လူဘယ်လောက်ရပ်တည်နေပါသလဲ။ လူနဲစုသာရပ်တည်နေနိုင်ပါလိမ့်မယ်။ ထိုဘွဲ့အတွက် ကျွန်တော်တို့ရဲ့ဝါသနာ စိတ်ကူးအိမ်မက်တွေတော့ လူတော်တော်များများပျောက်ဆုံးခဲ့ရပါတယ်။ ဘွဲ့ကလည်းရထားရင် ကောင်းတာပေါ့။ လူအများစုဖြစ်နေတဲ့ဘ၀အချို့က ဘွဲ့ရအောင်ယူ အလုပ်တစ်ခုဝင် လစဉ်ပုံမှန်ဝင်ငွေရ ဒီလောက်နဲ့တင် ရပ်တန့်သွားကြပါတယ်။ ၀ါသနာပါရာ ကြိုးစားလုပ်ကိုင်ရင်းအောင်မြင်မှု ရသူဦးရေ အလွန်နဲပါးလှပါတယ်။ ဘွဲ့တစ်ခုကို ရအောင်ယူပြီး ဘ၀ကို ပုံသေခွက်ထဲ ထည့်ပစ်ခဲ့ကြပါတယ်။ အလုပ်ရယုံနဲ့ ဘ၀တစ်ခုလုံးအဆင်ပြေ ပြီလား။ တကယ်တော့ ထင်သလောက်အဆင်မပြေပါဘူး။ အနည်းဆုံးတော့ ပျော်ရွှင်မှုအမြဲရှိနေမယ်မထင်ပါဘူး။
အလုပ်တစ်ခုလုပ်ခြင်းက ဘွဲ့ရခြင်းအပေါ် အဓိက မကျပါဘူး။ ၀ါသနာ စေတနာ ကြိုးစားမှု ဇွဲ တို့နဲ့ များစွာသက်ဆိုင်နေပါတယ်။ ဘယ်အလုပ်မဆို ၀ါသနာပါသူနဲ့ ၀ါသနာမပါသူ ယှဉ်လုပ်မယ်ဆို ၀ါသနာပါသူကသာမှာပါပဲ။ ထို့အတူ ၀ါသနာပါတာခြင်းတူလျှင်တော့ စေတနာမပါသူထက် စေတနာပါသူက သာမှာပါပဲ။ ထို့ထက်ပို၍ ၀ါသနာ စေတနာပါသူချင်းတူလျှင် ကြိုးစားအားထုတ်မှု ဇွဲရှိသူက ဇွဲမရှိသူထက်သာနေမှာပါပဲ။
ဒါဆိုဝါသနာမပါပဲ လုပ်ရင်ရောမရဘူးလား ဆိုရင် အဖြေက ရတာပေါ့ သိပ်ရပါတယ် လို့ဖြေရပါလိမ့်မယ်။ သို့သော် အောင်မြင်ခြင်း မအောင်မြင်ခြင်းကတော့ ကြိုးစားအားထုတ်မှုပေါ်တွင်သာ မူတည်ပါလိမ့်မယ်။ ဥပမာအားဖြင့် အဆိုတော်ဖြစ်ချင်သူတယောက်က ကြီးလာသောအခါ ဘွဲ့ယူပြီး ကျောင်းဆရာဝင်လုပ်နေရင် သူအောင်မြင်မယ်ထင်ပါသလား။ သူဟာငွေကြေး လစာကြောင့် တာဝန်ကျေတော့လုပ်နေပါလိမ့်မယ်။ အောင်မြင်တဲ့ အတော်ဆုံးဆရာတော့ဖြစ်ဖို့တော်တော်မှခက်ခဲပါလိမ့်မယ်။ အချိန်ကြာလာသော်လည်း မကြိုးစားရင် ဘာမှမတိုးတက်ပါဘူး ။ ဘာ့ကြောင့်လဲဆိုတော့ ဘယ်အလုပ်မဆို စေတနာထားဖို့ ကြိုးစားဖို့ လိုအပ်လို့ပါပဲ။ စေတနာမပါပဲ ဖြစ်သလိုလုပ်နေမယ်ဆိုရင် ကိုယ့်အတွက်လည်း အကျိုးမရှိသလို ကလေးတွေဘ၀အတွက်လည်း နစ်နာစေပါတယ်။ ဘယ်သူ့အလုပ်ဖြစ်စေ ကိုယ်ကျိုးဆောင်ရွက်နေသလို တွေးတောကိုယ်ချင်းစာ ကြိုးစားလုပ်မှအောင်မြင်လာမှာပါ။ လူငယ်တော်တော်များများက ထိုအချက်ကို သတိလွတ်နေကြပါတယ်။
ဒုတိယဥပမာအားဖြင့် ၁၀ တန်းမအောင်သောကျောင်းသား တစ်ယောက်က ဘွဲ့တော့မရနိုင်ပါဘူး။ သို့သော် ပန်းချီဝါသနာပါသည်ဆိုပါစို့။ ၀ါသနာဖြင့် ဆိုင်းပုဒ်ရေုးခြင်း ပုံရေးခြင်း ပန်းချီပညာရပ်များ ကို စနစ်တကျလေ့လာကာ အသက်မွေးဝမ်းကျောင်းပြုမည်ဆိုလျှင် အဆင်ပြေမည်ဖြစ်မည်။ ထို့ထက်ပို၍ စေတနာ ၀ါသနာ အနစ်နာ ဖြင့် ကြိုးစားလုပ်ကိုင်လျှင် ထိုက်သင့်သော အောင်မြင်မှုရလာပြီး ပျော်ရွင်စွာ ရပ်တည်နေနိုင်ပါလိမ့်မယ်။ ဥပမာ နှစ်ခုကို ယှဉ်ကြည့်ခြင်းဖြင့် ဘယ်အရာနဲ့ ဘ၀ကိုရပ်တည်သင့်သလဲ ဟူသော အကြောင်းအရာကို ကောင်းစွာနားလည် လာမှာပါ။ ဘ၀တစ်ခုရှင်သန်ဖို့အတွက် ဘွဲ့ရမှ လူရာဝင်မှာ မဟုတ်ပါဘူး။ အသက်မွေးဝမ်းကြောင်း ပညာရပ်များသည်လည်း ပညာပါပဲ။ မိမိတတ်ထားတဲ့ ပညာနဲ့ မိမိဘ၀ မိမိပတ်ဝန်းကျင် အဆင်ပြေဖို့က ပိုအရေးကြီးပါတယ်။ image
