"ရတနာခုနစ်ပါးရယ်နဲ့ မော်တော်ကားလည်း စီးတယ်"

in #artzone6 years ago

image
(၁)

လဆန်း လေးရက်၊ ဒါမှမဟုတ် ငါးရက် (တစ်ရက်ရက်) မှာ “မောင်မှတ်ရဲ့ လက်ကြီး ရောက်ရောက် လာတတ်တယ်။ လဆန်း လေးရက်က ပိတ်ရက် ဖြစ်နေရင် လဆန်း ငါးရက်နေ့ပဲ။ အဲဒီ ရက်တွေထဲက တစ်ရက်ရက်ဟာ မောင်မှတ်ရဲ့ အလွန် အရေးကြီးတဲ့ရက် ဖြစ်နေတတ်တယ်။ ချေးငွေကြီးရက် လို့လည်း ခေါ်တယ်။

တကယ်က ချေးငွေ စပေးတတ်တာ မွန်းလွဲ နှစ်နာရီလောက် မှာပါ။ ဒါပေမယ့် မောင်မှတ်က အဲဒီနေ့ ဆိုရင် နေ့ခင်းကြီး ၁၂ နာရီလောက် ကတည်းက စက်ရုံဝကို ရောက်နေတတ်တယ်။

ပြီးတော့ အဲဒီရက်က တစ်လတစ်ခါ မောင်မှတ် ရှိုးထုတ်တဲ့ ရက်လည်း ဖြစ်တယ်။ သူ့ရုပ်နဲ့ ဘယ်လိုကိုမှ မလိုက်တဲ့ ဖောရင်းရှပ် အကျႌဖားဖားကြီး ဝတ်တဲ့နေ့၊ ပယင်းညိုရောင် နေကာ မျက်မှန်ကြီးကို တပ်လာတဲ့နေ့၊ တခြားနေ့တွေမှာ ဘယ်တော့မှ စီးလေ့မရှိတဲ့ မန္တလေးဖိနပ် အသစ်စက်စက်ကို ပဲ့ရွဲ့လိမ်ကောက်နေတဲ့ ကျွဲပခုံးထ ခြေထောက်ကြီးမှာ မဆုံရင်ကာ စွပ်လာတဲ့နေ့ဟာ အဲဒီနေ့ပဲ။

(၂)

သည်စက်ရုံရဲ့ ငွေစုငွေချေး အသင်းက အဲဒီနေ့တွေမှာ ချေးငွေကြီး ထုတ်ပေးတတ်တယ်။ ဒါကြောင့် ဒီရက်တွေကို ချေးငွေကြီးရက်လို့ အလွယ် ခေါ်ကြတာ။

ပုံမှန်က အလုပ်သမား လေးငါးရှစ်ရာ လောက်မှာ တစ်လ တစ်လကို လူလေးဆယ် ဝန်းကျင်လောက် ချေးတတ်ကြတယ်။ တစ်ချို့ကလည်း တစ်သောင်းကျော်၊ တစ်ချို့ကလည်း ရှစ်ထောင် ကိုးထောင်၊ တစ်ချို့ကလည်း လေးငါးခြောက်ထောင်၊ တစ်ချို့ ကျတော့လည်း တိုင်းတိုင်းဆဆ ရာဂဏန်းလောက်။

စည်းကမ်းက ကိုယ့်စုဆောင်းငွေရဲ့ သုံးဆကို ချေးတယ် ဆိုပါတော့ ...၊ အလုပ်သမား တစ်ယောက်က တစ်လကို ၅၀ စုတယ် ဆိုရင် တစ်နှစ်ကို သူပိုင် ပိုင်ငွေကချည်း ၆၀၀ ဖြစ်နေရော။

ချေးငွေပုံစံ တစ်ရွက်ဝယ်ပြီး ချေးငွေ တင်တော့မယ် ဆိုရင် အဲဒီ ခြောက်ရာရဲ့ သုံးဆဖြစ်တဲ့ ၁၈၀၀ ချေးပိုင်ခွင့် ရှိတယ်။ အဲဒီ ၁၈၀၀ ကို ပြန်ဆပ်တော့ လနှစ်ဆယ် ဆပ်ချင်လည်း ဆပ်၊ ဆယ်လ ဆပ်ချင်လည်း ဆပ်၊ ဆယ့်ငါးလ ဆပ်ချင်လည်း ဆပ်၊ ဒါမှမဟုတ် တစ်နှစ်တည်းနဲ့ ဆပ်ချင်လည်း ဆပ်၊ ကိုယ့်သဘောပဲ။

