ဘဝ

in #artzone6 years ago

မနေ့က ကျွန်တော်တင်လိုက်သော တရားကို ဝိဘဇ္ဇပြု လုပ်ကြည့်လိုက်တော့

၁။ခန္ဓာငါးပါးဒုက္ခသစ္စာကြီးဟာ မိမိပြုတာလား?ဆိုတာကို ဒီလိုလေး မေးခွန်းပြန်ထုတ်မိလိုက်တယ်
ကျွန်တော်စီးပွားရေးတခုကို လုပ်လိုက်ပါတယ် အရှုံးပေါ်ပါတယ် ရှုံးတာမှ အရင်းပြုတ်သွားအောင်ကိုရှုံးတာပါ ဒုက္ခရောက်ပီပေါ့ ဒါကို ကျွန်တော်လုပ်လို့ ဒုက္ခရောက်သွားတာပါလား?

၂။ခန္ဓာငါးပါးဒုက္ခသစ္စာတရားဟာ သူတပါးပြုလုပ်လို့ ဒုက္ခရောက်တာပါလား?
ဒါကိုလဲပဲ ဥပမာပေးရရင် ကျွန်တော်ဟာ ဆိုင်ကယ်ကို ကိုယ့်လမ်းအတိုင်း မှန်မှန်လေးမောင်းလာပါတယ် အဲဒီမှာပဲ တဖက်ယာဉ်ကျောက မောင်းလာသောကားက ကျွန်တော်ကို ဝင်တိုက်လိုက်တာ ဆိုင်ကယ်လဲ ရစရာမရှိအောင်ပျက်စီးသွား လူကလဲ ကျိုးကန်းသွား မသေယုံတမယ်လေး ခံလိုက်ရပါတယ် ဒါဟာ သူတပါးပြုလုပ်လို့ ဒုက္ခရောက်တာပါလား?

ဒါကို ဓမ္မမိတ်ဆွေများ ဘယ်လိုမြင်ကြပါသလဲခင်ဗျာ။
နောက်မေးခွန်းနှစ်ခုကို အကြောင်းညီညွတ်ရင် ထပ်ပီးဆွေးနွေးပါအုံးမယ်ဗျာ။

ဥပရိပါသာဒ(အာကာသ) သိမ်​အကြာင်း သိ​ကောင်းစရာ

  သာသနာမှာ သိမ်သည် မရှိမဖြစ် လိုအပ်ပါသော အရာဖြစ်ပါသည်။ သိမ်မရှိလျှင်(သို့မဟုတ်) သိမ်မအောင်လျှင် ရဟန်းဟူ၍ မဖြစ်နိုင်သလို ထိုထိုဥပသမ္ပဒကံအစထား သံဃာ့ကံများကိုလည်း ပြုနိုင်ကြမည် မဟုတ်ပါပေ။ ယခုအခါ အာကာသသိမ်နှင့်စပ်၍ လွယ်စွာ သမုတ်ပြီး သိမ်လုပ်နေသည်ဟု ကြားသိရပါသည်။ 

ထို့ကြောင့် ပရိယတ္တိနယ်ပယ်မှာ အလွန်ထင်ပေါ်ကျော်ကြားပါကုန်သော ဆရာတော်ကြီးများ၏ အာကာသသိမ်နှင့်စပ်၍ အယူအဆကို
ဓမ္မဒါနအဖြစ် ရေးသားဝေမျှပေးလိုက်ပါသည်ဘုရား....။

ကြိုတင်ပြီး သိမ်မနှုတ်ဘဲ အဆောက်အဦဆောက်ပြီးမှ
အပေါ်ထပ်မှာသိမ်သမုတ်ခြင်း
••••••••••••••••••••••••••••••••••••••••••••••••

