စုန်း . . . ဖမ်းပွဲ

in #artzone8 years ago

IMG_20180327_220134.jpg

၁။
ရှေးရိုးစွဲအစဉ်လာတွေမပျောက်သေးတဲ့ ကျူ ပ်တို့အင်းစုရွာလေးမှာ စုန်းပြူ စားတယ်ဆိုတာဟာ သိပ်ပြီးမဆန်းတော့တဲ့ အရာတစ်ခုပါ။နှာစေး ၊ ခေါင်းကိုက်တာကအစ ဗိုက်အောင့် လေဖြန်းတာအဆုံး ဘယ်သူဘာဖြစ်ဖြစ် ပယောဂဆရာ ဦးကြီးဖိုးဆင်ကို သွားမေးရင်
"ဒါ ..ရွာသူပြူ စားတာ အုန်းထမင်းနဲ့ ကြက်သားနဲ့ ရွာချလိုက် "
ဆိုတာဟာ ကြားနေကျစကားလေ ။ ခေတ်မှီဆေးဝါးတွေနဲ့ အတန်ငယ်အလှမ်းဝေးနေသေးတဲ့ ကျုပ်တို့ရွာလေးမှာ ရွာချ ( စုန်းစာကျွေး ) တာကို ရောဂါ သက်သာလိုသက်သာငြား စိတ်ဖြေစရာတစ်ခုအဖြစ် သဘောထားပြီးလုပ်လေ့ရှိကြတယ်။
အဲ့ဒီ မဆန်းလှတဲ့အစဉ်အလာကြီးကို ထပြီးဆန်းလိုက်တာကတော့ မနေ့တနေ့ကမှ ကျေးရွာဥက္ကဌဖြစ်လာတဲ့ ဥက္ကဌဖိုးသာဝရယ်ပါ။ တစ်နေ့ ဥက္ကဌဖိုးသာဝက တစ်ရွာလုံး တစ်အိမ်တစ်ယောက် မလာမနေရအမိန့်ချ ပြီး အစည်းအဝေးခေါ်တယ်။ အဲ့ဒီမှာ ဥက္ကဌဖိုးသာဝရဲ့အာဘော်အရ ခုလိုခေတ်မီဖွံ့ဖြိုးတိုးတက်နေတဲ့ နိုင်ငံတော်သစ်ကြီးမှာ ဒီစုန်းပြူ စားတယ်ဆိုတဲ့ အဖျက်အမှောင့်ကိစ္စမျိုးတွေ မရှိသင့်တော့ဘူးတဲ့ဗျ ။ဒီလို ရပ်ရွာငြိပ်ဝပ်ပိပြားရေးနဲ့ အေးချမ်းသာယာရေးကို နှောက်ယှက်ဖျက်စီးနေတဲ့ စုန်းမကို ကျေးရွာဥက္ကဌတစ်ယောက်အနေနဲ့ အမိအရဖမ်းပြမယ်ဆိုပဲ။ ကျုပ်တို့လို အတန်းပညာ ခေတ်ပညာ နည်းပါးလှတဲ့ ရွာသားတွေဟာ ဖြူ သလား မဲသလားမသိတဲ့ "စုန်း" ဆိုတာကြီးကို ဖမ်းပြမယ်ဆိုတော့ လူတိုင်းစိတ်ဝင်စားနေကြလေရဲ့ ။
ဒီကိစ္စနဲ့ပတ်သက်ပြီး ဥက္ကဌနဲ့ အမြဲအတိုက်အခံလုပ်လေ့ရှိတဲ့ ကာလသားခေါင်း တောကျော်ကတော့ ဥက္ကဌဖိုးသာဝဟာ လုပ်အားပေးတွေ၊ အခွန်အခတွေ ခိုင်းစေကောက်ခံနေတာကို ရွာသူရွာသားတွေအမြင်မကြည်မှန်းသိလို့ လှည့်ကွက်သုံးပြီး ကြည်ဖြူ အောင် စိတ်ဝင်စားအောင် လုပ်တာပါလို့ ဆိုတယ်။