ဒါကြောင့် ကိုယ့်လခနဲ့ ချိန်ပြီး ချေးကြတယ်၊ ဆပ်ကြတယ်။ (လနှစ်ဆယ် ထက်တော့ ပိုပြီး မဆပ်ကြဘူး။) ကိုယ်ရမယ့် လခနဲ့ ကိုယ်စုမယ့် ငွေနဲ့၊ လစာစာရင်းက ချေးငွေအတွက် ဖြတ်တောက်မှာနဲ့ကို တိုင်းထွာပြီး ချေးကြတာပါပဲ။

ဘာပဲဖြစ်ဖြစ် လစာထဲက ဖြတ်ပြီ ဆိုမှတော့ လကုန်ရင် လစာထဲက တော်တော်များများ လျော့သွားတတ်တာ အမှန်ပဲ။ ချေးငွေစထုတ်တဲ့ လကတော့ ဘာအကြောင်းလဲ၊ အူကိုစိုလို့၊ လက်ဖျားမှာ ငွေတွေသီးလို့။ ဖဲရိုက် ဝါသနာ ပါတဲ့သူ ကလည်း ဖဲဝိုင်းမှာ အစိမ်းတွေ အပြာတွေနဲ့၊ အရက်ကလေး မှီဝဲတတ်သူ ကလည်း အရက်ဝိုင်းမှာ အစိမ်းတွေ အပြာတွေနဲ့၊ တချို့ကလည်း (မရိုသေ့ စကား) ဟိုအိမ် ဒီအိမ်မှာ အစိမ်းတွေ အပြာတွေနဲ့။

အိမ်က ဇနီးမယားတွေ ကလည်း အဲဒီလတော့ ဈေးကလေး ပြေးလို့၊ လပေါင်းများစွာ ဟောင်းလောင်း ဖြစ်နေတဲ့ နားပေါက်မှာ နားကပ်ကလေး ပြန်ရောက်လို့၊ သား သမီးတွေ ကလည်း ပုဆိုးလေး အကျႌလေး ဝယ်ကြလို့။

နောက်လတွေ ... နောက်လတွေ ကျတော့ ဒီလို မဟုတ်တော့ဘူး။ ချေးထားတဲ့ ပိုက်ဆံလေးကလည်း ကုန်ပြီ။ လစာကလည်း အပြည့် မရတော့ဘူး။ တချို့များ နှင့်နင့်သီးသီး ညည်းကြတယ်။

“ချေးငွေကလည်း ချေးပါတယ်၊ ချေးတဲ့လ ပါပဲကွာ၊ နောက်လများတော့ ဒုံရင်းပါပဲ၊ သူဌေးတစ်လ ခွေး ဆယ့်ကိုးလ ဆိုတာ တို့မှ အစစ်တဲ့။

ချေးငွေထုတ်တဲ့ အလုပ်သမားတိုင်း တော့လည်း ဖဲရိုက် ပစ်တာ အရက်သောက် ပစ်တာ မဟုတ်ပါဘူး၊ တချို့လည်း အိမ်ဆိုင်လေး ဖွင့်ချင်လို့၊ တချို့ ကျတော့လည်း အိမ်ကလေး ပြင်ချင်လို့ စသည် စသည်ဖြင့် လိမ်လိမ်မာမာ ချေးကြတဲ့ အလုပ်သမားတွေလည်း ရှိတာပါပဲ။

ဘယ်လိုပဲ ချေးချေးလေ ... ၊ လိမ္မာလို့ ချေးချေး၊ မလိမ္မာလို့ ချေးချေး လကုန်ရင် လခ မပါတာတော့ အမှန်ပဲ။ ချေးငွေ ဆပ်နေရတဲ့ လတွေမှာ အသက်ရှူ အောင့်နေတတ်တာ အမှန်ပဲ။ ပန်းနာရင်ကျပ် ဖြစ်နေတာ အမှန်ပဲ။