ဝိနည်း မဟာဝါ အဋ္ဌကထာ၌ -
“ဥပရိပါသာဒေပိ ဘိတ္တိံ အကိတ္တေတွာ အန္တော ပါသာဏေ ဌပေတွာ သီမာ သမ္မန္နိတဗ္ဗာ။ သစေ နပ္ပဟောတိ, ပမုခေပိ ပါသာဏေ ဌပေတွာ သမ္မန္နိတဗ္ဗာ။ ဧဝံ သမ္မတာ ဥပရိပါသာဒေယေဝ ဟောတိ, ဟေဋ္ဌာ န ဩတရတိ။ သစေ ပန ဗဟူသု ထမ္ဘေသု တုလာနံ ဥပရိ ကတပါသာဒဿ ဟေဋ္ဌိမတလေ ကုဋ္ဋော ယထာ နိမိတ္တာနံ အန္တော ဟောတိ, ဧဝံ ဥဋ္ဌဟိတွာ တုလာရုက္ခေဟိ ဧကသမ္ဗဒ္ဓေါ ဌိတော, ဟေဋ္ဌာပိ ဩတရတိ။ ဧကထမ္ဘပါသာဒဿ ပန ဥပရိမတလေ ဗဒ္ဓါ သီမာ သစေ ထမ္ဘမတ္ထကေ ဧကဝီသတိယာ ဘိက္ခူနံ ဩကာသော ဟောတိ, ဟေဋ္ဌာ ဩတရတိ။ သစေ ပါသာဒဘိတ္တိတော နိဂ္ဂတေသု နိယျူဟကာဒီသု ပါသာဏေ ဌပေတွာ သီမံ ဗန္ဓန္တိ, ပါသာဒဘိတ္တိ အန္တောသီမာယံ ဟောတိ။ ဟေဋ္ဌာ ပနဿာ ဩတရဏာနောတရဏံ ဝုတ္တနယေနေဝ ဝေဒိတဗ္ဗံ။ ဟေဋ္ဌာပါသာဒေ ကိတ္တေန္တေဟိပိ ဘိတ္တိ စ ရုက္ခတ္ထမ္ဘာ စ န ကိတ္တေတဗ္ဗာ။ ဘိတ္တိလဂ္ဂေ ပန ပါသာဏတ္ထမ္ဘေ ကိတ္တေတုံ ဝဋ္ဋတိ။ ဧဝံ ကိတ္တိတာ သီမာ ဟေဋ္ဌာ ပါသာဒဿ ပရိယန္တထမ္ဘာနံ အန္တောယေဝ ဟောတိ။ သစေ ပန ဟေဋ္ဌာပါသာဒဿ ကုဍ္ဍော ဥပရိမတလေန သမ္ဗဒ္ဓေါ ဟောတိ, ဥပရိပါသာဒမ္ပိ အဘိရုဟတိ။ သစေ ပါသာဒဿ ဗဟိ နိဗ္ဗောဒကပတနဋ္ဌာနေ နိမိတ္တာနိ ကရောန္တိ, သဗ္ဗော ပါသာဒေါ သီမဋ္ဌော ဟောတိ" ဟူ၍ နှစ်ထပ်အဆောက်အဦးကို သိမ်သမုတ်ကြရာဝယ်-----

၁။ အောက်ထပ်သို့ သိမ် မသက်ရောက်ဘဲ
အပေါ်ထပ်ကိုသာ သမုတ်ခြင်း။
၂။ အောက်ထပ်သို့ပါ သိမ် သက်ရောက်အောင် သမုတ်ခြင်း။
၃။ အပေါ်ထပ်သို့ သိမ် မတက်ရောက်စေဘဲ
အောက်ထပ်ကိုသာ သမုတ်ခြင်း။
၎။ အပေါ်ထပ်သို့ပါ သိမ် တက်ရောက်အောင် သမုတ်ခြင်း။
၅။ အပေါ်ထပ် အောက်ထပ် အားလုံး ခြုံငုံမိ​​အောင်
အဆောက်အဦတစ်ခုလုံး သမုတ်ခြင်း အားဖြင့်
သမုတ်ပုံ သမုတ်နည်း (၅)မျိုး ပြထားပါသည်။

ထို(၅)မျိုးတို့တွင် မည်သည့်နည်းဖြင့်ပင် သမုတ်သည်ဖြစ်ပါစေ မြေမှာတည်သော အဆောက်အဦကို သမုတ်ရမည်ဖြစ်ရာ အဆောက်အဦတည်ရာ မြေအတွင်းမှာ ရှေးရှေးဗဒ္ဓသိမ်ဟောင်းများ ရှိကောင်း ရှိနိုင်သောကြောင့်လည်းကောင်း, ရှေးဟောင်းအဆောက်အဦဖြစ်ခဲ့လျှင် အပေါ်ထပ်သက်သက်ကိုသာ သမုတ်ထားပါသော ရှေးရှေးဗဒ္ဓသိမ်ဟောင်း ရှိကောင်း ရှိနိုင်သောကြောင့်လည်းကောင်း သိမ်အချင်းချင်း စပ်၍ သမုတ်ခြင်း, လွှမ်း၍ သမုတ်ခြင်းဟူသော အပြစ်နှစ်မျိုးသို့ ရောက်နိုင်ရကား နောက် သမုတ်မည့်သိမ်သည် မအောင်မြင်သော သိမ်ပျက်သာ ဖြစ်သွားနိုင်ပါသည်။ ထိုအပြစ်နှစ်မျိုးမှ လွတ်ကင်းစေရန် သိမ်ဟောင်းရှိခဲ့ပါက ကျွတ်ထွက်သွားအောင် ဧကန်အမှန်ပင် နှုတ်ရမည်သာ ဖြစ်ပါသည်။

အဆောက်အဦ အဟောင်း
••••••••••••••••••••••••

သို့ဖြစ်ပါ၍ အပေါ်ထပ်သက်သက်ကိုသာ သမုတ်ထားပါသော သိမ်ဟောင်းရှိနိုင်လောက်သည့် ရှေးရှေး နှစ်ထပ်အဆောက်အဦဟောင်းဖြစ်လျှင် အပေါ်ထပ်ကို နှုတ်ပါမှသာ အပေါ်ထပ်သိမ်ဟောင်း ကျွတ်နိုင်သောကြောင့်လည်းကောင်း, အပေါ်ထပ်သို့ သိမ် မတက်ရောက်စေဘဲ အောက်ထပ်ကိုသာ သမုတ်ရာ၌ အပေါ်ထပ်သို့ ကမ္မဝါစာ မတက်နိုင်သကဲ့သို့ အောက်ထပ် မြေမှာနေ၍ အပေါ်ထပ်ကို လှမ်းနှုတ်ပါလျှင် ကမ္မဝါစာ တက်,မတက် သံသယဖြစ်ဖွယ်ရှိသောကြောင့်လည်းကောင်း, မြေမှာတည်သော အဆောက်အဦဖြစ်သဖြင့် မြေအတွင်း ရှေးဗဒ္ဓသိမ်ဟောင်း ရှိနိုင်သောကြောင့်လည်းကောင်း ဗဒ္ဓသိမ်ချင်း စပ်ခြင်းလွှမ်းခြင်းအပြစ်များ ကင်းပါစေရန် အပေါ်ထပ် အောက်ထပ် နေရာ(၂)ခုလုံးကို သိမ်နှုတ်ရမည် ဖြစ်ပါသည်။

အဆောက်အဦ အသစ်
••••••••••••••••••••••

ဆောက်လုပ်ထားသည်မှာ မကြာသေးသော အဆောက်အဦသစ်ဖြစ်လျှင် အပေါ်ထပ်သက်သက်ကို သမုတ်ထားသည့် ရှေးသိမ်ဟောင်း မရှိနိုင်သောကြောင့်လည်းကောင်း, အောက်ထပ်သို့ သိမ် မသက်ရောက်စေဘဲ အပေါ်ထပ်ကိုသာ သမုတ်ရာ၌ အောက်ထပ်သို့ ကမ္မဝါစာ မသက်နိုင်သကဲ့သို့ အပေါ်ထပ်မှနေ၍ အောက်ထပ်မြေကို လှမ်းနှုတ်လျှင် ကမ္မဝါစာ သက်-မသက် သံသယဖြစ်ဖွယ် ရှိသောကြောင့်လည်းကောင်း, မြေ၌တည်သော အဆောက်အဦဖြစ်သဖြင့် မြေအတွင်း ရှေးရှေး ဗဒ္ဓသိမ်ဟောင်း ရှိနိုင်သောကြောင့်လည်းကောင်း အပြစ်ကင်းပါစေရန် မြေ၌သာ သိမ်နှုတ်ရမည် ဖြစ်ပါသည်။ အပေါ်ထပ်ကိုတော့ နှုတ်စရာ မလိုပါ။ အောက်ထပ်ကို သမုတ်လျှင် အပြစ်ကင်းစေရန် အောက်ထပ်ကို ဧကန်ပင် နှုတ်ရသကဲ့သို့ အပေါ်ထပ်ကိုသာ သမုတ်ပါလျှင်လည်း အပြစ်ကင်းစင်အောင် အောက်ထပ်ကို ဧကန်ပင် နှုတ်ရမည် ဖြစ်ပါသည်။ 

 ထိုမျှသာ မကပါဘဲ အပေါ်ထပ်ကိုသာ သမုတ်ရာ၌ အောက်ထပ်မြေ၌ သိမ်မနှုတ်ဘဲ သမုတ်ပါလျှင် အဆောက်အဦဆောက်လုပ်စဉ်က သီမာသင်္ကရအပြစ်ကင်းသည့် အုဋ္ဌ် ကျောက် သဲ အင်္ဂတေမျှသာမက သီမာသင်္ကရ အပြစ်မကင်းသည့် သစ်,ဝါး,သံ စသည် ပါဝင်ခဲ့ပါသော် မြေ၌ရှိသော ဗဒ္ဓသိမ်ဟောင်းနှင့် အပေါ်ထပ်ဗဒ္ဓသိမ် သစ် ဓာတ်ကြိုး သွယ်သကဲ့သို့ အချင်းချင်းရောယှက်သည့် သီမာသင်္ကရအပြစ်ပါ နောက်ထပ် ရောက်ရှိလာနိုင်ပါသည်။ ထို့ကြောင့် အောက်ထပ်မြေ၌ သိမ်နှုတ်ပြီးပါမှသာ အပေါ်ထပ်ကို သမုတ်ရမည် ဖြစ်ပါသည်။

