Thingyan

in #artzone6 years ago

image
သင်္ကြန်အကြောင်း သိကောင်းစရာ (၁)
===========================

သည်ကနေ့ကား သင်္ကြန်ကျရက်ဖြစ်၏။ သင်္ကြန်ချိန်ရောက်လာပြီဆိုတော့ မသိသေးသူများသိစေရန်၊ သိပြီးသူများ ထပ်မံ ဖတ်ရှုစေနိုင်ရန် ယမန်နှစ်က သင်္ကြန်အကြောင်းကို ပြန်လည်ဆန်းသစ်ကာ တင်လိုက်ရပါကြောင်း -

=====================

(၁) မြေအုတ်တို့ပြိုလေရာ ကျောက်အုတ်များဖြင့် တည်ဆောက်အံ့

နှစ်ဟောင်းကုန်၍ နှစ်သစ်သို့ကူးပြန်ချေပြီ။ အချိန်တို့သည် မရပ်မနား တသွားတည်းသွားလျက်ရှိ၏။ ကျွန်ုပ်တို့လည်း တစ်နေ့ထက် တစ်နေ့အိုမင်းလာချေပြီ။ ကျွန်ုပ်တို့ ခန္ဓာကိုယ်မှ ကလပ်စည်းကလေးများလည်း အမြဲမပြတ် ဖြစ်လိုက်၊ ပျက်လိုက်နှင့် ပြောင်းလဲလျက်ရှိရှာ ဆံပင်များလည်း ဖြူသထက်ဖြူလာ၏။ အရေများလည်း ရှုံ့တွတွဲလျဲကျလာနေ၏။ သို့သော် ကျွန်ုပ်တို့ကား မိမိထံ ဇရာရောက်လာခြင်းကို လက်မခံနိုင်။ ဖြူလာနေသော ဆံပင်ကို ဆေးဆိုးပြီး ဖုံးကွယ်၍လည်းကောင်း၊ တွဲကျလာနေသော အရေပြားများကို နည်းမျိုးစုံသုံးလျက် တင်းရင်းလာအောင်လုပ်ခြင်းဖြင့်လည်းအောင်း အတင်းအဓမ္မ ပြုပြင်ကြကုန်၏။

အမှည့်တ၀င်းဝင်း၊ အကင်းတပြိုက်ပြိုက်ဆိုသလို လက်ရှိလူကြီးများမှာ သင်္ချိုင်းသို့ ခြေလှမ်းတပြင်ပြင် ဖြစ်နေကြပြီ။ နောင်မျိုးဆက်သစ်များသည် လက်ရှိလူကြီးတို့၏ တာဝန်များကို လက်ဆင့်ကမ်း ပုခုံပြောင်းယူနိုင်အောင် အဆင်သင့် ပြင်ဆင် ထားဘို့လို၏။ မြေအုတ်တို့ပြိုလေရာ ကျောက်အုတ်များဖြင့် တည်ဆောက်အံ့ ဟူသောစကားအရ အသင်တို့သည် ထိုလူကြီးများထက် ပိုမိုတော်တည့်ထက်မြက်သူများဖြစ်အောင် ကြိုးစားကြကုန်ရာ၏။

ကြိုးစားကြပါဟုလည်း အထူးတလည် တိုက်တွန်းလိုက်ပါသည်။

(၂) ဘယ်အချိန်မှာ ဟက်ပီး နယူးယီးယား ကြမလဲ

သင်္ကြန်ကျပြန်တော့ ကျွန်ုပ်မှာ မနေနိုင်မထိုင်နိုင် သင်္ကြန်အကြောင်း ရေးမိပြန်လေ၏။ ယခင်အခါများကလည်း အကြိမ် တော်တော်များများ ရေးခဲ့ဖူးပြီ။ သို့သော် မဖတ်ရသေးသော၊ မသိသေးသော၊ ယခင်က ဖတ်ဖူးသော်လည်း မေ့သလိုလို ဖြစ်နေသောသူများအတွက် ရေးလိုက်ရပြန်ကြောင်း။