အဲဒီ ပန်းနာရင်ကျပ်ကို မောင်မှတ်က ကုတယ်။ မောင်မှတ်ရဲ့ အခန်းကဏ္ဍဟာ ဒီမှာတင် စတော့တာပဲ။ မောင်မှတ်ကို တွေ့ချင်သူများက လိုက်ရှာ ရတော့တာပဲ။

မောင်မှတ်ကတော့ ခပ်တင်းတင်း ပါပဲ။ ယူပါငင်ပါ တစာစာလည်း ဘယ်တုန်းကမှ မလုပ်ဘူး။ များများ ထုတ်ချေးထားရင် ငါ များများ ဖြတ်မှာပဲ ရယ်လို့လည်း ပျာယာခတ် မနေဘူး။ မှန်မှန်ပဲ။ အလုပ်သမားတွေကို စာနာတဲ့ပုံ၊ ညှာတာ ထောက်ထားတဲ့ပုံ၊ သနားကြင်နာတဲ့ ပုံတောင် ဖမ်းထား လိုက်သေးတယ်။

ငွေချေး မတတ်လို့၊ ငွေကို မိတ်ဆွေလို သဘောမထားလို့၊ ငွေကို ရေလို ဖြုန်းတတ်လို့ ဒုက္ခရောက်တဲ့ ပုံတိုပတ်စ (ခေတ်သစ်၊ ခေတ်ဟောင်း) တွေတောင် ပြောတတ်သေးတယ်။

သူ့ဘက်က ရင်းထားရတာက ချေးမယ့်ငွေနဲ့ ငွေချေးပုံစံ လေးငါးဆယ်ရွက်ပဲ။ တစ်ထောင် ယူမလား၊ နှစ်ထောင် ယူမလား၊ ယူသာသွား။ တစ်ရာကို နှစ်ဆယ်တိုး။ ကျေနပ်ရင် ယူ၊ မကျေနပ်ရင် ထားခဲ့ ဒါပဲ။ ကျေနပ်လို့ ယူသွားရင် ငွေချေးပုံစံ ပေါ်မှာ လက်မှတ်သာ ထိုးခဲ့။

သာမန်လစာသာ ရတဲ့ အလုပ်သမားလေး တစ်ယောက်ကို ငွေဘယ်လောက် ချေးရမယ်ဆိုတာ သူ သိတယ်။ လစာ နည်းနည်းများတဲ့ အလုပ်သမား ကျတော့ (သူ့ဆီကလည်း များများ လာချေးတယ် ဆိုရင်) နှစ်ရက်လောက် ခွာချိန်းလိုက်တယ်။ ရုံးမှာ ဒီအလုပ်သမားရဲ့ အခြေအနေကို သွားစုံစမ်းဖို့ ရက်ခွာချိန်းတာ။ ဒီလူဟာ အလုပ်မှန်မှန် ဆင်းရဲ့လား ပြုတ်ခါနီး တဲတဲလား၊ “ဝမ်နှင်” လို့ ခေါ်တဲ့ သတိပေးခြင်း ခံရတာတွေ များနေတဲ့လူလား၊ “အေ” လို့ခေါ်တဲ့ ပျက်ရက် ဆယ်ရက်ကျော်တဲ့ လူလားဆိုတာ အရင် စုံစမ်းတယ်။

သေချာပြီဆိုရင် ချေးတယ်။ မသေချာရင် မချေးတော့ဘူး။ သနားစရာ ကောင်းအောင် လုပ်ထားတဲ့ မျက်နှာလေးနဲ့ ငွေမရှိတော့လို့ ပါဗျာ၊ လက်လွန် ကုန်လို့ပါ ဘာညာနဲ့ ပြောလွှတ် လိုက်တာပဲ။ ချေးပြီးရင်လည်း လစဉ် လစဉ် အတိုးကို သွားသွား သိမ်းနေတာ မဟုတ်ပါဘူး။ လာပေးရင် ယူတယ်။ လာမပေးရင် မယူဘူး။

ချေးမိတဲ့လူ ကလည်း အရှည်ကို မကြည့်ဘူး။ လောလောဆယ် မပေးရတာကိုဘဲ ကျေးဇူးတင် နေတတ်သေးတာ။ နောက်မှနောက် လျောက်လား။

