သြော် ဘဝ

in #artzone5 years ago

image
တစ်လ နှစ်သိန်း ဆိုသော ပိုက်ဆံသည် ချမ်းသာသူတွေအတွက် တော့ စားသောက်ဆိုင် တွင် ဘေလ် တခါရှင်းစာ သာ ရှိသော်လည်း ကျွန်တော်တို့ မိသားစု အတွက် တော့ တစ်လစာ အိမ်အသုံးစရိတ် ဖြစ်သည်။ ထို နှစ်သိန်းသော ပိုက်ဆံကို တစ်လ တာကာလအတွင်း လောက်ငှအောင် ထိန်းသိမ်းသုံးစွဲ ရသူမှာ အမေ ဖြစ်သည်။ လကုန် လစာထုတ်ပြီး ကျွန်တော် ငွေလွှဲသည့်နေ့ တွင်ပင် အမေက ဘဏ်မှာ ငွေထုတ်ပီးသည်နှင့် ငှါးလာသော ဆိုက်တွဲနဲ့ အတူ ချင်းတွင်းရတာနာဈေးကို သွားရသည်။ တလစာ ဆန်တစ်အိတ် ဝယ်ရန်ဖြစ်သည်။ ဆန်ဈေးကလဲ အတက်ချည်းဖြစ်သည် ။ အကောင်းစားကြီးမဟုတ်သော်လည်း အိမ်က အဖေဖြစ်သူက ထမင်း မာလွန်းရင် မစားနိုင်သောကြောင့် ဆန် အဟောင်း မပျော့မမာ သုံးသောင်း ခွဲ ဝန်းကျင် တစ်အိတ်တော့ တစ်လတစ်ခါဝယ်ရသည်။ အိမ်မှာက မိသားစု သုံးယောက်သာ စားမဲ့သူရှှိတော့ တစ်လလျှင် ဆန်တစ်အိတ်ဆို လောက်ငှပြီ။ အိမ်မှာ ထမင်းစားနိုင်သူဆိုသူက အဖေ ။အငယ်မနှင့် အမေက ထမင်း သိပ်မစားနိုင်ကြ။ ဒီတော့ တလလျှင် ဆန်တစ်အိတ်ထက် ဘယ်တော့မှ ပိုကုန်သည် မရှိ။ ဧည့်သည် သောင်သည် အလာများသည့် လတွင်တော့ တခါတရံ အိမ်နားက ဈေးဆိုင်လေးမှာပဲ ပြည်ချင့်နဲ့ ဝယ်ရလေ့ရှိသည်။

ဈေးကြီးထဲ ဆန်အိတ် ဝယ်ပြီးသည်နှင့် တလစာ ဆီ ၊ ကြက်သွန် ၊ အာလူး စသဖြင့် တလစာ ခန့်မှန်းပီး ဝယ်ထားလေ့ ရှိသည်။ ဈေးက ပြန်လာသည်နှင့် အမေ့ လက်ထဲ ပိုက်ဆံ စစ်ကြည့်လျင် ခုနှစ်သောင်းလောက်တော့ ကုန်ခဲ့ပြီ ဖြစ်သည်။ ကျန်သော တစ်သိန်း သုံးသောင်းဝန်းကျင်ဖြင့် တလစာ လောက်ငှအောင် ချင့်ချိန်သုံးစွဲ ဖို့ အမေ တွက်ချက်နေတတ်သည်။ လက်ကျန် တစ်သိန်း သုံးသောင်းလောက်ထဲက အဖေ သုံးဖို့ တစ်လစာ ငါးထောင် နှင့် အငယ်မဖို့ တစ်သောင်းခွဲပေးလိုက်လျင် အမေ့လက်ထဲ တစ်သိန်း တစ်သောင်းလောက်ပဲ ကျန်တတ်သည်။ ထိုကျန်တဲ့အထဲက အမေက အမေ့ရဲ့ အဖေဖြစ်သူ ကျွန်တော်တို့ ဘကြီးအား တလ ငါးထောင် ကန်တော့လေ့ ရှိသည်။ ဘကြီးက အမေ့ ညီမ အငယ်ဆုံးအပျိုကြီးနှင့် နှစ်ယောက်တည်းနေသည်။