သင်္ကြန်ဆိုတာ လူတိုင်းသိသည်။ သို့သော် သင်္ကြန်ဆိုတာဘာလဲ ဆိုတာတော့ ခပ်ဝါးဝါး၊ သို့မဟုတ် မသိကြသူများ၏။ ဤသင်္ကြန်သည် မြန်မာယဉ်ကျေးမှုအတွက် အလွန်အရေးကြီး၏။ သင်္ကြန်ဆိုတာဘာလဲ၊ ဘာ့ကြောင့် အရေးကြီးရသလဲ ဆိုတာ နည်းနည်းလောက် ပြောပါအံ့။ အသေးစိတ်သိလိုသူများ ကျွန်ုပ်ရေးထားသည့် မြန်မာပြက္ခဒိန်စာအုပ် ၀ယ်ဖတ်ပါ။ သင်္ကြန်အကြောင်း အပြည့်အစုံကို စာကြောင်းအနည်းငယ်မျှဖြင့် ရှင်းပြဘို့ရာမဖြစ်နိုင်။

ခေတ်ကာလသားသမီးများသည် ဒီဇင်ဘာလ ၃၁ ရက်ညတွင် နှစ်သစ်ကို ကြိုသောအားဖြင့် Happy New Year လုပ်ကြ၏။ တစ်ဦးနှင့်တစ်ဦး မက်ဆေ့များ ပို့ကြ၏။ ဤသည်မှာ ခရစ်နှစ် ၂၀၁၅ မှ ၂၀၁၆ သို့ စသဖြင့် နှစ်ကူးခြင်း အထိမ်းအမှတ်ဖြင့် ပြုလုပ်ကြခြင်းဖြစ်၏။ သို့ဆိုလျှင် ဘယ်အချိန်မှာ နှစ်ကူးသနည်း။ ဒီဇင်ဘာ ၃၁ ရက် ည သန်းခေါင် ၀၀း၀၀ နာရီတွင် နှစ်ကူးသည်။ အင်မတန် ရှင်းပါ၏။ ဤသည်မှာ ခရစ်နှစ် နှစ်ကူးခြင်းဖြစ်၏။

သို့ဆိုလေသော် အဆိုပါ ကာလသား၊ ကာလသမီးကလေးများမှာ မြန်မာနှစ်ကူးတွင် မည်သည့်အချိန်၌ ဟက်ပီး နယူးယီးယား အော်ပါမည်နည်း။ ဖြေကြပါကုန်။

(၃) မြန်မာပြက္ခဒိန်

အများသိကြသည့်အတိုင်း တစ်နှစ် ဟူသည်မှာ ကျွန်ုပ်တို့နေထိုင်ရာ ကမ္ဘာကြီးက ရောင်ခြည်တစ်ထောင် အလင်းဆောင်သော ဘာဏုရာဇာနေမင်းကြီးကို တစ်ပတ်(ကွက်တိ) ပတ်မိသော အချိန်ကို ခေါ်၏။ ဆိုလိုသည်မှာ ကမ္ဘာကြီးသည် သူစထွက်ခဲ့ရာ အမှတ်ကို နောက်တစ်ချိန် ကွက်တိပြန်ရောက်ရန် ကြာသောအချိန် ဖြစ်၏။

ရှုပ်ထွေးလှသည့် အတွက်အချက်များကို ဘေးချိတ်လျှက် အကြမ်းဖျဉ်းပြောရလျှင် တစ်နှစ်၌ (Average Length of Tropical Year) အရ ၃၆၅.၂၄၂၁၇၅၆ ရက်၊ တစ်နည်းအားဖြင့် ၃၆၅ ရက်၊ ၅ နာရီ၊ ၄၈ မိနစ်၊ ၄၃.၉၇ စက္ကန့် ရှိ၏။ သူရိယသိဒ္ဓန္တကျမ်း အလိုအရမူ တစ်နှစ်တွင် ၃၆၅.၂၅၈၇၅၆၅ ရက် တနည်းအားဖြင့် ၃၆၅ ရက်၊ ၆ နာရီ၊ ၁၂ မိနစ်၊ ၃၆.၅၆ စက္ကန့် ရှိသည်။ သို့သော် ဤကိန်းများသည် လက်တွေ့ တွက်ချက်၍ရသော ခေတ်သိပ္ပံကိန်းများနှင့် အနည်းငယ်ကွာဟမှု ရှိ၏။ သို့သော် ပီဘိ မဆိုစလောက်သာ ဖြစ်၏။ ထားပါတော့။