မောင်မှတ်ကတော့ လာပေးတဲ့လ ဆိုရင် စာရင်းလေး “တို့” ထားလိုက်တယ်။ မပေးတဲ့လ ဆိုရင် အရင်းနဲ့ ထည့်ပေါင်းလိုက်တယ်။ အိမ်ကနေပဲ လုပ်နေတာ။ ဒီလိုနဲ့ ဒီလူက လနှစ်ဆယ်လောက် ပြည့်လို့ ငွေစုငွေချေးက ပိုက်ဆံချေးဖို့ တင်တော့မယ် ဆိုရင် မောင်မှတ်ကို ဆပ်ဖို့ အရင်တွက် ရတယ်။

အဲဒီတော့မှ မောင်မှတ်က အရင်းရော၊ အတိုးရော၊ အတိုးပေါ် အတိုးဆင့်တာရော၊ လုံးပေါင်းတွေ ပေါ်မှာ အတိုး ထပ်တွက်တာရော၊ တိုးရင်းပေါင်းရော တွက်ချလိုက်တာ တော်ရုံ အလုပ်သမားဆိုရင် မူးလဲ သွားလောက်တယ်။

အတိုးပေါ် အတိုးတွေက တွက်ချက် ယူထားတာ ဆိုတော့ (ကိုယ်ကလည်း ကျေကျေနပ်နပ် လက်မှတ်ထိုး ပေးပြီးသား ဆိုတော့) မောင်မှတ်ကတောင် တရားသလိုလို ဖြစ်နေတာကိုး။ ဘာကိုမှ ပြောလို့ မရတော့ဘူး။ ချေးငွေလေး တင်ပြီး ထိုးသာ ဆပ်တော့ပဲ။ နောက်လနှစ်ဆယ် စားဖို့ မောင်မှတ်ဆီက ထပ်ချေးရုံပဲ။ မောင်မှတ်ဆီမှာ လက်မှတ်ကလေး ထိုးရုံပဲ။

ပိုက်ဆံ ထုတ်ပေးတဲ့ ချေးငွေကြီးရက်မှာ ငွေစုငွေချေး အမှုဆောင်က ထုတ်ပေးတဲ့ ငွေလေးကို စက္ကန့်ပိုင်းလောက် ကိုင်လိုက်ရုံပဲ။ လျှပ်စီးလို ခဏကလေး မြင်လိုက်ရုံပဲ။ ဘောက်ချာပေါ်က တံဆိပ်ခေါင်းပေါ် လက်မှတ်ကလေး ကတုန်ကရီနဲ့ ထိုးပြီး ပါးစပ်က “လနှစ်ဆယ် ဆပ်မယ်” လို့ ခြောက်ကပ် အက်ကွဲတဲ့ အသံကြီးနဲ့ ပြောလိုက်ရုံပဲ။

ကျန်တဲ့ အပိုင်းကတော့ မောင်မှတ်ရဲ့ လက်ကြီးက ထုံးစံအတိုင်း အုပ်သိမ်းပြီး ယူသွားတာကို ငေးကြည့်နေရုံပဲ။

(၃)

မောင်မှတ်က ချေးငွေပေးမယ့် ရက်ကို သိတယ်။ ဘယ်သူတွေ ချေးငွေ တင်ထားသလဲ ဆိုတာကို သိတယ်။ ဘယ်သူတွေဆီက ဘယ်လောက်ရမယ် ဆိုတာလည်း သိတယ်။ ဘယ်သူတွေက ဘယ်တော့ ချေးတော့မယ် ဆိုတာလည်း သိတယ်။ သူက ဘယ်လောက် ဖြတ်ယူထား လိုက်ရမလဲ ဆိုတာလည်း သိတယ်။

သူက ငွေထုတ်ပေးမယ့် ရုံးရဲ့ ပြတင်းပေါက်ဘေးက တစ်ဆစ်ချိုး ထောင့်ကွယ် ကလေးကို အဲဒီနေ့ ဆယ့်နှစ်နာရီလောက် ကတည်းက ဖောရင်းရှပ်နဲ့၊ နေကာ မျက်မှန်နဲ့ ရောက်နေတတ်တယ်။ နေကာ မျက်မှန်ကြီး တပ်ပြီး ရုပ်ရှင်ထဲက လူဆိုး တစ်ယောက်လို ထောင့်ကွယ်လေးက ချောင်းနေတတ်တယ်။