အဖေ့ အတွက် အပြင်စာ ကုန်ကျစရိတ် မရှိသော်လည်း အဖေက ဆေးလိပ်ကြိုက်သည်။ တစ်လလျှင် ဖက်ကြမ်း တစ်စီးငါးရာတန် နှစ်စီး ခန့်ကုန်သည်။ မနက်မိုးလင်း မျက်နှာသစ်ပီးတာနှင့် ရေနွေးဓါတ်ဗူး တစ်ဗူး တည်ကာ ဆေးလိပ်တစ်လိပ်နှင့် ငါးဆယ်တန် ကော်ဖီမစ်တစ်ခွက်က အဖေ့အတွက် လမ်းထွက်မလျှောက်ခင် အစာပြေဖြစ်သည်။ ကော်ဖီမစ်ကို အဖေအရင်က မသောက်တတ်။ အရက်သောက်တတ်သောအဖေသည် အ၇က်ပြတ်ချိန်တန်တော့လဲ ကော်ဖီမစ်သောက်ပီး တုံးတိကြီး ဖြတ်ပစ်သည်။ အရက်ဖြတ်ကာစတုန်းက ကျွန်တော်တို့စိုးရိမ်သည်။ တုံးတိမဖြတ်ရန်နားချရသည်။ အဖေကတော့ ပြတ်သည် စိတ်သာအဓိကပါကွာတဲ့။ တကယ်လဲ အဖေ ဒီနည်းနဲ့ အရက်ပြတ်သွားသည်။ တောကတက်လာပြီး မြို့တွင် နေရသော်လည်း မနက်စာ ကို ထမင်းကြမ်း နဲ့ ညက ဟင်းကျန် နွှေးပီး စားလေ့ရှိတာ ကျွန်တော်တို့ အိမ်ရဲ့ ထုံးစံပင်။ ခေါက်ဆွဲ တို့ မုန့် ဟင်းခါးတို့ ကြိုက်တတ်သော်လည်း ဝယ်စားခဲသည်။ မုန့်ဟင်းခါးတစ်ပွဲ သုံးရာ သုံးပွဲကိုးရာ ခေါက်ဆွဲတစ်ပွဲ ၅၀၀ သုံးပွဲ တစ်ထောင့်ငါးရာ ကုန်မည့် အစား မနက်စာကို ပဲပြုတ် နှစ်ရာဖိုးဝယ် ညက ကျန်တဲ့ ထမင်းကြမ်းနှင့်ကြော် ပီး ညက ဟင်းကျန်ကို နွှေးပီး စားလျင် ပိုက်ဆံအကုန်သက်သာသည်။ ဗိုက်လဲ ဝတာ အမေ နားလည်သည်လေ။ အငယ်မက အပျိုပေါက် ကျောင်းကလဲ အဝေးသင် တက်ဆဲ ဆိုတော့ အလုပ် မခိုင်းရက်။ တစ်လ တစ်လ ပေးသည့် တစ်သောင်းခွဲကို မိန်းခလေးသုံးပစ္စည်းလေးငါးထောင်ဖိုးဝယ်ပီး တစ်သောင်းလောက်တော့ စုဖြစ်အောင် စုခိုင်းတတ်သည်။ ဒါမှ အဝေးသင်တက်ချိန် ရောက်လျှင် တစ်သိန်း တစ်သိန်းခွဲခန့် ယူသွားနိုင်မည် ဖြစ်သည်။