ပြက္ခဒိန်ကို နှစ်မျိုးခွဲကြည့်ရလျှင် အနောက်တိုင်းပြက္ခဒိန်နှင့် အရှေ့တိုင်းပြက္ခဒိန်ဟု နှစ်မျိုးခွဲနိုင်၏။ အနောက်တိုင်းတွင်မူ ဂရေဂေါရီယန်ပြက္ခဒိန် တစ်မျိုးသာရှိပြီး အရှေ့တိုင်းတွင်မတော့ တရုတ်ပြက္ခဒိန်၊ ဟိန္ဒူပြက္ခဒိန်၊ အစ္စလာမ်ပြက္ခဒိန်၊ ဗုဒ္ဓဘာသာ ပြက္ခဒိန် စသည်ဖြင့် အများကြီး ကွဲသွားပါသည်။

အကြမ်းဖျဉ်းအားဖြင့် အနောက်တိုင်း ပြက္ခဒိန်သည် နေသွားခြင်းကို အခြေခံလျှက် အရှေ့တိုင်းပြက္ခဒိန်များက နေနှင့်လသွား သည့်အပေါ် အခြေခံ၏။ တကယ်ဆိုရလျှင် အနောက်တိုင်း ပြက္ခဒိန်ကို ပြက္ခဒိန်ဟုပင် မခေါ်နိုင်ပါ။ သူတို့ဘာသာနှင့် Calendar ဟုသာ ခေါ်ရမည်ဖြစ်၏။

အဘယ်ကြောင့်ဆိုသော် “ပြက္ခဒိန်” ဟူသည် ပါဠိစကား ပက္ခဒိန မှ လာသောကြောင့် ဖြစ်၏။ ပက္ခတွင် နှစ်မျိုးရှိပြီး လဆန်း ပက္ခ နှင့် လဆုတ်ပက္ခ ဟု ဖြစ်၏။ ပက္ခကို ကောင်းကင်မှ လ ၏ ထွန်းလင်းတောက်ပမှုအပေါ် အခြေခံတွက်ချက်ခြင်းကြောင့် နေသွားလမ်းပေါ် အခြေခံသော အနောက်တိုင်း ပြက္ခဒိန်ကို ပြက္ခဒိန်ဟု မခေါ်ထိုက်ကြောင်း ဆိုရခြင်း ဖြစ်ပါ၏။

(ပြက္ခဒိန် = ပက္ခ+ဒိန , ပက္ခ = လဆန်းခြင်းဆုတ်ခြင်းပေါ် အခြေခံတွက်ထားသော။ ဒိန = နေ့ များ)

ခရစ်ပြက္ခဒိန် သည် ဂရေဂေါရီယန် ပြက္ခဒိန် ဖြစ်ပြီး နေပတ်လမ်းကြောင်း တစ်နည်းအားဖြင့် (Average Length of Tropical Year) ကို အခြေခံထားပြီး တွက်ရလည်း လွယ်ပါသည်။ နှစ်ကို ၄ နှင့်စား၊ သို့မဟုတ် ရာပြည့်နှစ်များကို ၄၀၀ နှင့်စား၊ ပြတ်သောနှစ် (အကြွင်း သုညဖြစ်သောနှစ်) များတွင် ဖေဖော်ဝါရီလကို ၂၉ ရက် လုပ်လိုက်။ ကျန်သောလများမှာ ပုံသေဖြစ်၏။ အလွန် ရှင်းပါသည်။ ဥပမာ - ၁၉၉၆ ကို ၄ နှင့်စားလိုက်ရာ ပြတ်သဖြင့် ထိုနှစ်တွင် ဖေဖော်ဝါရီ ၂၉။ ထို့အတူ ၂၀၀၀ ပြည့်နှစ်ကို ၄၀၀ နှင့်စားသော် ပြတ်သဖြင့် ထိုနှစ်သည်လည်း ဖေဖော်ဝါရီ ၂၉။ ကျန်နှစ်များတွင် ဖေဖော်ဝါရီ ၂၈။ ဧ၊ ဇွန်၊ နို၊ စက် - ၃၀ ရက် ဟူသောလင်္ကာကလေးကို အလွတ်ကျက်ထားရုံမျှဖြင့် ခရစ်ပြက္ခဒိန်ကို တွက်တတ်သည်။
ပီဘိ အလွယ်ကလေး။

