တစ်သက်မှာတစ်ခါကြုံ ၊ တက္ကသိုလ်ကျောင်းသားဘဝ အဖုံဖုံ
၁၀ တန်းအောင်ပြီးတော့ တက္ကသိုလ်တက်တော့မယ်ဆိုတော့ မေဂျာရွေးရပြီလေ။ ရတဲ့ ကိုယ့်အမှတ်နဲ့ရတဲ့လိုင်းကိုရွေးတဲ့အခါ သိပ်ပြီးများများစားစားမရှိခဲ့ပါဘူး။ အဲ့ထဲကမှ သူများတွေပြောတဲ့ လိုင်းကိုရွေးခဲ့တယ်။ အင်ဂျင်နီယာ လိုင်း။ ဒီတော့ form တင်တာပေါ့။ ကိုယ်တွေတုန်းက ခုလိုမျိုး တက်ချင်တဲ့ကျောင်းမှာတက်လို့မရဘူးလေ။ သူ့သက်ဆိုင်ရာမြို့နယ်အလိုက် ရှိတဲ့နည်းပညာတက္ကသိုလ်ကိုပဲ တက်ရတာပေါ့။ ကိုယ်တွေတက်ရမယ့်ကျောင်းက တောင်ငူမြို့ မှာ ဗျ။ အဲ့လိုနဲ့ပဲ form ကျမယ့်နေ့ကိုစောင့်စားရင်း အိပ်လိုက်စားလိုက် နဲ့ နေတာ။ form တင်ထားတာလဲကြာပြီ တက္ကသိုလ်ဆိုတာကြီးလည်း တက်ချင်လှပြီလေ။ သို့ပေမဲ့ form ကတော်တော်နဲ့ကျမလာ ။ ကိုယ့်တခြားသူငယ်ချင်းတွေက ကျလာပြီ။ ကိုယ်ကကျမလာဘူး။ ဒါနဲ့ စုံစမ်းတော့ တောင်ငူ ကျောင်းကနေမပို့သေးတာတဲ့။ ကိုယ့်မှာက တစ်ဖြည်းဖြည်းစိုးရိမ်လာတယ်။ သူများ မေဂျာ တွေက ကျောင်းတောင်အပ်နေတဲ့အချိန် ကိုယ့်မှာက ဘာလုပ်ရမလဲမသိ ဖြစ်နေတာ။ အဲ့ဒါနဲ့ ဘကြီး တစ်ယောက်ကိုအကူအညီတောင်းရတာပေါ့။သူက လူပျော်ကြီးဗျ။ သား/သမီးတွေ က လုံလုံလောက်လောက် ထောက်ပံ့ပေးနေပါလျက်နဲ့ အိမ်မှာကိုမနေချင်တာ။ သူက ခရီးတွေသွားနေရရင်ကိုပျော်နေတာ။ အိမ်မှာမနေရရင်ပြီးရော။ အဲ့လိုလူမျိုးက ခုလိုအကူအညီတောင်းတယ်လည်းဆိုရော ချက်ချင်းကို ရောက်ချလာတာ။ အဲ့ဒါနဲ့ တူဝရီး နှစ်ယောက် တောင်ငူကို ချီတက်ကြပါလေရော။ အဲ့မှာ ကျွန်တော့်အကြောင်းနည်းနည်းပြောမယ်ဗျာ။
ကျွန်တော်ကငယ်ငယ်ကတည်းက မိဘတွေမပါပဲ ဘယ်ခရီးမှမသွားဖူးဘူး။ မသွားလည်းမသွားရဲဘူး။ နောက်တစ်ချက်က ကားစီးရင် အရမ်းမူးတတ်တယ်။ တစ်နေရာသွားပြီးရင် ပြန်မလာချင်တော့ဘူးဗျ။ ဘာဖြစ်လို့လဲဆိုတော့ ကားစီးရမှာ အရမ်းကြောက်လို့။ အဲ့လိုလူမျိုး။ ကဲ အဲ့ဒီလိုနဲ့ ဘကြီးနဲ့အတူ တောင်ငူသွားဖို့ပြင်ကြရော။ ဘကြီးက မြန်မာပြည်အနှံ့လျှောက်သွားနေတဲ့သူဆိုတော့ သူက ပြောတယ်။ အနွေးထည် ထူထူ ထည့်ခဲ့ တဲ့။ ကိုယ်ကလည်း ထည့်ဆိုတော့ထည့်ခဲ့တာပေါ့လေ။ ဒါနဲ့တောင်ငူသွားကြရော။ တောင်ငူကို ရထားနဲ့သွားကြတာဗျ။
