bm

in #b6 years ago

ပြောရမယ်ဆိုရင် ဖန်တရာတေနေတာကြီးကို
ပြန်ပြန်ပြောနေရသလိုပဲ။
စိတ်တော့လေတယ်။

မနက်က ကိုယ့်သမီးကြည်စေသော်နဲ့ ပုံလေးတင်မိတယ်။ ဒီကလေးကို ကိုယ်မွေးစားထားတယ်ဆိုတာအတော်များများ သိကြပါတယ်။ ဒါပေမယ့် မသိတဲ့လူတွေလည်း ရှိမှာပဲ။ ဘယ်တုန်းက မွေးလိုက်တာလဲ ဘာညာ မေးကြတယ်။ အစကပြန်မပြောနိုင်လို့ ရှင်းမပြဖြစ်ပေမယ့် စိတ်တော့ မဆိုးမိပါဘူး။ ကလေးအမေဆိုတဲ့ ဝေါဟာရကို ဂုဏ်ငယ်စရာလို့ မမြင်ပါဘူး။
သတိထားမိတစ်ခုက အချို့သောကောမန့်တွေရဲ့ လေသံပါ။

“ဟာ... ကလေးအမေကြီးလား"
"ဟ... ကလေးအမေလားဟ" စသဖြင့် အချို့သောလေသံတွေက အတော်ဆိုးပါတယ်။
ကျွန်မ ကလေးမွေးစားတာ မသိဘူးထားပါ။
သမီးအရင်းပဲထားပါ....
ကလေးအမေဆိုတာ ဘာအထင်သေးစရာပါလို့လဲ။
မိခင်တစ်ယောက်ဟာ ဘာနှိမ်စရာရှိလို့လဲ။
ပြောတဲ့လူတွေကရော ကလေးအမေတွေကပဲ မွေးလာရတာမဟုတ်လို့လားပဲ။

မြန်မာလူမျိုးအတော်များများရဲ့ Mindsetက
အမျိုးသမီးတွေရဲ့ ဂုဏ်သိက္ခာကို
Marital Status နဲ့ တိုင်းတာတာမျိုး။
တစ်ခုလပ်ကြီးဟ။ မုဆိုးမကြီးဟ ဆိုတာမျိုး။
မေးပါရစေ... တစ်ခုလပ်ဆိုတော့ ဘာဖြစ်လို့လဲ
မုဆိုးမဆိုတော့ ဘာဖြစ်လို့လဲ။
ဘယ်အမျိုးသမီးက ငါ့ဘဝမှာ တစ်ခုလပ်ဖြစ်ချင်လိုက်တာ၊ မုဆိုးမဖြစ်ချင်လိုက်တာ ရှိမလဲ။
အိမ်ထောင်တစ်ခု ပျက်စီးသွားတာနဲ့ အမျိုးသားဖြစ်သူကို တစ်ခုလပ်ကောင်လို့ ဘာလို့မနှိမ်ဘဲ
အမျိုးသမီးဖြစ်သူကို တစ်ခုလပ်မလို့ နှိမ်ချင်ကြတာလဲ။
အိမ်ထောင်တစ်ခုပျက်စီးခြင်းဟာ အမျိုးသမီးဆီမှာပဲ လုံးလုံးလျားလျား တာဝန်ရှိတာလား။
တရားမျှတမှု လုံးဝမရှိဘူး ထင်တယ်။

နောက်တစ်ခု မုဆိုးမဆိုတဲ့ ကိစ္စ။
အခုဒေါ်အောင်ဆန်းစုကြည်ရဲ့ပါတီ အာဏာရလာပြီးနောက်ပိုင်း မုဆိုးမအစိုးရဆိုပြီး နှိမ်တဲ့အသံတွေ ကြားရတယ်။ မကောင်းတာ တစ်ခုခုမဖြစ်လိုက်နဲ့ မုဆိုးမအုပ်ချုပ်နေတဲ့ နိုင်ငံကိုး။ မုဆိုးမတွေ ထိပ်ရောက်နေလို့ကိုး
စတဲ့ သေးသိမ်အောက်တန်းကျတဲ့ ဝေဖန်မှုတွေ မြင်ရတယ်။
မေးပါရစေ... မုဆိုးမဆိုတာ လင်သေသွားသူကို ခေါ်တာ။ သူ့လင်သေသွားတာနဲ့ သူက ဘာလို့ အပြစ်ရှိသွားတာလဲ။ အဲ့လင်ကို သူသတ်လိုက်တာမှ မဟုတ်တာ။
သူကရော သေစေချင်မလား။ အကြောင်းကြောင်းကြောင့် ယောက်ျားသေသွားတယ်။ အဲ့ဒါ ဘာဖြစ်လို့လဲ။
သိပ်ရွံစရာကောင်းတဲ့ အတွေးအခေါ်ပဲ။