သို့သော် နေနှင့်လသွားချိန်ကို မူတည်တွက်သည့် အရှေ့တိုင်းပြက္ခဒိန်များမှာ ဤမျှ မလွယ်ကူပါ။ အဘယ်ကြောင့်ဆိုသော် မတူသော လသွားချိန်နှင့် နေသွားချိန်ကို ညှိယူရသောကြောင့် ဖြစ်၏။

ကျွန်တော်တို့သုံးနေသော မြန်မာပြက္ခဒိန်မှာ သူရိယသိဒ္ဓန္တကျမ်း ၏ တွက်ချက်မှုများကို အခြေခံ၏။ အနောက်တိုင်း ပြက္ခဒိန်မှာ နေသွားချိန်ကို မူတည်တွက်သောကြောင့် လဆန်း၊ လဆုတ်ဟု မရှိဘဲ မြန်မာ ပြက္ခဒိန်တွင်သာ လဆန်း၊ လဆုတ်ဟု ရှိခြင်း ဖြစ်၏။

လဆန်းရက်များသည် ကောင်းကင်မှ လမင်းကြီး ကောင်းကင်မှ လုံးဝ ကွယ်ပျောက်နေရာမှ တဖြည်းဖြည်း ပြန်လည် ထွန်းလင်းတောက်ပလာသော ရက်များဖြစ်၏။ ထိုသို့ တဖြည်းဖြည်း ပြန်လည်ထွန်းလင်းလာရာ ၁၅ ရက်ကြာသော အခါ လုံးဝ ပြည့်နေသော လမင်းကြီးကို ကောင်းကင်တွင် အလွန်လှပစွာ တွေ့ရမည် ဖြစ်ပါ၏။ ထိုကဲ့သို့ လမင်းကြီး လုံးဝပြည့်နေသော ရက်ကို လပြည့်နေ့ ဟု ခေါ်၏။

ထိုကဲ့သို့ ပြည့်နေရာမှ ပြန်လည်ဆုတ်ခွာသွားသော နောက်တစ်ရက်ကို လပြည့်ကျော် (လဆုတ်) ၁ ရက် ဟုခေါ်၏။ လဆုတ်ရက်များမှာ ပြည့်နေသော ထိုလမင်းကြီးသည် အလင်းရောင် တဖြည်းဖြည်း ပြန်လည်ဆုတ်သွားသည့် ရက်များဖြစ်၏။ လမင်းကြီးသည် တဖြည်းဖြည်း ပြန်လည်ဆုတ်သွားရာ ၁၄ ရက် သို့မဟုတ် ၁၅ ရက်ကြာသောအခါ ကောင်းကင်မှ လုံးဝ ကွယ်ပျောက်သွား၏။ ထိုကဲ့သို့ ကောင်းကင်မှ လမင်းကြီး လုံးဝကွယ်ပျောက် သွားသောနေ့ကို လကွယ်နေ့ ဟု သတ်မှတ် လိုက်၏။

မြန်မာပြက္ခဒိန်သည် ကျွန်တော်တို့ မြန်မာ ဗုဒ္ဓဘာသာဝင်များအတွက် အရေးကြီး၏။ အဘယ်ကြောင့်ဆိုသော် လဆန်း ၈ ရက်၊ လပြည့်ကျော် ၈ ရက် နေ့များတွင် လည်းကောင်း။ လပြည့် လကွယ် ရက်များတွင် လည်းကောင်း ဥပုသ်သီတင်း ဆောက်တည်ကြခြင်းကြောင့် ဖြစ်၏။ ထိုနေ့များကို ဥပုသ်နေ့ ဟု ခေါ်ပြီး ထိုရက်မတိုင်မီ တစ်နေ့ကိုမူ အဖိတ်နေ့ဟု ခေါ်၏။ တစ်လလျှင် လဆန်း ၈ ရက်၊ လပြည့်၊ လပြည့်ကျော် ၈ ရက်၊ လကွယ် ဟု ဥပုသ်နေ့ ၄ နေ့ ရှိ၏။