သူနဲ့ မပတ်သက်တဲ့ လူတွေကတော့ ကိုယ့်ငွေလေး ကိုယ်ထုတ်ပြီး ပြန်ရုံပဲ။ သူ့ကို မြင်ရမှာ မဟုတ်ဘူး။ သူနဲ့ ပတ်သက်တဲ့လူ (သူ ငွေတွေ လုံးခနဲ ဖြတ်ယူရမယ့်လူ) ကျတော့ မလွတ်စေရဘူး။ ချက်ချင်းကြီး မျက်နှာထွက်ပြ လိုက်တာလည်း မဟုတ်ဘူး။ အဲဒီ အလုပ်သမား လက်ထဲ ငွေစက္ကူတွေ ရောက်လာပြီ ဆိုတော့မှ ဖျပ်ခနဲ ထွက်ပြီး သူ့လက်ဝါးကြီးနဲ့ သိမ်းယူလိုက်တာ။

မောင်မှတ် အဲသလောက် သေချာတာတောင် လွတ်သွားတာတွေလည်း ရှိတယ်။ တချို့က လွှဲစာနဲ့ ထုတ်သွားတတ်တယ်။ တချို့က အဲဒီနေ့ မထုတ်ဘူး၊ နောက်နှစ်ရက်လောက် ကြာမှ ထုတ်တတ်ကြတယ်။ (အဲဒါဆိုရင် သူနဲ့ လွဲသွားတတ်တယ်)။

တချို့က လူစိမ်း တစ်ယောက်ကို ခေါ်လာပြီး “မောင်မှတ်ရေ ...မင်းတစ်ဝက် သူတစ်ဝက်ပေါ့ကွာ၊ ငါလည်း ဒီလိုပဲ မျှဆပ်ရတာပဲ။ စိတ်မဆိုးနဲ့” ဆိုပြီး ကပ်လှည့် သွားတာလည်း ရှိတယ်။

ခံရဖန် များလာတော့ မောင်မှတ်က ချေးငွေပုံစံ ပေါ်မှာ လက်မှတ် ထိုးခိုင်းရုံတင် မကတော့ဘူး။ သူ့ကို လွှဲပါတယ် ဆိုတဲ့ စာတစ်စောင် ကိုပါ လက်မှတ်ထိုးခိုင်း တော့တယ်။ ဒီလိုနဲ့ မောင်မှတ်ရဲ့ စာရွက်ပေါ်မှာ အလုပ်သမားတွေ လက်မှတ်ထိုး လာရတော့တယ်။

အဲဒီလို လက်မှတ် ထိုးမိတဲ့ အလုပ်သမား ကလည်း ဒီသံသရာ ထဲမှာပဲ တဝဲလည်လည် လည်နေ ရတော့တယ်။ အလုပ်သမားတွေက လပေါင်းများစွာ ကိုယ့်ဘဝကို ဖဲ့ခြွေတော့မယ် ဆိုတာ သိလျက်နဲ့ မောင်မှတ်ရဲ့ စာရွက်တွေပေါ်မှာ လက်မှတ်ထိုး နေရတော့တယ်။

တချို့ကလည်း ဒီသံသရာက လွတ်ဖို့ ကြိုးစားကြတယ်။ မောင်မှတ်ရဲ့ လက်ဝါးကြီးရဲ့ အန္တရာယ်က နဘယံ ဘေးမရှိ၊ လွတ်မြောက်ရေး လုံးပန်းကြတယ်။ ဒါပေမယ့် ချေးငွေကြီးရက် တွေမှာ မောင်မှတ်က ဖောရင်းရှပ်ကလေး ဝတ်၊ နေကာ မျက်မှန်ကလေး တပ်၊ မန္တလေး ဖိနပ်စီးပြီး ထောင့်ကွယ်ကလေးမှာ ရောက်နေတတ်တာ ပါပဲ။ မောင်မှတ်ရဲ့ လက်ဝါးကြီးက ရောက်လာ နေတတ်တာ ပါပဲ။

(၄)