တောကျော်ဆိုလို့ ဥက္ကဌဖိုးသာဝနဲ့ တောကျော်တို့ရဲ့ပြသနာတွေထဲက တစ်ခုလောက်တော့ ဥပမာပြရဦးမယ်ဗျ ။ တလောကပေါ့ဗျာ ... ဖိုးသာဝဟာ ဥက္ကဌစပြီးဖြစ်တာနဲ့ သူဘာကောင်လည်းပြတဲ့အနေနဲ့ ( သူ့ဝသီအတိုင်း ) ခေတ်မီတိုးတက်နေတဲ့နိုင်ငံတော်သစ်ကြီးထဲမှာ အရက်ပုန်းဆိုင်တွေ မရှိသင့်တော့ဘူးဆိုပြီး " အရက်မရောင်းရ " လို့ အမိန့်ထုတ်လိုက်သဗျ ။ ဒီအမိန့်ကြောင့်ရွာထဲက အရက်သမားတွေ ယောက်ယက်ခတ်ကုန်ကြတာပေါ့။ အရက်ကို ဝယ်ပြီးသိုလှောင်ထားဖို့ကလည်း တစ်နေ့လုပ်မှ တစ်နေ့စားတွေ ၊ တခြားရွာသွားသောက်ဖို့ကလည်း လုပ်ငန်းခွင်ကနေဝင်ရီသရောမှ သိမ်းကြတာဆိုတော့ မြွေပါးကင်းပါးကြောက်ရတာလည်း ရှိသေးသကိုးဗျ ။
အဲ့ဒီအချိန်မှာပဲ ရွာစွန်ကတောကျော်ရဲ့အိမ်ခြံဝန်းအဝမှာ ဆိုင်းဘုတ်တစ်ခုတပ်လိုက်တယ်။
" ယနေ့မှစ၍ အရက်အခမဲ့ လှူ မည်။ (မှတ်ချက် ။ အရက်သမား စစ်စစ်များအတွက်သာ ) "
တောကျော်မှာက ဘိုးဘေးစဉ်ဆက် မြေကြီးထဲမြုပ်ထားတဲ့ စိမ်အရက်လို့ခေါ်တဲ့ အရက်စဥ့်အိုးတွေ ရှိတာကိုးဗျ ။ ဒီသတင်းကိုကြားတော့ အရက်သမားတွေက ဝမ်းသာမဆုံးဖြစ်ကြပေမယ့် ဥက္ကဌဖိုးသာဝကတော့ ဒေါသနဲ့ ဆွေ့ဆွေ့ခုန်နေလေရဲ့။ ဒီကိစ္စနဲ့ ပတ်သက်ပြီး တောကျော်နဲ့ ဥက္ကဌ ခွန်းကြီးခွန်းငယ် စကားများကြရာကနေ နောက်ဆုံး ရွာဦးကျောင်းဆရာတော်ဆီ ရောက်သွားကြတယ်။ ဆရာတော်ဝိမလက ဖိုးသာဝကို မေးမြန်းပြီးသကာလ
" ဥက္ကဌပြောတာ ဟုတ်သလား တောကျော် "
ဆိုတော့ တောကျော်က
" တင်ပါ့ဘုရား ။ အရက်ဆိုတာ လူကိုပျက်စီးစေတာ မှန်ပေမယ့် အရက်စွဲပြီးသားလူတွေအတွက်က အရက်မှမသောက်ရရင် ကျန်းမာရေးရော အလုပ်အကိုင်ပါ ပျက်တတ်ကြပါတယ်။ နောက်ပြီး တပည့်တော်က ဥက္ကဌအမိန့်ကို မလွန်ဆန်ပါဘူး။အရက်ကို ရောင်းတာမဟုတ်ပါဘူး။ လှူ တာပါ ဘုရား "
လို့ လျှောက်လေတော့
" ဟေ .. အိမ်း လောကီကိစ္စတွေက ရှုပ်တယ်ကွယ်။ ကဲ .. ကဲ ဥက္ကဌကလည်း တောကျော်အရက်ရောင်းတယ်ဆိုရင်တော့ အရေးယူပေါ့ .. ဟုတ်ပြီလား ။ တောကျော် မင်းကလည်း လှူ တာဆိုပေမယ့် သိုသိုသိပ်သိပ်လှူ ..ကြားလား ။ ကဲ .. ပြန်ကြတော့ "
လို့ မိန့်လေရဲ့ ။ ဆိုတော့ကာ ဒီကိစ္စမှာ ဖိုးသာဝခမျာပြောခွင့်မသာလေတော့ တနုံ့နုံ့ပဲ ငြိမ်နေရရှာတယ်။
တောကျော်ဆိုတာကလည်း ခုနှစ်တန်းထိကျောင်းနေဖူးတဲ့ ကျုပ်တို့ရွာရဲ့တစ်ဦးတည်းသော ပညာတက်ကာလသားခေါင်းကိုးဗျ ။ တချို့ကိစ္စတွေမှာ ကျုပ်တို့ရွာသားတွေဟာ တောကျော်ကိုပဲ အားကိုးနေကြရတာလေ။ ထားပါတော့ဗျာ ... စိတ်ဝင်စားစရာဇာတ်လမ်းက ခုမှစမှာ