လမင်းကြီးသည် ကျွန်တော်တို့ နေထိုင်သော ကမ္ဘာကြီးကို တစ်ပတ်ပတ်မိရန် ၂၉ ရက်ခွဲ ကြာ၏။ မြန်မာတစ်လ ဟူသည်မှာ လမင်းကြီးက ကမ္ဘာကို တစ်ပတ်ပတ်မိရန် ကြာသောအချိန် တစ်နည်းအားဖြင့် လမင်းကြီး ကောင်းကင်မှ ပျောက်သွားပြီး နောက်တစ်ကြိမ် ကောင်းကင်တွင် ပြန်လည်ပေါ်လာရန် ကြာချိန် ၂၉ ရက်ခွဲကို သတ်မှတ်ထားခြင်း ဖြစ်၏။ သို့သော် ၂၉ ရက်ခွဲ ကို တစ်လလုပ်ရန် လက်တွေ့မကျသဖြင့် လများကို ၂၉ ရက် တစ်ခါ၊ ရက် ၃၀ တစ်ခါ တစ်လှည့်စီ သတ်မှတ်ထားလိုက်၏။

ထိုအခါ မြန်မာလများမှာ အောက်ပါအတိုင်း ဖြစ်သွား၏။

သာမန်နှစ်များတွင် မြန်မာနှစ် တစ်နှစ်၌ -

တန်ခူး ရက်မစုံ ၂၉
ကဆုန် ရက်စုံ ၃၀
နယုန် ရက်မစုံ ၂၉
ဝါဆို ရက်စုံ ၃၀
ဝါခေါင် ရက်မစုံ ၂၉
တော်သလင်း ရက်စုံ ၃၀
သီတင်းကျွတ် ရက်မစုံ ၂၉
တန်ဆောင်မုန်း ရက်စုံ ၃၀
နတ်တော် ရက်မစုံ ၂၉
ပြာသို ရက်စုံ ၃၀
တပို့တွဲ ရက်မစုံ ၂၉
တပေါင်း ရက်စုံ ၃၀

ရက်မစုံ ဟူသည် လဆန်းရက်များမှာ ၁၅ ရက် ရှိသော်လည်း လဆုတ်ရက်များမှာ ၁၄ ရက်သာ ရှိသောကြောင့် ဖြစ်၏။

ရက်စုံ ဟူသည် လဆန်းရက်များတွင် ၁၅ ရက် ရှိပြီး လဆုတ်ရက်များတွင်လည်း ၁၅ ရက် အပြည့် ရှိသောကြောင့် ဖြစ်၏။

သို့ဆိုလျှင် မြန်မာပြက္ခဒိန်အရ သာမန်နှစ် တစ်နှစ်၌ -

မစုံ ၆ လ = ၂၉ x ၆ = ၁၇၄ ရက်
စုံ ၆ လ = ၃၀ x ၆ = ၁၈၀ ရက်
ပေါင်း တစ်နှစ် = ၁၇၄ + ၁၈၀ = ၃၅၄ ရက် သာ ရှိပါသည်။

သို့အတွက် ကမ္ဘာကြီးက နေကို တစ်ပတ်ပတ်ရန် ကြာချိန်(တစ်နှစ်) ၃၆၅ ရက်နှင့် ယှဉ်လိုက်သော် မြန်မာပြက္ခဒိန် တစ်နှစ်လျှင် ၃၆၅ - ၃၅၄ = ၁၁ ရက် တိတိ လျော့နေလေ၏။ ထို့မျှမကသေး တစ်နှစ်အတိအကျ မှာ ၃၆၅ ရက်နှင့် ၆ နာရီ ဖြစ်လေရာ လေးနှစ်ကြာတိုင်း မြန်မာနှစ်မှာ နေသွားနှစ်ထက် ၄၅ ရက် (၁၁ x ၄ = ၄၄ + ၁ = ၄၅ ) လျော့နေသည်ကို တွေ့ရပါလိမ့်မည်။