သိမ်နှုတ်အင်္ဂါနှင့် သိမ်နှုတ်ပြီး
ကြွင်းကျန်နေသော ဂါမသိမ်ပေါ် သမုတ်ခြင်း
•••••••••••••••••••••••••••••••••••••••

ထိုမှတစ်ပါး တော မြစ် စသည်တို့သည် သတ္တဗ္ဘန္တရသိမ် ဥဒကုက္ခေပသိမ်စသည်တို့၏ တည်ရာခေတ် ဖြစ်သကဲ့သို့ ဂါမသိမ်သည်သာ ဗဒ္ဓသိမ်၏ ခေတ် ဖြစ်ပါသည်။

သိမ်နှုတ်ရာ၌ သိမ်ဟောင်း ရှိ/မရှိ သိခြင်းနှင့် သိမ်ဟောင်း၏ အပိုင်းအခြားကို သိခြင်းသည် သိမ်နှုတ်အင်္ဂါ မဟုတ်ပါ။ နှုတ်မည့် သိမ်ဟောင်းအတွင်း အနည်းဆုံးအားဖြင့် ရဟန်းလေးပါးတည်နေရခြင်း, သိမ်ကို နှုတ်အံ့ဟု နှလုံးသွင်း၍ ကမ္မဝါစာရွတ်ဆိုရခြင်းဟူသော ဤနှစ်ပါးသာ သိမ်နှုတ်အင်္ဂါ ဖြစ်ပါသည်။ သိမ်နှုတ်မည့် မြေပေါ်မှာ ညောင်စောင်းကွက်စသည် အကွက်ချ၍ ရဟန်းငါးပါး ခြောက်ပါးစသည် စုပေါင်းကာ ထိုသိမ်နှုတ်အင်္ဂါ နှစ်ရပ်နှင့်အညီ သိမ်နှုတ်ပါလျှင် ဗဒ္ဓသိမ်ဟောင်း ကျွတ်ထွက်ပြီး ဂါမသိမ်သာ ကြွင်းကျန်နေခဲ့ပါသည်။ ထိုကြွင်းကျန်နေပါသော ဂါမသိမ်ပေါ်မှာ အလိုရှိသလို စိတ်ချလက်ချစွာ သိမ်သမုတ်နိုင် ကံပြုနိုင်သည်ဟု သိရပါသည်။ ထို့ကြောင့် ဗဒ္ဓသိမ်ဟောင်းကျွတ်၍ ဂါမသိမ်သက်သက်သာ ကျန်ပါက သိမ်မြေ သန့်ရှင်းသွားပါစေရန်, သံသယကင်းပျောက်စေရန် အောက်ထပ်မြေကို နှုတ်ပြီးမှသာ အပေါ်ထပ်ကို သိမ်သမုတ်ရမည် ဖြစ်ပါသည်​။

အချုပ် မှတ်ဖွယ်
•••••••••••••••

အချုပ်အားဖြင့် အဆောက်အဦဟောင်းမှာ အပေါ်ထပ်ကို သမုတ်လိုပါက အပေါ်ထပ် အောက်ထပ် နှစ်နေရာလုံး နှုတ်ရပါမည်။ အဆောက်အဦသစ်မှာ အပေါ်ထပ်ကိုသာ သမုတ်လိုပါက အောက်ထပ်ကိုသာ နှုတ်ရပါမည်ဘုရား။

  နောက်ထပ် သိစရာတစ်ချက်မှာ အဆောက်အဦဟောင်းမှာ အပေါ်ထပ်ကို သမုတ်လိုပါက အပေါ်ထပ် အောက်ထပ် နှစ်နေရာလုံး နှုတ်ရ, အဆောက်အဦသစ်မှာ အပေါ်ထပ်ကိုသာ သမုတ်လိုပါက အောက်ထပ်ကိုသာ နှုတ်ရရုံမျှ မကပါပဲ ကျောင်းပတ်ချာလည် ပတ်ဝန်းကျင်အခြေ မြေကိုလည်း နှုတ်ရမည် ဖြစ်ပါသည်ဘုရား။

အရှင်​​ခေမိန္ဒ(တိပိဋကနိကာယ)အ​ကောင့်​မှတဆင့်
ပြန်​လည်​ မျှ​ဝေ​ပေးလိုက်​ပါသည်​.

image

@hlay

Coin Marketplace

STEEM 0.18
TRX 0.13
JST 0.029
BTC 64296.25
ETH 3182.70
USDT 1.00
SBD 2.55