တစ်ခါတော့ အောင်ငြိမ်းဆိုတဲ့ အလုပ်သမား တစ်ယောက်နဲ့ မောင်မှတ် ပြဿနာ ဖြစ်တယ်။ အဲဒီနေ့က ထုံးစံအတိုင်း ငွေထုတ် ပေးတာက နှစ်နာရီလောက် ပေးတယ်။ မောင်မှတ်ကလည်း စောင့်နေတယ်။ မောင်မှတ်က သူနဲ့ ပတ်သက်တဲ့ လူတော်တော်များ ဆီက ပိုက်ဆံတွေ ဖြတ်ယူ ထားပြီးပြီ။ အောင်ငြိမ်းပဲ ကျန်တော့တယ်။

လေးနာရီ ခွဲခါနီးအထိ အောင်ငြိမ်း မလာတော့ မောင်မှတ် စိတ်လျှော့လိုက်တယ်။ အောင်ငြိမ်း လာတော့မှာ မဟုတ်ဘူးလို့ စိတ်ချလက်ချ ပြန်တော့မယ် လုပ်တော့မှ အောင်ငြိမ်း ရောက်လာတယ်။ ရုံးတောင် လွှတ်ခါနီးနေပြီ။ အမှုဆောင်တွေတောင် စာရင်းချုပ် နေကြပြီ။ လက်ကျန်ငွေ ရေတွက်တဲ့လူက ရေတွက်နေပြီ။

တကယ်တော့ အောင်ငြိမ်းက မောင်မှတ်ကို ရှောင်တာ ထောင့်ကွယ်လေး ဘက်က မောင်မှတ်ကို အောင်ငြိမ်း မမြင်ဘူး။ လူရှင်းပြီဆိုပြီး ငွေကလေး ထုတ်လိုက်တော့မှ မောင်မှတ် ဖြုန်းခနဲဆို ထွက်လာပြီး သူ့လက်ကြီးနဲ့ ငွေစက္ကူတွေ ကောက်ကိုင် လိုက်တယ်။ အောင်ငြိမ်းလည်း လန့်သွားတယ်။ တုန်လည်း တုန်သွားတယ်။

ဒါပေမယ့် တော်သေးတယ်လို့ ဆိုရမယ်။ ပိုက်ဆံ ထုတ်ပေးတဲ့ အမှုဆောင် တစ်ယောက်က မောင်မှတ်လက်ထဲ ရောက်သွားတဲ့ ငွေတွေကို ပြန်တောင်းတယ်။ စည်းကမ်းအရ ကာယကံရှင် အလုပ်သမားရဲ့ လက်ထဲကိုပဲ ငွေပေးရတယ် ဆိုတာကိုလည်း ရှင်းပြတယ်။

ဒီတော့ မောင်မှတ်က “ကျုပ် ရစရာ ရှိတာ ကျုပ် ယူတာ” ဆိုတော့ အမှုဆောင်က “ခင်ဗျားတို့ ပေးစရာ ယူစရာ ရှိတာ စက်ရုံ အပြင်မှာ ရှင်းကြပေါ့၊ အခုတော့ ခင်ဗျားနဲ့ ဒီငွေနဲ့ မဆိုင်ဘူး” ဆိုပြီး အောင်ငြိမ်းလက်ထဲ ပြန်ထည့်ပေးတယ်။

မောင်မှတ်ကလည်း စည်းကမ်းဆိုတော့ မပြောသာဘူး။ အောင်ငြိမ်းနဲ့ အတူတူ စက်ရုံ အပြင်ဘက်ကို လိုက်လာတယ်။ တောင်းတယ်။ အောင်ငြိမ်းကလည်း မပေးဘူး၊ ငြင်းတယ်။ မောင်မှတ်ကလည်း လုတယ်။ အောင်ငြိမ်းကလည်း တောင်းပန်တယ်။

ဒါပေမယ့် ပိုက်ဆံထုပ်က မောင်မှတ်လက်ထဲ ရောက်သွားတယ်။ သူ့လက်ထဲ ပိုက်ဆံ ရောက်တော့မှ သူ့စာရင်းကို ရှင်းတယ်။ ချေးတာက ဘယ်လောက်၊ အတိုး မသတ်တာက ဘယ်နှစ်လ၊ တိုးရင်းပေါင်းက ဘယ်လောက်၊ တွက်ချလိုက်တာ အောင်ငြိမ်း ထုတ်လာတဲ့ ငွေ သုံးထောင်ကျော်ဟာ တစ်ရာကျော်ကလေးပဲ ကျန်တော့တယ်။

