Again (Chapter 1)

in #myanmar7 years ago

t5n9axz4v5.jpg

တန်ဆောင်တိုင်တွင်း အိပ်ရေးပျက်ခဲ့မှုသည် ခုချိန်ထိ မရပ်တန့်နိုင်သေးပေ။ ရှမ်းနှစ်သစ်ကူး ပွဲတော်နှင့်အတူ အိပ်ပျက်ခြင်းက တဖန် ပြန်လည် ဝင်ရောက်လာခဲ့၏။ ပွဲထပ်လည်လို့တော့ မဟုတ်ပေ။ သူငယ်ချင်း တယောက်၏ သားလေး နေမကောင်း ဖြစ်သဖြင့် ဆေးရုံမှာ သွားစောင့် အိပ်ပေးနေရသောကြောင့် ဖြစ်၏။ သူငယ်ချင်းက တယောက်ထဲ စောင့်အိပ်ရ အဆင်မပြေဟု ဆိုသဖြင့် သွားရောက် အိပ်ကူရခြင်း ဖြစ်၏။ ကလေးက တရက်သားက အစားမှားပြီး အန်နေသဖြင့် ဆေးရုံတင်လိုက်ရခြင်း ဖြစ်၏။ အစပိုင်းက အိမ်မှာပင် ဆေးသောက် ဆေးစားနေရင်းက သက်သာနေပြီ ဖြစ်၏။ သို့ပေမယ့် နောက်ရက်မှာ ထပ်အန်နေသဖြင့် ဆေးရုံ တင်လိုက်ရခြင်း ဖြစ်၏။

ကလေးက မူကြိုအရွယ် (၅) နှစ်သားလေး ဖြစ်၏။ ဝမ်းမသွားဘဲ အန်ချည်းအန်နေ၏။ ဗိုက်လည်း နာသည်ဟု ကလေးက ပြော၏။ သူငယ်ချင်း လင်မယားလည်း စိတ်ပူပြီး ဆေးရုံသာ တင်လိုက်ခြင်း ဖြစ်၏။ နောက်ထပ် ကလေး (သမီးငယ်) တယောက်ရှိနေသေးသဖြင့် အမေက မစောင့်အိပ်နိုင်သဖြင့် အဖေ (ကျနော့် သူငယ်ချင်း) က စောင့် အိပ်ခြင်း ဖြစ်၏။ သူ တယောက်ထဲ ဖြစ်နေသဖြင့် ကျနော့်ကို အကူအညီတောင်းခြင်း ဖြစ်၏။ သူဆက်လာသည့် အချိန်ကလည်း ညဘက်ကြီးမှာ ဖြစ်၏။ တိတိကျကျ ပြောရလျှင် ကျနော်တို့ ဘောလုံး ကန်နေသည့် အချိန်ကြီး ဖြစ်၏။ ဘောလုံး ကန်ပြီးမှ phone ခေါ်ထားသည်ကို တွေ့ပြီး ပြန်ခေါ်ပြီး မေးမှ ကလေး ဆေးရုံ တင်ထားရမှန်း သိရ၏။

pxwc6whh32.jpg

ထို သူငယ်ချင်းက ဘောလုံးအတူ ကန်သည့် သူငယ်ချင်းပင် ဖြစ်၏။ ကလေး နေမကောင်းလို့ ဘောလုံး လိုက်မကန်ဖြစ်ဘူးဟုသာ သိထားခဲ့၏။ ဆေးရုံ တင်လိုက်ရသည် အထိ ဖြစ်မည်ဟု မထင်ထားခဲ့ပေ။ ကျနော့် သူငယ်ချင်း ခဗျာလည်း ဘယ်လို ဖြစ်သည် မသိပေ။ ပြီးခဲ့သော ရှေ့ (၂) လလောက်က သူ့သမီးငယ်လေး သွေးလွန် တုပ်ကွေး ဖြစ်သဖြင့် ဆေးရုံ တင်ရသေး၏။ ထိုစဉ်ကလည်း ဆေးရုံမှာ ရက် တော်တော် ကြာသွား၏။ သမီးငယ် တုန်းက သူငယ်ချင်း၏ အမျိုးသမီး စောင့်အိပ်၏။ ယခု သားအလှည့်မှာတော့ ကျနော့် သူငယ်ချင်းက စောင့်အိပ်ခြင်း ဖြစ်၏။

ကျနော်လည်း ခဏနား ရေချိုးပြီးနောက် သူငယ်ချင်းကို အိပ်စောင့်ကူူရန် ပြင်ဆင်ရတော့၏။ အိမ်ကို ဝင်ပြီး အမေ့ကို အကျိုး အကြောင်း ပြောပြပြီး ဆေးရုံသို့ သွားရန် ထွက်လာခဲ့၏။ ဆေးရုံ တန်းသွားလို့တော့ မဖြစ်သေးပေ။ ညစာ မစားရသေးဘူးကိုး။ ဘောလုံး ကန်ဖြစ်သည့် ရက်တွေမှာဆို ဘောလုံးကန်ပြီးမှ ထမင်းစား ဖြစ်၏။ ထို့ကြောင့် ညစာ စားချိန်က နောက်ကျ၏။ ည (၉) နာရီခွဲ၊ (၁၀) နာရီလောက်မှသာ ညစာ စား ဖြစ်၏။ စားနေကြ ထမင်းကြော်ဆိုင်မှာ ထမင်း ဝင်စားပြီး ဆေးရုံသို့ ထွက်လာခဲ့လိုက်၏။

ကျနော် ဆေးရုံကို ရောက်တော့ ည (၁၁) နာရီပင် ထိုးခါနီးပြီ။ ကလေးကတော့ အိပ်နေပြီ။ သက်သာလားဟု သူငယ်ချင်းကို မေးတော့ သိပ်တော့ မသက်သာသေးဘူး၊ ဒါပေမယ့် အန်တော့ မအန်တော့ဘူးဟု ပြော၏။ ကျနော်နှင့် သူငယ်ချင်းလည်း ခပ်တိုးတိုးလေး စကားစမြည်ပြော ဖြစ်၏။ ည (၁၂) နာရီ ထိုးခါနီးမှတော့ ကလေးက နိုးလာခဲ့၏။ ထိုအချိန်ကစပြီး ကျနော်တို့ (၂) ယောက် အလုပ်ရှုပ်တော့၏။

ဆက်ပါဦးမည်

Don Jaun

MSC 31

Sort:  

Thanks for using eSteem!
Your post has been voted as a part of eSteem encouragement program. Keep up the good work! Install Android, iOS Mobile app or Windows, Mac, Linux Surfer app, if you haven't already!
Learn more: https://esteem.app
Join our discord: https://discord.gg/8eHupPq

Coin Marketplace

STEEM 0.05
TRX 0.32
JST 0.084
BTC 61477.83
ETH 1589.93
USDT 1.00
SBD 0.47