ဟိုးလွန်ခဲ့သော ၁၂ ကျော်လောက်က တောင်ငူကို ညရထားတွေရှိတယ် ။ ရထားနံပါတ်တောင်မမှတ်မိတော့ပါဘူး ကြာပြီဆိုတော့လေ။ ပဲခူးကနေ ည ၁၀ နာရီဝန်းကျင်လောက်ကထွက်တာ တောင်ငူကို မနက် ၄ နာရီလောက်ရောက်ရော။ ကိုယ်တွေသွားရမည့်နေရာက ကန်ရိုးဆိုတဲ့ရွာကို။ ကိုယ်တက်ရမည့်ကျောင်းက အဲ့မှာကိုး။ တောင်ငူရောက်ရင် အဲ့ဒီကို ကားနဲ့ဆက်သွားရတာလေ။ အရမ်းအဝေးကြီးတော့မဟုတ်ပါဘူး။ အဲ့လိုနဲ့ကိုယ်တွေရောက်တဲ့အချိန်က မနက် ၄ နာရီလောက်ဆိုတော့ ကားတွေကမထွက်သေးဘူး။ အဲ့ဒီမှာ တောင်ငူလည်း ရထားကဝင်ရော ရာသီဥတု က ဘာအေးသလည်းမမေးနဲ့ ။ တော်တော်အေးတာ။ ကိုယ့်မှာက ခိုက်ခိုက်တုန်နေပြီ။ အော် စကားမစပ် ကိုယ်ကတောင်ငူမသွားခင် ဘကြီးလုပ်တဲ့သူက တစ်ခေါက်သွားပြီး စုံစမ်းပြီးတဲ့ အပြင် အဆောင်ပါ ဘယ်အဆောင်ကောင်းလဲ စုံစမ်းခဲ့တာ။ အဲ့လိုလူမျိုး။အဲ့ဒါတောင်ငူလည်းရောက်ရော ဆက်သွားဖို့ကားကမရှိ၊ ရောက်တဲ့အချိန်က မနက်စောစော၊ နေရာက ဘူတာ ၊ ပထမတော့ မိုးလင်းတဲ့ထိ ဘူတာမှာ ထိုင်စောင့်မယ်ပေါ့။ မရဘူး အေးလာတာနဲ့ လူကမခံနိုင်တော့ဘူး။ ဒါနဲ့ဘကြီးလုပ်တဲ့သူက "ကဲ လာသွားမယ်"ဆိုပြီး တော့ တူဝရီး နှစ်ယောက် ဘူတာကနေ တောင်ငူ ရွှေဆံတော်ဘုရား ထိ လမ်းလျှောက်ကြရတာ။ သေတ္တာတစ်လုံးလည်းပါတယ် ။ နှစ်ယောက် အတူတူ သေတ္တာကိုဆွဲပြီးလမ်းလျှောက်တာ ဘယ်လောက်မှ မလျှောက်ရဘူး၊ ကံကောင်းချင်တော့ ဆိုက်ကားတစ်စီးတွေ့ရော။ အဲ့ဒါနဲ့ ဘကြီးကို " ဆိုက်ကားနဲ့သွားမယ် ငှါးဗျာ အဘ သားမနိုင်တော့ဘူး" ဆိုပြီး ရွှေဆံတော် ဘုရားကိုဆိုက်ကားနဲ့သွားကြရောဗျာ။ ဘုရားလည်းရောက်ရော ၅ နာရီလောက်ရှိပြီ။ ကံထပ်ကောင်းချင်တော့ ဘုရားက တံခါးတွေဖွင့်နေတုန်း ၊ အဲ့ဒါနဲ့ ဘကြီးက အကျိုးအကြောင်းပြောပြီး တော့ တက်သွားကြတာပေါ့။ ဘုရားပေါ်လည်းရောက်ရော ဓမ္မာရုံထဲ ဝင် တော့မှ လူကိုနွေးသွားတာပဲ ။ ကိုယ်လည်းဘယ်ရမလဲ လွယ်အိတ်ကို ခေါင်းအုန်းပြီး တစ်ချိုးတည်းအိပ်တာ မနက် ၇ နာရီလောက် ဘကြီးနှိုးမှနိုးတာ ။ အဲ့လိုနဲ့ ဘုရားပေါ်ကဆင်းပြီး လမ်းဘေးကဆိုင်လေးမှာ ထမင်းကျော် ဝင်စား ၊ ကော်ဖီသောက်ပြီးမှ ကားဂိတ်ကို ဆိုက်ကားနဲ့ တူဝရီး နှစ်ယောက် သွားကြတာ။ အဲ့တုန်းက ကားခက တစ်ယောက် ၂၀၀ ရာ လားမသိဘူး။ ထားတော့ ။ ကိုယ်ကနေရာ မသိဘူး ။ဘကြီးက ကန်ရိုး GTC ကျောင်းပေါက်လို့ပြောပြီး နှစ်ယောက်သားစီးကြရော။ မကြာဘူး ကိုယ့်ရှေ့မှာ ကျောင်းကို ကားဖြတ်တာ မြင်တယ် ။ မသိဘူးလေ၊ တစ်ခါမှမရောက်ဖူးတာ မြင်သမျှကိုယ့်အတွက် အထူးအဆန်းပဲ။ပြီးတော့ ကိုယ့်စိတ်ထဲမှာ ရွာ ဆိုတော့ ရုပ်ရှင်ကားတွေထဲကလို ဝါးထရံလေးတွေ ဘာတွေနဲ့ပဲရှိမှာပေါ့ လေ ဆိုပြီး ကြည့်နေတာ ။အဲ့ဒါနဲ့ စိတ်ထဲမသင်္ကာလို့ "အဘ ခုနက သား နည်းပညာကောလိပ် တောင်ငူ ဆိုတဲ့ ဆိုင်းဘုတ်ကြီး တွေ့လိုက်တယ် ၊ အဲ့ဒါမဟုတ်ဘူးလား၊ ရောက်ဖို့ဘယ်လောက်လိုသေးလဲ " လို့မေးမှ သူက အပြင်ကိုလှမ်းကြည့်ပြီး "ဟ ကျော်သွားပြီ ဟ ၊ ဟေ့ စပါယ်ရာ ငါတို့ဆင်းမယ် ၊ မင်းကို ပြောထားရဲ့သားနဲ့ ကျော်သွားပြီကွ" လို့ပြောမှ ကားဆရာက " ဟိုး ဆရာရေ နှစ်ယောက်ဆင်းမယ်" လို့အော်တာ ။ အဲ့ဒါနဲ့ဆင်းပြီး ကျောင်းရှေ့ကို လမ်းပြန်လျှောက်လာရတယ၊် သေတ္တာကြီး ဆွဲပြီးပေါ့။ ကားဆရာ ချပေးတဲ့နေရာကိုလည်းကြည့်ဦးလေ ။ "အင်ပုတ်ဘုရား "ရှေ့တည့်တည့် ။ အင်ပုတ်ဘုရား ဆိုတာက သာမာန် စေတီလေးပါပဲ။ ဒါပေမဲ့ နာမည်ကြီး။ အဲ့ဒါလည်းနောက်မှသိရတယ်။ ထန်းရည် ရလို့လေ။ ဘုရားပတ်ပတ်လည်မှာ ထန်းပင်တွေ။ အရင်ဆုံး သေတ္တာကို ကျောင်းဂိတ်မှာအပ်ခဲ့ပြီး မေးရတာပေါ့။ အဲ့လိုနဲ့ကျောင်းကိုသွား ၊ နောက်ကျောင်းသားရေးရာ၊ အဲ့မှာ စုံစမ်းတော့မှ တက္ကသိုလ်ဝင်ခွင့် ဖောင်တွေကို မနက်ဖြန် နယ်တွေကိုစပို့မှာတဲ့။ တောင်ငူ ကသူတွေကိုတော့ ပို့ပြီးပြီတဲ့။ အော် မသိပါဘူး ကျွန်တော်တို့က ပဲခူးကပါ ဆိုပြီးအကြောင်းစုံရှင်းပြရတာပေါ့။ ပြီးတော့မှ ဒီမှာတင် လျှောက်သွားလို့ရမလားလို့မေးတော့ ရပါတယ်တဲ့။ အိမ်ထောင်စု စာရင်းတို့ ဘာတို့တောင်းတော့တာပေါ့။ သေရော ကိုယ်က တစ်ချို့ဟာတွေဘာမှပါမလာဘူး။ ပါလာတဲ့ဟာလေးတွေကိုတော့မေးပြီး ရွာထဲသွားပြန်ကူးရတာ။ နောက်ဆုံး မော်ကွန်းထိန်း နဲ့တွေ့ရော ။ သူက ဖောင်တင်ပေးထားပါတယ်တဲ့။ မပါသေးတဲ့စာရွက်စာတမ်းတွေကို ကျောင်းအုပ်ကြီး