ဒါပေမယ့် မောင်မှတ်က အားပေးတယ်။ မင်းကို စာနာပါတယ်တဲ့၊ ပြန်ယူပေါ့တဲ့။ လက်မှတ် ပြန်ထိုးပေါ့တဲ့။ လွှဲစာရေးပေါ့တဲ့။

အောင်ငြိမ်း မျက်နှာက သွေးမရှိတော့ဘူး။ နားထင်နားရင်းတွေ ကိုက်လာသလို ခေါင်းကိုပဲ လက်သည်းတွေနဲ့ ကုတ်ခြစ်နေတယ်။ သူ့ကို မျှော်နေမယ့် မိန်းမနဲ့ ကလေးတွေကိုပဲ မြင်နေတယ်နဲ့ တူပါရဲ့။ ရွာဘက် သွားတဲ့လမ်းကိုလည်း လှမ်းလှမ်းကြည့်တယ်။

“တစ်ဝက်လောက်ပဲ ယူထားပါလားဗျာ၊ကျုပ် ... ကျုပ်”
“မဖြစ်လို့ပါ အောင်ငြိမ်းရာ၊ ငါက စာရင်းဇယားသမား၊ မင်း သိပါတယ်၊ မင်းကိုငါ မပေးဘူး ပြောတာ မှတ်လို့၊ မနက် အိမ်ကို လာခဲ့ကွာ”

အောင်ငြိမ်းက အကြိမ်ကြိမ် တောင်းပန်တယ်။ မောင်မှတ်ကလည်း လုံးဝမပေးဘူး။ အောင်ငြိမ်း စက်ရုံဝမှာ ကျန်ရစ်ခဲ့တယ်။ ကျန်တဲ့ ပိုက်ဆံလေးနဲ့ အရက်သောက်မယ် လို့လည်း ပိုင်းဖြတ်လိုက်တယ်။

အဲဒီမှာတင် ချေးငွေကြီးနေ့တွေကို သိတဲ့ “စက်ဘီးထီ” သမား တွေရဲ့ သီချင်းသံကို အောင်ငြိမ်း ကြားတယ်။ စက်ဘီးထီသမားတွေက လခထုတ်ရက်တို့၊ ချေးငွေကြီးနေ့တို့ ဆိုရင် စက်ရုံဝမှာ လာလာ ရောင်းတတ်တာကိုး။ စက်ဘီးထီက ဖွင့်တဲ့သီချင်း ဆိုတာလည်း သိတဲ့ အတိုင်းပဲ ပိုက်ဆံနဲ့ ပတ်သက်တဲ့ သီချင်း၊ ငွေနဲ့ ပတ်သက်တဲ့ သီချင်းပဲပေါ့။

အရက်မသောက်ခင် ထီကလေး တစ်စောင်လောက် ထိုးဖို့ သူ စိတ်ကူးလိုက်တယ်။ ထိုးလည်း ထိုးတယ်။ ဘာရယ် မဟုတ်ပါဘူး။ နီးစပ်ရာ တစ်စောင် ဆွဲချပြီး အတိတ်ရေးတယ်။

“မောင်မှတ်လက်က လွပ်မြောက်ရံ” တဲ့။

ပြီးတော့ ပိုက်ဆံငါးကျပ် ပေးပြီး ထီလက်မှတ်ကလေး ယူရုံ ရှိသေးတယ်၊ မောင်မှတ်က အနားရောက် လာတယ်။ အောင်ငြိမ်း ထီထိုးနေတာ တွေ့တော့ ...

“ဟ ... အောင်ငြိမ်းကြီး၊ မပြန်သေးဘူးလား၊ ထီတွေ ဘာတွေ ထိုးလို့ မှန်း ...ဘာအတိတ်လဲ”

အောင်ငြိမ်းကလည်း မခံချင်စိတ်ကလေးက ရှိနေတော့ သူ့ထီ လက်မှတ်ကို ထုတ်ပြလိုက်တယ်။

“မောင်မှတ်လက်က လွတ်မြောက်ရန်” ဆိုတာကို တွေ့တော့ မောင်မှတ် မျက်နှာကြီး အိုသွားတယ်။ ဘာမှတော့ မပြောဘူး။ သူလည်း ထီတစ်စောင် ဆွဲချတယ်။ ပြီးတော့ အတိတ်ကို သူကိုယ်တိုင် မရေးဘူး။ ထီကောင်လေးကို ရေးခိုင်းတယ်။