အဖေ က ထမင်းကြမ်းစားပီး သည်နှင့် အမေ့ရဲ့အဖေ ကျွန်တော်တို့ ဘကြီးဖြစ်သူထံ အဖော်သွားလုပ်ပေးရလေ့ရှိသည်။ ဘကြီးက အသက် ၈၀ ကျော် ၉၀ နားနီး ဆိုတော့ စကားပြောဖော် လိုချင်ရှာသည်။ ဒီတော့ စကားပြောဖော်ရစေရန် အမေက နေ့စဉ် အဖေ့ကို ဘကြီးအိမ်သို့ လွှတ်သည်။ ဘကြီးတို့အိမ်မှာ ရေမိုးချိုး နေ့လည်စာ စားချိန်မှ ပြန်လာ ရတတ်သည်။ အသက်ကြီးပိုင်း ဘကြီးဖြစ်သူနှင့် နေ့တဓူဝ စကားပြောနေ၇သော အဖေ့ရဲ့ ဒုက္ခကလဲ မသေးလှချေ။ အဖေမို့သာ တော်တော့သည်။ အဖေက စကားနည်းသူဆိုတော့ ဘကြီး ဘာပြောပြော အင်း ချည်း လိုက်နေလေ့ ရှိသည်။ ကျွန်တော်တို့ပင် ဘကြီးဆီ ရောက်လျင် ကြာကြာမနေတတ်။ နှုတ်ဆက်ပီး ကန်တော့စရာ ရှိတာ ကန်တော့ပီးတာနဲ့ ပြန်လေ့ ရှိသည်။ ဘကြီးက ဂျပန်ခေတ် မှာ သူကြီး လုပ်ခဲ့ဖူးသူဆိုတော့ ဘကြီးစကားပြောလျင် ဂျပန် ခေတ်က စသည်။ ဘကြီးခေါင်းမှာ ဂျပန်က ခုတ်ခဲ့သည့် ဓါးဓါဏ်ရာ ရှိသည်။ ကတုံးပြောင်ပြောင်က အဲဒီ အမှာရွတ်ကို လက်နဲ့ သပ်နေပီဆိုတာနဲ့ ကျွန်တော်ကတော့ ပြေးပြီ။ ဇာတ်လမ်းက စတော့မှာ သိနေတာကိုး။ ဘကြီးစကားပြောလျှင် ဂျပန် ခေတ်က စလိုက်တာ ယခု အမေစု ခေတ် ရောက်မှ စကားဆုံးတတ်သည်။ တခါတလေ အမေက နောက်တတ်သည် ။ ဘကြီး စကားပြောနေတုန်း အမေရောက်သွားလျင် ဟာ အဖေက ခုမှ လွတ်လပ်ရေး ရပီးယုံရှိသေး တယ် ခုခေတ်ရောက်ဖို့ဆို ကြာအုံးမှာ ပြန်မှ ပဲ လို့ ဆိုရင် ကျွန်တော်တို့မှာ ရီရတာ အူတွေတက်လို့။ တခါတလေ အမေက အဖေ့ကို မေးတတ်သည်။ တော် အဖေနဲ့ စကားပြောရတာ မပျင်းဘူးလားဆိုတော့ အဖေက ပြန်ပြောသည်။ သူ့ဘာသာ ပြောချင်ရာ ပြောနေတာ ဘာမှမဖြစ် ဇာတ်လမ်းက သိပီးသားဆိုတော့ လိုတဲ့နေရာ အင်း ချလိုက် ပီးရော ဆိုတာပဲ။ အဖေက အာ့သလို။
နေ့လည်စာ စားပီးသည်နှင့် အဖေက တရေးအိပ်တတ်သည်။ တရေးနိုးသည်နှင့် ဘကြီးအိမ်တစ်ခေါက်ပြန်သွားကာ ညနေမှ ပြန်လာတတ်သည်။ ဒါက အဖေ့ရဲ့ တစ်နေ့တာ အလုပ်ပင်။

အမေကတော့ မနက်စာ စားပီးတာနှင့် လမ်းထဲက ဈေးဆိုင်ငယ်ဆီ ပြေးရသည်။ လမ်းထဲတွင် ဈေးကြီးထဲ ကနေ အသားငါး ဟင်းသီးဟင်းရွက် သယ်ပြီး ပြန်ရောင်းသော ဈေးဆိုင်လေးတစ်ဆိုင်ရှိသည်။ ထိုဆိုင်လေးမှ တနေ့တာ အတွက် အသားဟင်းတစ်မျိုး အမေ ဝယ်လေ့ရှိသည်။ တစ်ထောင့်ငါးရာ နှစ်ထောင်ဖိုး ဆိုလျှင် အိမ်မှာ ည မနက် စားလို့ရသည်။ တခြား ဟင်းသီးဟင်းရွက်နဲ့ အိမ်မှာလိုအပ်တဲ့ အတိုအထွာလေးတွေ ဝယ်ပီးရင် အမေ့လက်ထဲ သုံးထောင်လောက်တော့ ကုန်ပီ။ တစ်နေ့ သုံးထောင် တစ်လလျှင် ကိုးသောင်း ကတော့ ဈေးဖိုး အနည်းဆုံး ကုန်သည်။ လစဉ် မီတာခနဲ့ ရေဖိုး က ရှစ်ထောင်ဝန်းကျင် ဆိုတော့ အမေ့အတွက် အပိုသုံးစရာ ငွေပို မရှိတာ ထုံးစံ။ ကျွန်တော်တို့ လမ်းထဲတွင် အစိုးရဝန်ထမ်းမိသားစုတွေ နေတာများသည်။ တချို့မိသားစုတွေဆိုလျင် ထမင်းချက်ခါနီးမှ ကျွတ်ကျွတ်အိတ်လေးတွေနဲ့ ဆန်ကို ပြီကောက် လာဝယ်ပီး နေ့စဉ်ချက်ရသူတွေလဲ ရှိတော့ ဒီဆိုင်လေးက လမ်းထဲတွင် အသုံးဝင်လှသည်။ ကြက်သွန်တစ်ရာဖိုး ငရုတ်သီး ငါးဆယ်ဖိုးက အစ ရောင်းပေးတော့ အဆင်ပြေလှသည်။