လက်ခံရင် ကျောင်းတစ်ခါတည်းအပ်သွားလို့ရပါတယ်တဲ့။ ခုတော့ အပြင်က ခဏ စောင့်ပေးပါတဲ့။ ကျောင်းအုပ်ကြီးခေါ်ရင် ဝင်သွားပါ တဲ့ ။ အဲ့ဒါနဲ့ တူဝရီး နှစ်ယောက် ရုံးခန်းအပြင်မှာ စောင့်နေတာပေါ့ ။ ရုံးခန်းက အပေါ်ထပ်မှာ ၊ လှေကား ကနေတက်တက်ချင်း ၊ကိုယ်တွေလည်းစောင့်နေရင်း ဟိုငေး ဒီငေးနဲ့ အောက်ကို ငုံကြည့်လိုက်တော့ မိန်းကလေး ၃ ယောက်တက်လာတာကိုတွေ့ပါလေရော ။ ကိုယ်ထင်တာက အော် ကျောင်းလာအပ်တာနဲ့တူတယ်ပေါ့။ လှေကားပေါ်ကတက်လာတော့ သူတို့က ကိုယ့်ကို တစ်ချက်ကြည့်လိုက်တယ်။ ဘယ်ရမလဲ ကိုယ်ကလည်းသေချာကြည့်တော့မှ အလယ်က တစ်ယောက်က အသားဖြူဖြူလေး တော်တော်ချောတာ၊ ဘယ်သူနဲ့ဆင်လဲလို့စဉ်းစားတော့ အဆိုတော် ရေဗက္ကာဝင်း နဲ့ခပ်ဆင်ဆင်ရယ် ၊စိတ်ထဲစဉ်းစားလိုက်တာ အော် တက္ကသိုလ် ကျောင်းသူ အမကြီးက တော်တော်ချောသားပဲပေါ့။ သူတို့ကရုံးခန်းခပ်တည်တည်ဝင်သွားတာ ။ကိုယ်ကလည်း သေချာကိုကြည့်နေတာ ဘာလုပ်မလို့လဲပေါ့ ။ အခန်းပြင်ထွက်လာတော့လည်းမသိသေးဘူး။ သူတို့လှေကားထိပ်ရောက်တော့မှ ရုံးခန်းထဲက စာရေးမက လှမ်းခေါ်မှ သိလိုက်တာ "ဆရာမ တဲ့ မော်ကွန်းထိန်းခေါ်နေလို့" တဲ့ ။ ဟိုက် သေစမ်းဟ။ အဲ့ဒါ ဆရာမ ဆိုပဲ ။ ငယ်ငယ်လေးဟ ။ နောက်မှ ထပ်သိရတာက အဲ့ဒီဆရာမက မေဂျာ တစ်ခု ရဲ့ ဌာနမှူးတဲ့ဗျာ။ သူငယ်တန်းကနေ ဆယ်တန်းထိ ဆရာမငယ်ငယ်လေးကို မမြင်ဘူးတဲ့ ကျွန်တော် တော်တော်ကိုအံသြသွားခဲ့ရတယ်။
...
... အပိုင်း (၂) ဆက်လက်ဖတ်ရှု့ပေးကြပါကုန် ...
....
Photo credit by-googleimage and facebook
...
MSC.NO - 238
@generalpyone
မမကြည်သာ ကျောင်းမာ ဆျာမ ပြန်လုပ်နေရင် သားလိုပဲ မမကို ထင်ကြမာရယ်😋😋
ဖစ်နိုင်တယ်
😍😍
အိုဆရာမတော့ဘာဖြသ်လဲ ဟိဟိ
ကွီး နေရာတကာပါတေ😏😏
Nice post,waiting part 2.
ok thanks
တောင်ငူမြို့ကြီး သာယာ လှလားဗျ။
နောက်ပိုင်းမှာပါ ပါမယ် အဲ့အကြောင်း
အလွမ်းရယ်မပြေဘူး
သတိအမြဲတမ်းရပါရဲ့
အားပေးနေပါတယ်
ပြန်လိုချင်တယ်
လွမ်းရယ်မပြေဘူး တို့ကျောင်းသား ဘဝ
Good Article
Waiting part2
thanks , part 2 is coming soon.
I am waiting part 2 bro good post
thanks