၂။
ကျုပ်တို့အင်းစုရွာရဲ့ဥက္ကဌဖိုးသာဝမှာ အေးဘုံဆိုတဲ့ ရှု့မငြီးတဲ့ ချစ်သမီး မိတဆိုးလေးတစ်ယောက်ရှိလေရဲ့။ ဥက္ကဌဖိုးသာဝဟာ သမီးလေးအေးဘုံကို အရမ်းချစ်တာ ကျုပ်တို့တစ်ရွာလုံးသိကြပါတယ်။ ခု ပြသနာက အေးဘုံဟာရွာတောင်ပိုင်းက ဒေါ်တိုးရဲ့သား လှမောင်နဲ့ လူငယ်ဘာဝ ချစ်ကြိုက်နေကြတာကို ဥက္ကဌသိသွားတာက စတာပဲ။ ဒေါ်တိုးဆိုတာက ဥက္ကဌဖမ်းပြမယ်ဆိုတဲ့ စုန်းလို့ ငြိုးနေသူတွေထဲက တစ်ယောက်ဖြစ်နေတာကိုး ။ အဲ့ဒီတော့ ဖိုးသာဝဟာ ချစ်သမီးလေးအေးဘုံကို တော်လှတော်လှနဲ့ ယောက်မမြင်းစီးပြလေခြင်းရယ်လို့ ရိုက်နှက်ဆုံးမရုံမကပဲ အိမ်ပြင်မထွက်ရအမိန့်နဲ့ အခန်းထဲလှောင်ပိတ်ထားလေသတဲ့ဗျာ ။ ကျုပ်တို့တစ်ရွာလုံးလည်း အေးဘုံလေးကို သနားကြလို့ရယ် စုတ်တသတ်သတ်နဲ့ပေါ့ဗျာ ။
အဲ့ဒီမှာလှမောင်ဟာ ဥက္ကဌနဲ့အတိုက်အခံဖြစ်တဲ့ ကာလသားခေါင်းတောကျော်ဆီမှာ အေးဘုံလေးနဲ့ မခွဲနိုင်ကြောင်း ၊ ချစ်ရသူအေးဘုံလေး ခုလိုဒုက္ခရောက်နေတာကို သနားလှပါကြောင်း ၊ မျက်ရည်စက်လက်နဲ့ အကူညီတောင်းရှာတယ်။ လှမောင်ဟာ ရည်ရည်မွန်မွန်လူငယ်လေးလည်းဖြစ်တယ် ၊ အေးဘုံကိုလည်း တကယ်စုံမက်နှစ်သက်တာကို တွေ့ရလေတော့ တောကျော်က
" ကဲ .. လှမောင် ဘာမှဝမ်းနည်းမနေနဲ့တော့။ မင်း အေးဘုံကို ခိုးပြေးဖို့သာပြင်ထားပေတော့ "
" ကိုကြီးတောကျော် ခိုးပြေးဖို့ဆိုတာမလွယ်ဘူးနော် ။ ဥက္ကဌဘေးမှာ လူမိုက်ကျားကြီးတို့အုပ်စုက အမြဲရှိတာ နောက်ပြီးဥက္ကဌက အေးဘုံကို အိမ်ထဲကအိမ်ပြင်မထွက်ခိုင်းတော့ဘူးလေ "
" လှမောင် မင်းငါ့ကို မယုံဘူးလား ။ အဲ့ဒါတွေ ငါ့တာဝန်ထားစမ်းပါ။ မင်းသာ ငါပြောတဲ့အချိန် ငါပြောတဲ့နေ့ အေးဘုံကိုခိုးဖို့ အသင့်လုပ်ထား "
လို့ ယုံကြည်ချက်အပြည့်နဲ့ ပြောလေရဲ့။