ဒီတော့ အမေက တခါတလေ အလုပ် လုပ်ချင်သည် ဟု ပြောလျှင် ကျွန်တော် ငိုချင်သည်။ စိတ်မကောင်းဖြစ်ရသည်။ အမေက မုန်းဟင်းခါးအချက်ကောင်း ထမင်းဟင်း အချက်ကောင်းတော့ ထမင်းဆိုင်လေးဖြစ်ဖြစ် မုန့်ဟင်းခါးဆိုင်လေးဖြစ်ဖြစ် လူစည်တဲ့နေရာမှာ ဖွင့်ချင်သည်။ ကျွန်တော်က မလုပ်စေချင်။ အသက်ငါးဆယ်ကျော် ခြောက်ဆယ်နီးပါးအထိ အမေတို့ ရှာဖွေကျွေးမွေးခဲ့ပြီးပြီ။ သားသမီးတွေကို စာတတ်အောင် အမေတို့ ကျောင်းထားပေးခဲ့ပြီးပြီ။ အစိုးရ ဝန်ထမ်းတွေတောင် အသက် ၅၅- ၆၀ ဆို ပင်စင် ရ ပီး အနားယူရပြီ။ ဒီတော့ အမေတို့ အဖေတို့ကို ပင်ပင်ပန်းပန်း ဘာမှ မလုပ်စေချင်တော့တာ ကျွန်တော့ဆန္ဒ ဖြစ်သည်။ သားသမီးတွေ အရွယ်ရောက်လာတာတောင်မှ မိဘဖြစ်သူ သက်ကြီးရွယ်အိုတွေ ပင်ပင်ပန်းပန်း အလုပ်လုပ်နေရတုန်း ဆိုလျှင် သားသမီးတာဝန် မကျေပွန်ရာ ကျမည်။ အလုပ်လုပ်မဲ့ အစား အမေ့နဲ့အဖေ့ကို အားတဲ့အချိန် ဘာသာရေးလုပ်ဖို့ ပဲ တိုက်တွန်းရသည်။ အသက်ခြောက်ဆယ်နားနီးအရွယ်မှ ဘုရားတရား ဘက် ဦးစားမပေးနိုင်သေးလျင် ကျွန်တော်တို့သားသမီးတွေ မိုက်ရာ ကျတော့မည်။ အမေကတော့ မနက်မိုးလင်း အိပ်ယာထ မျက်နှာဘာညာသစ်ပီးတာနဲ့ ပေါင်းအိုးနဲ့ထမင်းတည်ထားကာ ဘုရားစင်ရှေ့ရောက်နေလေ့ရှိသည်။ အမေဘုရားရှီခိုးပီးချိန်သည် ထမင်းကျက်ချိန်နဲ့ တထပ်တည်း ဖြစ်နေတတ်သည်။ အမေကတော့ အားရင်အားသလို ပုတီးစိတ်နေလေ့ ရှိတာမို့ မပျက်စေချင်။ အဖေကတော့ နဂို ကတည်းက လောဘ ဒေါသ နည်းတဲ့သူဆိုတော့ အမေ့လောက် ဘုရားတရားမလုပ်ဖြစ်သော်လည်း အမေ့ထက် အေးချမ်းသည်ဟု ထင်ရလေသည်။

