ကျောင်းဆရာက ပေးတဲ့ သင်ခန်းစာ
ကျောင်းဆရာက ပေးတဲ့ သင်ခန်းစာ။
တစ်ခါတုန်းက လမ်းတစ်လမ်းမှာ အိမ်နီးချင်း နှစ်ယောက်ရှိပါတယ်။ တစ်ယောက်က စီးပွားရေးသမားဖြစ်ပြီး တစ်ယောက်ကတော့ အငြိမ်းစားယူထားပြီးဖြစ်တဲ့ ကျောင်းဆရာတစ်ဦးပါ။
သူတို့နှစ်ဦးစလုံးဟာ ပန်းကလေးတွေ စိုက်ပျိုးရတာကို မြတ်နိုးကြပါတယ်။ ဒါကြောင့် သူတို့ပိုင်တဲ့ ဥယျာဉ်မှာ ပန်းကလေးတွေစိုက်ပျိုးဖို့ ဆုံးဖြတ်လိုက်ကြပါတယ်။(သူတို့စိုက်ပျိုးကြမယ့် ပန်းကလေးတွေက တူညီကြပါတယ်)
သူတို့နှစ်ဦး ပန်းကလေးတွေကို စတင်စိုက်ပျိုးတဲ့ အခါမှာ ကျောင်းဆရာဟာ သူရဲ့ပန်းကလေးတွေကို သေသေချာချာဂရုစိုက်ပါတယ်။ ဒါပေမဲ့ အရမ်းကြီးတော့မဟုတ်ပါဘူး။ လိုအပ်သလောက်ပဲ ဂရုစိုက်ပါတယ်။
အခြားတဖက်က စီးပွားရေးသမားကတော့ သူ့ရဲ့ပန်းကလေးတွေကို အသေးစိတ် အလွန့်အလွန်ကို ဂရုစိုက်ပြီး အပင် ကြီးထွားဖို့ လိုအပ်တဲ့အစာအဟာရက အစ ဂရုစိုက်ပြီးကျွေးပါတယ်။
တနေ့ ညမှာတော့ လေကြီးမိုကြီးချပါတော့တယ်။ ဒါကြောင့် နောက်တစ်နေ့ မနက်မှာ သူတို့်နှစ်ယောက်လုံးဟာ သူတို့ဥယျာဉ်ရဲ့ အခြေအနေကို အိမ်ပြင်ထွက်ပြီးကြည့်ကြပါတယ်။
စီးပွားရေးသမားက
သူ့ရဲ့အပင်တွေဟာ အသေအချာဂရုစိုက်ပြီး စိုက်ပျိုးထားပေမယ့် တော်တော်လေး ပျက်ဆီးနေတာကိုတွေ့လိုက်ရပါတယ်။
ဒါပေမယ့် လိုအပ်သလောက်သာ ဂရုစိုက်ပြီး စိုက်ပျိုးခဲ့တဲ့ ကျောင်းဆရာရဲ့ အပင်တွေကတော့ ပျက်ဆီးမှုအနည်းငယ်သာ ရှိပါတယ်။ ဒါနဲ့ စီးပွားရေးသမားဟာ ပညာဉာဏ်အမျော်အမြင်ရှိတဲ့ ကျောင်းဆရာကို ခုလိုမေးလိုက်ပါတယ်။
"သေသေချာချာဂရုစိုက်ပြီး စိုက်ပျိုးထားတဲ့ ကျွန်တော့် ပန်းတွေကျတော့ အကုန်ပျက်ဆီးသွားပြီး ကျွန်တော့လောက် ဂရုမစိုက်ထားတဲ့ ဆရာ့အပင်တွေက ကျတော့ ဘာကြောင့် ပျက်ဆီးမှုအနည်းငယ်ပဲရှိရတာလဲ" လို့မေးလိုက်ပါတယ်။
ဒီအချိန်မှာတော့ ကျောင်းဆရာဟာ ပြုံးပြီး ခုလိုပြန်ဖြေပါတယ်။
"ဘာကြောင့်လဲဆိုတော့ မင်းက အပင်တွေကို လိုအပ်တာထက်ပိုပြီး ဂရုစိုက်တယ်။ သူတို့ကိုယ်တိုင်ရှာသင့်တဲ့ အစာအဟာရက အစပေါ့လေ။
ဒါကြောင့် သူတို့ရှင်သန်ကြီးထွားဖို့ မင်းအပေါ်မှာ လိုအပ်တာထက်ပိုပြီး အားကိုးလာကြတယ်။နောက်ဆုံး သူ့တို့ရှင်သန်ကြီးထွားဖို့ မင်းရှိမှ ဖြစ်တဲ့အဆင့်ထိ ရောက်လာကြတယ်။
သူ့အားသူ မကိုးတတ်တော့ဘူး။ ဒါကြောင့် လေပြင်းဒဏ်ကို ခံနိုင်ရည် မရှိဘဲပျက်ဆီးကုန်ကြတာပါ။
ငါကတော့ လိုအပ်သလောက်ပဲ ဂရုစိုက်ပြီး သူတို့အစာကို သူတို့ကိုယ်တိုင် ရှာခွင့်ပြုတယ်။သူတို့ကိုယ်သူတို့ အားကိုးစေတယ်။ ဒါကြောင့် လေပြင်းဒဏ်ကို ခံနိုင်ရည်ရှိတာပါ။"
ကျွန်တော်တို့ ဘဝမှာလည်း ဒီလိုပါပဲ။
ကိုယ့်အားကိုယ်ကိုးဖို့ လိုအပ်ပါတယ်။