ဤကဲ့သို့ ကွာခြားနေသည့်ရက်များကို ပြန်လည် ဖြည့်တင်းပေးရန် ခန့်မှန်းခြေ ၃ နှစ်လျှင် တစ်ကြိမ်ကျ တစ်လ ထပ်ဆောင်း ပေးရ၏။ ထပ်ဆောင်းပေးသောလကို ၀ါတွင်းသုံးလ၏ အစဦးလဖြစ်သည့် ၀ါဆိုလတွင် ကပ်လျက် ထည့်ပေးလိုက်ကာ ပထမ၀ါဆို၊ ဒုတိယ၀ါဆို ဟု သတ်မှတ်ပေးလိုက်၏။ ဤကဲ့သို့ တစ်လဆောင်းပေးသော နှစ်များကို ၀ါထပ်နှစ်ဟု ခေါ်၏။ သို့အတွက် ၀ါထပ်နှစ်များအတွက် မြန်မာ ပြက္ခဒိန်တွင် ၁၂ လမဟုတ်တော့ပဲ ၁၃ လ ဖြစ်သွားသည်။ သို့အတွက် ၀ါထပ်နှစ် (၀ါငယ်ထပ်) များတွင် မြန်မာတစ်နှစ်၌ -

တန်ခူး ရက်မစုံ ၂၉
ကဆုန် ရက်စုံ ၃၀
နယုန် ရက်မစုံ ၂၉
ပထမ ၀ါဆို ရက်စုံ ၃၀
ဒုတိယ ၀ါဆို ရက်စုံ ၃၀
ဝါခေါင် ရက်မစုံ ၂၉
တော်သလင်း ရက်စုံ ၃၀
သီတင်းကျွတ် ရက်မစုံ ၂၉
တန်ဆောင်မုန်း ရက်စုံ ၃၀
နတ်တော်ရက်မစုံ ၂၉
ပြာသို ရက်စုံ ၃၀
တပို့တွဲ ရက်မစုံ ၂၉
တပေါင်း ရက်စုံ ၃၀

သို့ဆိုလျှင် မြန်မာပြက္ခဒိန် ၀ါထပ်နှစ် (၀ါငယ်ထပ်) တစ်နှစ်၌ -

မစုံ ၆ လ = ၂၉ x ၆ = ၁၇၄ ရက်
စုံ ၇ လ = ၃၀ x ၇ = ၂၁၀ ရက်
ပေါင်း တစ်နှစ် = ၁၇၄ + ၂၁၀ = ၃၈၄ ရက် ရှိ၏။

အပိုင်း (၂) ဆက်ရန်

Sort:  

World of Photography
>Visit the website<

You have earned 5.05 XP for sharing your photo!

Daily Stats
Daily photos: 1/2
Daily comments: 0/5
Multiplier: 1.01
Server time: 17:26:29
Account Level: 0
Total XP: 5.05/100.00
Total Photos: 1
Total comments: 0
Total contest wins: 0
When you reach level 1 you will start receiving up to two daily upvotes

Follow: @photocontests
Join the Discord channel: click!
Play and win SBD: @fairlotto
Daily Steem Statistics: @dailysteemreport
Learn how to program Steem-Python applications: @steempytutorials
Developed and sponsored by: @juliank

Hello! I find your post valuable for the wafrica community! Thanks for the great post! @wafrica is now following you! ALWAYs follow @wafrica and use the wafrica tag!

Hello! I find your post valuable for the art community! Thanks for the great post! ARTzone is now following you! ALWAYs follow @artzone and the artzone tag, and support our artists!

Your Post Has Been Featured on @Resteemable!
Feature any Steemit post using resteemit.com!
How It Works:
1. Take Any Steemit URL
2. Erase https://
3. Type re
Get Featured Instantly & Featured Posts are voted every 2.4hrs
Join the Curation Team Here | Vote Resteemable for Witness

Coin Marketplace

STEEM 0.17
TRX 0.15
JST 0.028
BTC 56709.98
ETH 2329.72
USDT 1.00
SBD 2.37