၃ ။
အင်းစုရွာလေးဟာညကိုးနာရီလောက်မှာ အိမ်တိုင်းမီးခွက်လေးတွေမှိတ်ပြီး အိပ်ကုန်ကြလေပြီ ။ လမိုက်ရက်ဆိုတော့ အမှောင်ထုကကြီးစိုးထားတယ် ။ ဥက္ကဌအိမ်ခြံဝန်းထဲမှာတော့ ကျားကြီးတို့ အုပ်စုက ကင်းစောင့်တာဝန်ယူထားလေရဲ့ ။
ခြောက်ခြားစရာကောင်းလောက်အောင်တိတ်ဆိတ်နေတဲ့ညလေးမှာ လူတစ်ယောက်ရဲ့ အော်သံတစ်ခုက တုန်လှုပ်စရာ ထွက်ပေါ်လာတယ် ။
"ဥက္ကဌ အိမ်သာထဲမှာ စုန်းမီးတောက်နေတယ်"
ဆိုတဲ့ အော်သံဟာ လေးငါးကြိမ်ဆက်ပြီးပေါ်လာပြီးနောက်ပိုင်း ကျုပ်တို့တစ်ရွာလုံး လှုပ်လှုပ်ရွရွ ဖြစ်သွားကြပါတော့တယ်။
" ဟဲ့ ..ဥက္ကဌအိမ်သာထဲ စုန်းမီးတောက်နေတယ်ဆိုပါ့လား "
"အေးဟယ် ဥက္ကဌကဖမ်းပြမယ်ကြိမ်းထားတာကိုတောင် အတင့်ရဲလှချည်လား "
"ဥက္ကဌကတော့ အလွတ်ပေးမှာမဟုတ်ဘူးဟေ့"
" ပွဲကြီးပွဲကောင်းတော့ ကြည့်ကြရပြီ "
ကျုပ်တို့ရွာသားတွေကလည်း သိတဲ့အတိုင်းပဲလေ ပွဲလမ်းသဘင်ကြိုက်သလားဆို လမ်းဘေးခွေးချင်းကိုက်တာတောက် ထိုင်ကြည့်ကြတာကလား ။ ခုလိုပွဲမျိုးကတော့ ဘယ်အလွတ်ခံလိမ့်မလဲ ။
" ဟဲ့ ဘုတိုတို့ မတဆစ်တို့သွားကြမဟဲ့ "
" အရီးသာမြိုင် စုန်းဖမ်းပွဲ သွားကြည့်ကြမယ်လေ "
" ငါ့ကို စောင့်ဦးဟေ့ မျက်မှန်ရှာနေလို့"
" အေးမေ ကလေးတွေခေါ် ၊ ဖျာယူခဲ့နော် "
" သာခေါင်ရေ ငါ့ဖို့နေရာဦးထားနှင့်နော် ။ ဒီမှာ စုန်းဖမ်းပွဲကြည့်ရင်း အကြမ်းရည်နဲ့မြည်းဖို့ လက်ဖက်လေးသုတ်နေလို့ "
မကြာလိုက်ပါဘူး။ ဥက္ကဌအိမ်ခြံဝန်းထဲမှာ တစ်ရွာလုံးကလူတွေ ရုံးရုံးရုံးရုံးနဲ့စုဝေးသွားပါတော့တယ်။
ဥက္ကဌဖိုးသာဝလည်းပထမ လူတစ်ယောက်အော်သံကြားလို့ နောက်ဖေးကပြင်ကအိမ်သာကိုလှမ်းအကြည့် အိမ်သာထဲကထိန်ထိန်တောက်နေတဲ့ မီးရောင်ကြီးကိုမြင်တော့ ကြောက်ကြောက်နဲ့ ခြင်ထောင်ထဲပြန်ဝင်နေပေမယ့် ခြံဝန်းထဲ တစ်စတစ်စနဲ့ တစ်ရွာလုံးကလူတွေရောက်တော့မှ မိန့်မိန့်ကြီးအောက်ဆင်းလာပါတယ်။
" ဥက္ကဌပြောတော့ စုန်းကိုဖမ်းမယ်ဆို ခုလက်ပူးလက်ကြပ်တွေ့နေရပြီလေ"
လို့ရွာသားတွေက ဝိုင်းပြောကြတော့
"အို .. ကျုပ်က ဒီစုန်းကိုဖမ်းဖို့ သေသေချာချာအကွက်ချနေတာပါ"
လို့ ခပ်တည်တည် ဖြေလိုက်ပြီး
" ဟေ့ ကျားကြီး၊ကျော်မောင်၊လှအောင် အားလုံးအသင့်ပြင် "
လို့ သူ့တပည့်တွေကို အမိန့်ပေးလိုက်တယ်။