ကုမ္ပဏီဝန်ထမ်း ကျွန်တော်၏ လစာနဲ့အသုံးစရိတ်မှာ တစ်လလျှင် သုံးသိန်း ဝန်းကျင်ခန့် ရသည်။ အိမ်နဲ့အဝေး တခြားနေရာမှာ နေရသော ကျွန်တော့အတွက် အလုပ်လုပ်ရန် ဆိုင်ကယ်ဆီဖိုး ထမင်းစားရိတ် နဲ့ အထွေထွေ စားရိတ် အတွက် တစ်သိန်းလောက်ချန်ပြီး နှစ်သိန်း ပုံမှန် အိမ်ပို့ဖြစ်အောင် ကြိုးစားရသည်မှာ တချို့လများတွင် မလွယ်ကူလှချေ။ တခါတရံ ကိုယ်စားလှယ်များဆီက ချေးရငှါးရသည့် လများလဲ ရှိသည်။ ဘယ်လိုပဲ ဖြစ်ဖြစ် တစ်လနှစ်သိန်းတော့ အိမ်ပို့ဖြစ်အောင် ကျွန်တော် ကြိုးစားလေ့ရှိသည်။ ကုမ္ပဏီဝန်ထမ်းဆိုတော့ အထက်လူကြီး နဲ့ ကိုယ်စားလှယ်တွေရဲ့ အလုပ်နဲ့ပက်သက်ပီး အငြိုညင်ခံရမှာလည်းကျွန်တော် စိုးရိမ်သည်။ အလုပ်တာဝန်ကိုလဲ မထိခိုက်အောင် လုပ်ဖို့လိုသည်။ ဝန်ထမ်းလောကဆိုတာ အာမခံချက် မရှိမှန်းသိပေသိ လက်ရှိအလုပ်ကို စွန့်လွှတ်ဖို့ သတ္တိ မရှိသေး။ ပုံမှန် လစာလေး ရနေတာကိုပဲ ကျေနပ်နေရသေးသည်။ နှစ်ကုန် ဆုကြေးလေးရဖို့တော့ မျှော်လင့်မိလေ့ရှိသည်။ မနှစ်က နှစ်ကုန်ဆုကြေးအဖြစ် ခုနှစ်သိန်းလောက် ရတော့ ကိုယ်တေမှာ ပျော်လို့။ ကုမ္ပဏီလူကြီးတွေကို ကျေးဇူးတင်ရသည်။ ထိုငွေလေးဖြင့် နားပေါက်ဟောင်းလောင်းဖြစ်နေသော အမေ့ကို နားကပ်လေးတရံနှင့် ဆွဲကြိုးအသေးလေးတစ်ကုံး လုပ်ပေးတော့ အမေ့မှာ မျက်ရည်တွေ လည်လို့။ ခုနှစ်ကုန် ဆုကြေးလေး ရ ရင်တော့ အငယ်မအတွက် ဆွဲကြိုးလေးတစ်ကုံးလုပ်ပေးဖို့ ရည်မှန်းသည်။ အပျိုလေးဆိုတော့ အလှူ မင်္ဂလာဆောင်သွားစရာရှိလျင် အမေ့ဆွဲကြိုးလေးကို တလှည့်စီ ဆွဲသွားနေရတာ ကျွန်တော် မကြည့်ရက်။ ကိုယ်ပိုင် ဆွဲကြိုးလေး တစ်ကုံးတော့ လုပ်ဖြစ်အောင် လုပ်ပေးဖို့ ကျွန်တော် မှန်းထားသည်။ ဒါကလဲ ဆုကြေးလေး ရပါမှသာ မျှော်လင့်နိုင်မည် ဖြစ်သည်။ ပုံမှန် လစာနှင့် အသုံးစရိတ်ထဲ က စု ဖို့ကတော့ လုံးဝ မဖြစ်နိုင်တာ သေချာသည်လေ။

သင်္ကြန်မတိုင်ခင် အိမ်ကို ပြန်ခွင့် ရသည်။ အိမ်အပြန် မျက်နှာပန်းလှဖို့ ကုမ္ပဏီနဲ့ကိုယ်စားလှယ်တွေ မုန့်ဖိုးပေးပါစေ ဆုတောင်းရသည်။ တချို့ကိုယ်စားလှယ်တွေက ဝန်ထမ်းတွေကို စာနာတတ်သည်။ တနယ်တကျေးက သူတို့အကျိုးစီးပွါးတိုးတက်ရာ တိုးတက်ကြောင်း လာလုပ်ပေးကျသော ဝန်ထမ်းတွေရဲ့ ဘဝကို စာနာတတ်သူတွေက သင်္ကြန်အပြန် နှစ်သိန်း သုံးသိန်း မုန့်ဖိုးပေးကြသည်။ နှစ်သိန်းသုံးသိန်းဆိုတာ ချမ်းသာသူတွေအတွက် အရာမရောက်ပေမဲ့ ဝန်ထမ်းတွေ အတွက်တော့ တာသွားလှသည်။ တချို့ကျတော့လဲ ရသမျှ အမြတ် အိတ်ထဲ အကုန်သာ ထည့်တတ်ပြီး ကုမ္ပဏီဝန်ထမ်း ကုမ္ပဏီက လစာပေးနေတာပဲ ငါတို့ပေးစရာ အကြောင်းမရှိ ဆိုသူတွေလဲ ဒီလောကမှာ မရှားချေ။ စေတနာရှိသော ကိုယ်စားလှယ်တွေဆီ အလုပ်လုပ်ရသော ဝန်ထမ်းတိုင်း အိမ်အပြန် မျက်နှာပန်းလှကြသည်လေ။ ထို့ကြောင့် တနယ်တကျေးမှာ လုပ်နေရသော ဝန်ထမ်းတိုင်း သဘောကောင်းသော ကိုယ်စားလှယ်ဆီတာဝန်ကျဖို့ ဆုတောင်းတတ်ကြသည်။