သေသွားလို့ဖြစ်စေ ကွဲသွားလို့ဖြစ်စေ အကြောင်းအမျိုးမျိုးနဲ့အိမ်ထောင်ပျက်စီးသွားတာနဲ့
ဘာလို့ အမျိုးသမီးတွေကပဲ တာဝန်ရှိနေရတာလဲ။
တံခွန်မရှိတဲ့ ရထား၊ လင်မရှိတဲ့ မယား စသဖြင့်
မဟာပုရိသဝါဒီတွေရဲ့ ဂျင်းတွေဆီမှာပဲ အိပ်မောကျနေတုန်းပဲလား။
(အဲ့လိုပြောလို့ လင်မယူတော့ဘူးလား မမေးနဲ့။
ယူမှာ။ အဆင်သင့်ရှိပြီးသား)

ဆိုလိုချင်တာက အိမ်ထောင်ရေးဆိုတာ မျှဝေခြင်းတစ်မျိုးပါ။
ကောင်းဆိုးလောကဓံနှစ်သွယ်ကို အတူမျှဝေကြတယ်။
အတူရင်ဆိုင်ကြတယ်။ အတူဖြတ်သန်းကြတယ်။
ဘယ်သူကမှ ဘယ်သူ့ကို ပေးဆပ်နေတာ မဟုတ်ဘူး။
ချစ်ခြင်းမေတ္တာကအစ၊ ငွေရေးကြေးရေးအလယ်၊ လိင်ကိစ္စအဆုံး နှစ်ယောက်အတူ မျှဝေတာ။
ပေးဆပ်တာ မဟုတ်ဘူး။
မြန်မာကား သိပ်ဆန်ကြတာပဲ။
ကျွန်မရဲ့ အသွေးအသားကို ပေးဆပ်တာ ဘလာဘလာဒိုင်ယာလော့တွေကြား အချို့မိန်းမတွေက အားနွဲ့သူဂိုက်ဖမ်းကြတုန်းပဲ။
အချို့ယောက်ျားတွေက သူရဲကောင်းဝါဒီဆန်လို့ ကောင်းတုန်းပဲ။

သူတပါးအိမ်ထောင်ရေးကို ဖျက်ဆီး
အထောက်အပံ့ယူ စပွန်ဆာယူ အချောင်နေအချောင်စား အပျိုအမည်ခံတွေထက်
ကိုယ့်အိမ်ထောင်ရေးအရှိအတိုင်း ရပ်တည်နေတဲ့
တစ်ခုလပ်တွေ မုဆိုးမတွေကို ပိုလေးစားတယ်။
ကိုယ့်ကလေးကိုကိုယ် လူတစ်လုံးသူတစ်လုံးဖြစ်အောင် ကျွေးမွေးစောင့်ရှောက်နေတဲ့ ကလေးအမေတွေကို
ပိုလေးစားတယ်။

အားနေရင် ဖွန်စိတ်ငယ်ထိပ်ရောက်ပြီး
မိန်းမတွေရဲ့ တန်ဖိုးကို အကျင့်သိက္ခာနဲ့ မတိုင်းဘဲ
ပျိုတာအိုတာနဲ့ လိုက်တိုင်းနေလို့ကတော့
ပါကင်ယောင်ဆောင် ရေတွင်းပျက်တွေနဲ့ ညားနေဦးမှာ မြင်ယောင်သေး။

မှန်တာပြောလို့ ရွာပြင်ထွက်ရမယ်ဆိုရင်လည်း
ရွာပြင်မှာထောင့်ကွက်လေး အထပ်မြင့်ကြီးဆောက်ပြီး
Penthouse ကြီးနဲ့ကို ဂုဏ်ဆာပစ်လိုက်ဦးမယ်။
အဟင်း....

Coin Marketplace

STEEM 0.20
TRX 0.14
JST 0.030
BTC 67416.66
ETH 3475.48
USDT 1.00
SBD 2.67