၎။
ကျုပ်တို့ရွာသားတွေကတော့ ဥက္ကဌအိမ်နောက်ဖေးက အိမ်သာရှေ့မြေကွက်လပ်မှာဖျာတွေခင်း၊စောင်လေးတွေခြုံ ၊ လက်ဖက်ရည်ဝိုင်းလေးတွေနဲ့ စုန်းဖမ်းပွဲကြီးကို စောင့်မျှော်နေကြတာပေါ့ဗျာ ။ ဥက္ကဌနဲ့သူ့တပည့်တွေလည်း အိမ်သာရှေ့ရောက်တာနဲ့
" ကဲ ဟေ့ကောင်တွေ ဒီအိမ်သာကြီးကို အရင်ဖယ်ထုတ်လိုက် ဒါမှအိမ်သာကျင်းထဲက စုန်းကိုလွတ်လွတ်လပ်လပ်ဖမ်းလို့ရမှာ "
လို့ ဖိုးသာဝက အမိန့်ပေးလိုက်တယ်။ အိမ်သာကျင်းထဲက စုန်းမီးတောက်ကြီးကလည်း ထူးဆန်းသဗျ ။ တစ်ရွာလုံးကလူတွေ ဝိုင်းအုံနေတာလည်း မတုန်လှုပ်ဘူး။ကျားကြီးတို့အုပ်စု အိမ်သာကြီးကို မ ပြီးဖယ်လိုက်တော့လည်း လင်းနေဆဲပဲ။
" ဥက္ကဌ သတိထားနော် ။ ဒီစုန်းဟာ ဒီလောက်အတင့်ရဲနေပုံထောက်ရင် ပညာမနိမ့်လို့ပဲ ။ ဆယ်နှစ်ကြိုးအောက်တော့ နည်းမယ်မထင်ဘူး "
လို့ အရီးကျော့ရဲ့ သတိပေးသံကြားတော့ ဥက္ကဌနည်းနည်းတွန့်သွားတယ်။ ဒါပေမယ့် ဥက္ကဌလေ သိတယ်မို့လား " အေးဆေးပါ " ဆိုတဲ့သဘောနဲ့ လက်ကာပြရင်း ပရောဂဆရာဦးကြီးဖိုးဆင်ကို လှမ်းခေါ်လိုက်တယ်။ ဦးကြီးဖိုးဆင်လည်း ကြောက်ဒူးတုန်ရင်း
" ဥက္ကဌ .. ဖြစ်ပါ့မလား ဟင် "
" ဘာလို့မဖြစ်ရမှာလဲ ရွတ်ဖတ်စမ်းပါဗျာ "
ဦးကြီးဖိုးဆင် အတန်ကြာရွတ်ဖတ်မန်းမှုတ်နေပေမယ့် အိမ်သာကျင်းထဲက မီးရောင်ကြီးဟာ ပျောက်မသွားလေတော့
" ဥက္ကဌ ဒီစုန်းက ပညာမြင့်လွန်းတယ်။ကျုပ်မနိုင်ဘူး "
လို့ လက်လျှော့သွားတယ်။ ကျုပ်တို့ရွာသားတွေလည်း အတော်လေးတုန်လှုပ်ခြောက်ခြားနေကြပြီ ။ ဒါနဲ့ ဥက္ကဌက
" အို .. ဒီစုန်း ပရိတ်ရည်တော့မခံနိုင်ပါဘူး။ ကျားကြီး ပရိတ်ရည်ယူခဲ့စမ်း "
ကျားကြီး ပရိတ်ရည်ယူလာတော့ ဥက္ကဌလည်း အိမ်သာကျင်းနား မရဲတရဲကပ်သွားပြီး ပရိတ်ရည်နဲ့ လှမ်းပက်လိုက်တယ်။ကျုပ်တို့ကတော့ ဘာဖြစ်လာမလဲ စိတ်ဝင်စားနေကြတာပေါ့။ မီးရောင်ကြီးကတော့ ရှိနေဆဲပါပဲ ။
"စုန်းမီးတောက်ကို ဇီးခက်နဲ့အုပ်ပြီးဖမ်းရတယ်လို့ ကြားဖူးတယ်"
ဆိုတဲ့ အရီးသာမြိုင်ရဲ့ အကြံပေးသံအဆုံးမှာတော့
ဥက္ကဌဖိုးသာဝဟာ ဖီးကိုင်းတစ်ကိုင်းခုတ်ခိုင်းပြီး စုန်းကိုအုပ်ဖမ်းမပေါ့ရယ်လို့ အိမ်သာကျင်းနားတဖြည်းဖြည်းကပ်သွားလေရဲ့။အိမ်သာကျင်းအဝနားအရောက်မှာ ဥက္ကဌဟာခြေချော်ပြီး အိမ်သာကျင်းထဲ ကားယားကြီးကျသွားချိန်မှာတော့ ..
အော်သံ၊ဟစ်သံ ဘုရားတသံတွေဆူညံသွားပါတော့တယ်။အိမ်သာကျင်းထဲမှာ ဥက္ကဌနဲ့စုန်းမဘယ်လိုနှစ်ပါးသွားကြမလဲ၊စုန်းမကပဲနိုင်မလား ၊ ဥက္ကဌကပဲ စုန်းမကို ဖမ်းပြနိုင်မလား ရင်တထိပ်ထိပ်နဲ့ ကျုပ်တို့ ရွာသားတွေ စိတ်ဝင်စားနေချိန် ...
"ကျားကြီး လှေကားချပေးစမ်း "
ဆိုတဲ့ အိမ်သာကျင်းထဲက ဥက္ကဌရဲ့အော်သံကိုကြားလိုက်ရတယ်။