“ကိုင်း ... ရေးစမ်း ကောင်လေး၊ အခုန မင်းစက်ဘီးက ဖွင့်တဲ့ သီချင်းကွာ၊ အဲ ...'ရတနာခုနစ်ပါးရယ်နဲ့ မော်တော်ကားလည်း စီးတယ်' လို့”

မောင်မှတ်သာ ပြန်သွားတယ်။ အောင်ငြိမ်း မပြန်နိုင်သေးဘူး။ မောင်မှတ်က သူ့ကို ပြန်ရွဲ့သွားတာ သူ သိတယ်။ ဒါပေမယ့် သူ ဘာမှ မတတ်နိုင်ဘူး။ အလုပ်သမားချင်း တူတာတောင် သူက ရတနာ ခုနှစ်ပါး ရှိနေပြီ။ မော်တော်ကားလည်း စီးနေပြီဆိုတာ သူ သိတယ်။

အောင်ငြိမ်းက သူ့ထီလက်မှတ်ကို သူ ပြန်ကြည့်တယ်။ ဘာမှ မမြင်ရတော့ သလောက်ပဲ။ တော်တော် မှောင်သွားပြီ။ ဒါပေမယ့် သူ့အတိတ်ကို သူမှတ်မိပါတယ်။ မောင်မှတ် အရက်ဆိုင်ဘက် သွားတဲ့ ခြေထောက်တွေက ဒရွတ်ဆွဲနေတယ်။ မီးကလေး နီကျင်ကျင် ထွန်းထားတဲ့ အိမ်ဆိုင်ကလေးတွေက သိပ်မဝေးဘူးလေ။

(၅)

နောက်မနက် ကျတော့ မောင်မှတ်က သူ့အိမ်ကလေး ရှေ့က ကွပ်ပျစ်မှာ ထိုင်တယ်။ အလုပ်ကလည်း နားတယ်ဆိုတော့ အေးအေးဆေးဆေးပဲ။ ပြီးတော့ အောင်ငြိမ်းကို မျှော်တာလည်း ပါတယ်။ သူ့ အတွေ့အကြုံ အရ နောက်တစ်နေ့ မနက်မှာ အောင်ငြိမ်းလို လူတွေ လာနေကျကိုး စာရွက်တွေမှာ လက်မှတ် ထိုးနေကျကိုး။

ကနေ့လည်း အောင်ငြိမ်း ရောက်လာမယ်လို့ တွက်တယ်။ ခဏကြာတော့ ကောင်လေးတစ်ယောက် ရောက်လာတယ်။ စာအိတ် တစ်အိတ် ပေးတယ်။ လက်ရေးက အောင်ငြိမ်းလက်ရေး ဆိုတာ သူ သိတယ်။ ဒီတစ်ခါ အတိတ်က “မောင်မှတ်လက်က လွတ်မြောက်ရန်” မဟုတ်တော့ဘူး။ ထုံးစံအတိုင်း သတ်ပုံတွေလည်း မှားလို့။

“မောင်မှပ်လက်ကို ဖျပ်ရံ” တဲ့။

မောင်မှတ်ဆိုတာ ဒေါတွေ ကန်နေလိုက်တာ မပြောပါနဲ့တောဗျာ

Sort:  

World of Photography
>Visit the website<

You have earned 5.20 XP for sharing your photo!

Daily Stats
Daily photos: 2/2
Daily comments: 0/5
Multiplier: 1.04
Server time: 23:28:02
Account Level: 0
Total XP: 40.85/100.00
Total Photos: 8
Total comments: 0
Total contest wins: 0
When you reach level 1 you will start receiving up to two daily upvotes

Follow: @photocontests
Join the Discord channel: click!
Play and win SBD: @fairlotto
Daily Steem Statistics: @dailysteemreport
Learn how to program Steem-Python applications: @steempytutorials
Developed and sponsored by: @juliank

Coin Marketplace

STEEM 0.25
TRX 0.14
JST 0.034
BTC 51606.98
ETH 3025.36
USDT 1.00
SBD 4.22