ကမ္ဘာလောကကြီးကို သစ်ပင်ပန်းပင်တို့နဲ့ အရောင်စုံစွာ အလှဆင်ထားပါတယ်။ လူသားတို့လောကကိုရော ဘွဲ့ရပညာတတ်တို့ဖြင့်သာ အလှဆင်၍ လှပါမည်လား။ ရရောရနိုင်မည်လား။ လူသားကမ္ဘာလှပ အသက်ဝင်နေခြင်းဟာ ဘွဲ့ရဟူသော အရောင်တစ်မျိုးတည်းကြောင့် မဟုတ်ပါဘူး။ ဘ၀ရပ်တည်မှုမှာ အစာစားဖို့အတွက် အပင်စိုက်သူ မွေးမြူရေးလုပ်သူ ဈေးရောင်းသူ ချက်ပြုတ်သူ စသည်တို့လိုသလိုပါပဲ။ အပင်စိုက်သူချည်း မရပ်တည်နိုင်သကဲ့သို့ မွေးမြူရေးလုပ်သူချည်းလည်း ရပ်တည်လို့မရပါဘူး။ သူ့နေရာ သူ့ဒေသ သူ့လိုအပ်ချက်တွေနဲ့အလိုက် ဖြည့်စွက်အလှဆင်မှ လှတာပါ။
ကျွန်တော်တို့ အပင်စိုက်သူကို ထမင်းဟင်းချက်ခိုင်းမယ်ဆိုရင်တော့ ချက်တတ်မယ်ဆိုရင်တောင် အကောင်းဆုံးအစားအစာကို ချက်ဖို့အခက်အခဲ ရှိပါလိမ့်မယ်။ ဈေးရောင်းတတ်သူကို မွေးမြူရေးလုပ်ခိုင်းလျှင် အောင်မြင်မည်ဟုသင်ထင်ပါသလား။ မည်သည့်အလုပ်မဆို ၀ါသနာဖြင့် စိတ်ပါလက်ပါ ကြိုးစားလုပ်ကိုင်မှသာ အောင်မြင်မှာပါ။ လူတစ်ယောက်က ကိစ္စရပ်တိုင်းကို ၀ါသနာပါစွာလုပ်ကိုင်နိုင်မည်မဟုတ်။ ၀ါသနာပါရာအလုပ်ကို ဇွဲရှိစွာကြိုးစားမှသာ အောင်မြင်မှာ ဖြစ်ကြောင်းသတိပြုမိဖို့လိုပါတယ်။
ပညာရှင်နဲ့ လှေသမားပုံပြင်လိုပါပဲ။ ပင်လယ်ကိုကူးရန် လှေငှားခရီးထွက်လာတဲ့ပညာရှင်ဟာ ပညာများစွာတတ်သော်လည်း ရေမကူးတတ်တဲ့အခါ မုန်တိုင်းကြားမှာ အသက်ဆုံးရှုံးခဲ့ရပါတယ်။ ပညာမတတ်သော်လည်း ရေကူးတတ်တဲ့လှေသမားကတော့ သူ့ဘ၀နဲ့သူအဆင်ပြေဆဲပါပဲ။ ဒါ့ကြောင့် ကိုယ့်ဝါသနာကို ကိုယ်တတ်စွမ်းသလောက် ကြိုးစားလုပ်ကိုင်လျှင် အဆင်ပြေအောင်မြင်လာမှာ မလွဲပါပဲ။
ဝါသနာအတိုင်း အိမ်မက်အတိုင်း ရပ်တည်ရှင်သန် အောင်မြင်နိုင်ပါစေ။ ထိုဝါသနာနှင့် အိမ်မက်ကို ရှင်သန်ခွင့်ပေးသော ပတ်ဝန်းကျင်မိသားစုကောင်းနှင့် တွေ့ပါစေ။ ထိုဝါသနာဖြင့် လူထုလောကအကျိုးပြုနိုင်သော နိုင်ငံသားကောင်းဖြစ်လာပြီး ၀ါသနာဖြင့်ခြယ်သသော ဘ၀အရောင်များ လင်းလက်တောက်ပပါစေဟု ဆုတောင်းရင်း ၀ါသနာအတိုင်းရေးသားသော ဤ
စာလေးကို နိဂုံးသတ်လိုက်ပါတော့သည်။

                        သြဘာခင်

meechit

Sort:  

သိပ်သိပ်မှန် ပ bro
စာရေးကောင်းသားပဲ ဆက်မရေး ဘူးလား
@aggamun

Coin Marketplace

STEEM 0.20
TRX 0.14
JST 0.030
BTC 67808.66
ETH 3248.00
USDT 1.00
SBD 2.67