၅။
ကျားကြီးတို့အုပ်စုလည်း ပျာပျာသလဲအိမ်သာကျင်းထဲ လှေကားချပေးလိုက်ကြရင်း
"ဥက္ကဌ စုန်းမီးလုံးကြီးကို ဖမ်းပြီးတက်လာပြီ "
ဆိုတဲ့ ကျားကြီးရဲ့အားရဝမ်းသာသံကြီး ကြားရချိန်မှာတော့
" ဥက္ကဌ တော်တော်စွမ်းပါ့ကလား "
"ပရိတ်ရေနဲ့တောင် မနိုင်တဲ့စုန်းကို ဖမ်းနိုင်တယ်တဲ့တော် "
"စုန်းမီးတောက်ဆိုတာ စုန်းကသူ့လည်ပင်းကိုမီးသွေးခဲနဲ့ရစ်ဖြတ်ပြီး ခေါင်းကြီးပဲလွှတ်တင်တောက်စားတာဆို "
"ဒါဆို ခုဥက္ကဌလက်ထဲပါလာတာ လူခေါင်းပြတ်ကြီးပေါ့ "
"ကလေးတွေကို မကြည့်ခိုင်းကြနဲ့ဟေ့ "
တစ်ယောက်တပေါက် ပြောဆိုသံတွေ ညံသွားပါတော့တယ်။
အိမ်သာကျင်းထဲကနေ လှေကားနဲ့တက်လာတဲ့ ဥက္ကဌဖိုးသာဝ အိမ်သာကျင်းဝရောက်ချိန်မှာတော့ မခံနိုင်အောင် ဆိုးဝါးတဲ့အနံ့ဆိုးကြီး ထွက်လာတယ်။ ချေးတွင်းထဲကျမှတော့ နံပေတော့မှာပေါ့ဗျာ ။ ကျုပ်တို့လည်း နှာခေါင်းလေးတွေပိတ်ပြီး ဥက္ကဌလက်ထဲက စုန်းခေါင်းပြတ်ကြီးလို့ထင်တဲ့ မီးလုံးကြီးကိုကြည့်လိုက်ကြတော့
" ဟာ ... "
" ဟင် ..."
" အလို ..."
" ဓာတ်မီးကြီး "
" ဟား ..ဟား ..ဟား .."
ဟုတ်ပါတယ်။ ဥက္ကဌလက်ထဲမှာ ပါလာတာ ဓာတ်ခဲသုံးတောင့်ထည့် ဓာတ်မီးကြီးပါ။ ကျုပ်တို့ရွာသားတွေလည်း ပထမကြောင်ပြီးကြည့်နေရင်း ဓာတ်မီးကြီးကိုင်လို့ တကိုယ်လုံးချေးတွေပေနေတဲ့ ဥက္ကဌကိုကြည့်ပြီး ပွဲကျကုန်ကြတယ်။ ဖိုးသာဝလည်း တွေတွေကြီးရပ်နေရာကနေ တဖြည်းဖြည်းမျက်နှာကြီးနီမြန်းလာတယ်။ ပြီးတော့ အလန့်တကြား ထ အော်လိုက်တယ်။

