ရွတ်ဖတ်ကြသူများ
ရွတ်ဖတ်ကြသူများ
ဒီမနက်လမ်းလျှောက်ပြီး ပြန်အလာ လမ်းတစ်လမ်းက လက်ဖက်ရည်ဆိုင်တစ်ဆိုင်ကို စိတ်ဝင်စားလို့ ဝင်ထိုင်မိတယ်။ ပိတောက်ပင်ကြီးအောက်မှာ ထိုင်ခုံလေးတွေ တန်းစီချထား။ မနက်ခင်းနေရောင်ကလည်း မပွင့် တပွင့်။ ဒီမြင်ကွင်းက ကျွန်တော့်ကို လွန်ခဲ့တဲ့ နှစ် ၂၀ ကျော်လောက်က မော်လမြိုင် ဆရာအတတ်သင်ကို သွားပြီးတော့ သတိရစေတယ်။
မော်လမြိုင်ဆရာအတတ်သင်မှာ မနက်ခင်း ပီတီဆင်းပြီးရင် ကျွန်တော်က ဘောလုံးကွင်းကြီးဘေးက လက်ဖက်ရည်ဆိုင်မှာ သွားထိုင်တယ်။ လက်ဖက်ရည်ကောင်းလို့တော့ မဟုတ်ဘူး။ ထိုင်ကောင်းလို့။ ဒီမနက် မြင်ရတဲ့ မြင်ကွင်းအတိုင်းပဲ။ ပိတောက်ပင်ကြီးအောက်မှာ ခုံတွေခင်းထားတာ။ ကျွန်တော်က စာအုပ်လေး တစ်အုပ်ယူလာ၊ စာထိုင်ဖတ်၊ လက်ဖက်ရည်အရသာခံ၊ မနက်တိုင်း လုပ်တယ်။
ဒီနေ့လည်း အတိတ်ကို ပြန်လွမ်းဆွတ်ရင်းက ကြားလိုက်ရတဲ့အသံ
“န ပရော ပရံ နိကုဗ္ဗေထ၊ နာတိ မညေထ ကတ္တစိ န ကဉ္စိ
ဗျာရောသနာ ပဋိဃသည၊ နာညမညဿ ဒုက္ခ မိစ္ဆေယျ”
မေတ္တာသုတ်ကို ရွတ်နေတာပဲ။ ကျွန်တော်အကြိုက်ဆုံး အပိုဒ်ဖြစ်လို့ လိုက်ရွတ်နေမိသလို စိတ်ထဲမှာလည်း ကြည်နူးနေမိတယ်။
“ရှဲ … ရှဲ … ရှဲ”
ကျွန်တော်ထိုင်နေတဲ့ မျက်နှာချင်းဆိုင်က အိမ်ရှေ့မှာ အဘွားကြီးတစ်ယောက်က ပါးစပ်မှာ မေတ္တာသုတ် မပြတ်ရွတ်ပြီး မြေပြင်ကို တံမြက်စည်းလှည်းနေတာပါ။
“ရှဲ … ရှဲ … ရှဲ”
ဖုန်တွေက အလုံးလိုက် အလိပ်လိုက် ကျွန်တော် ထိုင်နေတဲ့ လဖက်ရည်ဆိုင်ဘက်ကို တက်လာတယ်။ ခက်တော့တာပဲ ကျွန်တော်ကလည်း ထမင်းကြော်စားနေတာ။ ဘယ်လို လုပ်ရပါ့။
လက်ဖက်ရည်ဆိုင်ထဲက ကောင်မလေးက ပြေးထွက်လာပြီး
“ကြီးကြီး … ဒီမှာ စားနေ သောက်နေတဲ့လူတွေနဲ့”
အဘွားကြီးက ဂရုမစိုက်ပါဘူး
“န ပရော ပရံ နိကုဗ္ဗေထ၊ နာတိ မညေထ ကတ္တစိ န ကဉ္စိ
ဗျာရောသနာ ပဋိဃသည၊ နာညမညဿ ဒုက္ခ မိစ္ဆေယျ”
ပါးစပ်က မေတ္တာသုတ်ကိုဆက်ရွတ်၊ တံမြက်စည်းကိုဆက်လှည်း
ကောင်မလေးက ပန်းကန်တစ်ချပ်ကိုင်လာပြီး ကျွန်တော် စားနေတဲ့ ထမင်းကြော်ပန်းကန်ကို လာအုပ်ပေးတယ်
“ခက်တာပဲ ဦးလေးရေ … ဒီလိုပဲ … ပြောရင်လည်း မကောင်းပါဘူး”
“အေး … အေး … မကောင်းရင် မပြောပါနဲ့ သမီးရယ် ရပါတယ်”
“သမီးတို့ဆိုင် လူဝင်လာပြီဆိုရင် တံမြက်စည်းထွက်လှည်းတော့တာပဲ”
မကောင်းပါဘူးဆိုပြီး သူလည်း မမေးဘဲ ပြောတော့တာ။
တကယ်တော့ လူတွေက ပါးစပ်က ဘုရား … ဘုရား … ကိုယ်ရွတ်နေတာ ဘာအဓိပ္ပာယ်ဆိုတာ မသိကြပါလား။
မေတ္တာသုတ်မှာ အဲဒီ အဘွားကြီး ထပ်ခါ ထပ်ခါ ရွတ်နေတာကို မြန်မာပြန်လိုက်ရင်
“တစ်ယောက်နှင့် တစ်ယောက် အမျက်ဒေါသ မထွက်ရာ၊ အလုပ်ကိစ္စ တစ်ခုခုနှင့် စပ်လျဉ်း၍ တစ်ယောက်ယောက်ကို ချုပ်ချယ်သောစကား မပြောရာ၊ မုန်းတီးသောစိတ်ဖြင့် အမှတ်မထားရာ၊ အနည်းငယ်မျှ မထီမဲ့မြင် မထင်ကောင်း၊ အချင်းချင်း တစ်ယောက်နှင့်တစ်ယောက် ဆင်းရဲဒုက္ခကို အလိုမရှိသင့်”
ကျွန်တော် လက်ဖက်ရည်ကို အမြန်မော့ချပြီး ထွက်ခဲ့တယ်။
ဒီမနက်ဆိုင်လည်း ထိုင်လို့ကောင်းပေမယ့် ဖုန်ထအောင် တံမြက်လှည်းပြီး မေတ္တာသုတ်ရွတ်တတ်တဲ့သူနဲ့ တိုးမှာ စိုးရိမ်လို့ နောက် သွားမထိုင်တော့ပါဘူး။
တင်ညွန့်
photo : facebook
People who liked this post also liked:
Daily UpvoteBank Report #28 - New Free Upvote Service by @upvotebank
Dear friend, you do not appear to be following @artzone. Follow @artzone to get a valuable upvote on your quality post!
Dear friend, you do not appear to be following @wafrica. Follow @wafrica to get a valuable upvote on your quality post!