သင်္ကြန်အပြန် မျက်နှာပန်းလှရင်တော့ အဖေ့ဖို့ ပုဆိုးနဲ့ အကျီ ၤ တစ်စုံ ဝယ်ပေးရအုံးမည်။ အဖေ ဥပုပ်စောင့်သွားလျင် ဝတ်နေကျ တိုက်ပုံနဲ့ပုဆိုးမှာ အရောင်ပင် မပေါ်တော့တာ ကြာပီ။ အမေ့နဲ့ နှမငယ် ဖို့ သနပ်ခါးတုံးလေးတွေ ဝယ်သွားရမည်။ ပါတိတ် ဝမ်းဆက်လေး နှစ်စုံလောက်လဲ ဝယ်ပေးချင်သည်။ အဝေးသင် တက်ရမဲ့ အငယ်မကိုလဲ မုန့်ဖိုး သက်သက်ပေးချင်သေးသည်။ မုန့်ဖိုးလေး ကောင်းကောင်းရရင်တော့ သင်္ကြန်ရက်အတွင်း ဆွမ်းကျွေးသင်္ကန်းကပ်လေး အကျဉ်းချုပ်လုပ်ပေးဖို့မှန်းသည်။ အိမ်မှာ အလှှူအတန်း မလုပ်ရတာ ဘယ်နှစ်နှစ်ကြာပီလဲတောင် မမှတ်မိချင်တော့။

ဒီတော့ အိမ်အပြန် မျက်နှာပန်းလှပါစေ။ လစာတွေတိုးပါစေ။ နှစ်ကုန်ဆုကြေးတွေများများ ရပါစေ ပဲ ညစဉ် ဆုတောင်းနေရတော့သည်။

( တကယ့် လက်ရှိဝန်ထမ်းလောကမှာ ဝင်ငွေ သုံးသိန်း ရှိတဲ့ သူတစ်ယောက်ဟာ အိမ်ကို နှစ်သိန်းထောက်ပံ့ဖို့ဆိုတာ ပို၍ပင် ခက်သေးသည်။ ဒီလို အခြေအနေမျိုးမှာ တစ်နေ့တာ လုပ်ခ ၅၆၀၀ ဝန်းကျင်ခန့်ပဲ ရနေသူတွေ ရဲ့ မိသားစုတွေ လက်ရှိကုန်ဈေးနှုံးတွေနဲ့ ဘယ်လို ရပ်တည်ကြပါ့မလဲ စဉ်စားရင်း ရင်မောရပါသည်။ဝန်ထမ်းမိသားစုအားလုံးအဆင်ပြေကြပါစေ။)

Sort:  

Will you follow me? 😊 @a-0-0

World of Photography
>Visit the website<

You have earned 5.10 XP for sharing your photo!

Daily Stats
Daily photos: 1/2
Daily comments: 0/5
Multiplier: 1.02
Server time: 03:16:01
Account Level: 1
Total XP: 108.45/200.00
Total Photos: 21
Total comments: 0
Total contest wins: 0
And have also received a 0.10 percent upvote.

Follow: @photocontests
Join the Discord channel: click!
Play and win SBD: @fairlotto
Daily Steem Statistics: @dailysteemreport
Learn how to program Steem-Python applications: @steempytutorials
Developed and sponsored by: @juliank

Coin Marketplace

STEEM 0.18
TRX 0.05
JST 0.022
BTC 16977.44
ETH 1270.60
USDT 1.00
SBD 2.15