၆။
" ကျားကြီး ငါ့သမီးကို သွားကြည့်စမ်း "
ကျားကြီး ကပျာကယာအိမ်ဘက်ပြေးတက်သွားတယ်။ကျားကြီးပြန်လာတော့ စာရွက်တစ်ရွက် ပါလာတယ်။ ဖိုးသာဝလည်း ချေးတွေပေနေတဲ့ လက်ထဲကဓာတ်မီးအလင်းရောင်နဲ့ စာကိုဖတ်လိုက်တယ်။

" အဖေ
သမီးကိုခွင့်လွှတ်ပါ။ သမီးချစ်သူ လှမောင်နဲ့ ခိုးရာလိုက်သွားပါပြီ။
သမီးမိုက် အေးဘုံ "

ဖိုးသာဝ ဘာဖြစ်သွားမလဲဆိုတာ စဉ်းစားကြည့်ပေါ့ဗျာ။
" တောက် .. ဒါတမင် အကွက်ချလုပ်ကြံသွားတာကွ ။ အကွက်ချ လုပ်ကြံသွားတာ "
လို့ ပါးစပ်ကတဖွဖွ ရေရွတ်နေပါတော့တယ်။
လှမောင်အဖို့ တစ်ရွာလုံးကလူတွေ အိမ်နောက်ဖေးအိမ်သာထဲက စုန်းမီးတောက်ကြီးကို အာရုံရောက်နေချိန် အေးဘုံကိုအိမ်ပေါ်တက်ပြီး ခိုးပြေးဖို့ဆိုတာ မခက်ခဲတော့ဘူးလေ။ ဒီဖြစ်ရပ်ကြီး တစ်ခုလုံးဟာ ကာလသားခေါင်း တောကျော်ရဲ့ အကြံအစည်ဆိုတာ ပြောပြဖို့မလိုတော့ဘူး မဟုတ်ပါလားဗျာ။

Sort:  

World of Photography
>Visit the website<

You have earned 5.05 XP for sharing your photo!

Daily Stats
Daily photos: 1/2
Daily comments: 0/5
Multiplier: 1.01
Server time: 01:08:16
Account Level: 0
Total XP: 5.05/100.00
Total Photos: 1
Total comments: 0
Total contest wins: 0
When you reach level 1 you will start receiving up to two daily upvotes

Follow: @photocontests
Join the Discord channel: click!
Play and win SBD: @fairlotto
Daily Steem Statistics: @dailysteemreport
Learn how to program Steem-Python applications: @steempytutorials
Developed and sponsored by: @juliank

Hello! I find your post valuable for the art community! Thanks for the great post! ARTzone is now following you! ALWAYs follow @artzone and the artzone tag, and support our artists!

Coin Marketplace

STEEM 0.04
TRX 0.33
JST 0.083
BTC 62847.89
ETH 1686.36
USDT 1.00
SBD 0.42