အလင်းည ကုသိုလ်...

in #people6 years ago

`မိုးကုတ် ဆရာတော်ကြီး ကြွလာမယ်လို့ အီးမေးလ်ရတယ်ဗျ´

ဆရာတော် အရှင်ပရမ ရဲ့ တုံးတိကြီး မိန့်ချလိုက်တဲ့ အထက်ပါစကားကြောင့် ၀တ်ပြုရှိခိုးနေတဲ့ ဒကာ၊ ဒကာမတွေ အားလုံး ခေါင်းထောင် နားစွင့်လိုက်ကြတယ်။ ဆရာတော်ကပဲ...

သူက ဟိုဘက်က ပြည်နယ်ကို ကြွဖို့ရှိတာ၊ အဲဒါ ကျုပ်ကပဲ ဒီကို ၀င်ပြီး တရားတော်ချီးမြှင့်ပေးဖို့ ဖိတ်လိုက်တာပဲ´ဒါဖြင့် ဒီကို ဘယ်နေ့ကြွလာမှာလဲ ဘုရား´
လာမယ့် အင်္ဂါနေ့လို့ ပြောတာပဲ´ဟာ...၊ ဒါဆိုရင်တော့ တပည့်တော်တို့ အမြန်စီစဉ် ပြင်ဆင်ထားရမှာပေါ့ ဘုရား´

ဒီလိုနဲ့ပဲ `ပညာရာမ´ ဆိုတဲ့ မည်ကာမတ္တ ဘုန်းကြီးကျောင်း အသစ်စက်စက်လေးရဲ့ ဒကာ၊ ဒကာမတွေ နောက်တနေ့ တနင်္ဂနွေနေ့မှာ ချက်ချင်း အစည်းအဝေးခေါ်၊ စီစဉ်စရာ ရှိတာတွေ တက်သုတ်ရိုက် စီစဉ်ကြရတယ်။


တကယ်တော့ ကျနော်နေထိုင်ရာ ပြည်နယ်မှာ အရင်က မြန်မာဘုန်းတော်ကြီးကျောင်း မရှိခဲ့သေးပါဘူး။ ရောက်လာကြတဲ့ မြန်မာမိသားစု အသိုင်းအ၀ိုင်း နည်းပါးတာကြောင့် ဘုန်းတော်ကြီးကျောင်း ဖြစ်မြောက် လာဖို့လောက်အထိ အသိုင်းအ၀ိုင်း မကျယ်ပြန့်ခဲ့သေးတာက အဓိကအချက်ပါ။

ကံအားလျော်စွာနဲ့ပဲ လွန်ခဲ့တဲ့ လေးငါးလခန့်က ဒီပြည်နယ်ကို ရောက်လာတဲ့ အရှင်သူမြတ်နှစ်ပါးကို ဦးထိပ်တင် ပူဇော်လို့ ဒကာ၊ဒကာမတွေက နည်းများမဆို လှူကြတန်းကြရင်းတဲ့အတွက် ဗုဒ္ဓမြတ်စွာ သာသာနာတော် ထွန်းလင်းစေဖို့ နိမိတ်ဆောင်တဲ့ အနေနဲ့ `ပညာရာမ´ ဆိုတဲ့ ဘုန်းတော်ကြီး ကျောင်းတကျောင်းဖြစ်မြောက်လာခဲ့တယ် ဆိုပါတော့...။

အခုတော့ ဘုန်းကြီးကျောင်းရှိရုံတင် မက တရားဒေသနာတော် နာယူခွင့်ရလာဦးမယ့် အခွင့်အရေးမို့၊ အလုပ်အားရက် ဖြစ်ခြင်း မဖြစ်ခြင်းတွေ ဘေးချိတ်လို့ ကိုယ်တတ်နိုင်တဲ့ အစွမ်းကနေ ကျနော်တို့တတွေ ပါဝင်ပြင်ဆင်ကြလေရဲ့။


ကျနော်တို့မြို့ကို အခု ကြွလာတဲ့ ဆရာတော်ကတော့ မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်၊ ကျွဲဆည်ကန်အရပ်၊ မိုးကုတ် ၀ိပဿနာ၊ မင်္ဂလာရိပ်သာ တရားတော်ပြန့်ပွားရေး ဌာနချုပ်ရဲ့ ပဓာန နာယက ကမ္မဋ္ဌာန်း နည်းပြချုပ်ဆရာတော် နိုင်ငံတော် ကမ္မဋ္ဌာနာစရိယ၊ မဟာကမ္မဋ္ဌာနာစရိယ ဘွဲ့တံဆိပ်တော်ရ ဘဒ္ဒန္တဣန္ဒက ဖြစ်ပါတယ်။

ဆရာတော်ဟာ သိမှု၊ပွားမှု တရားတော်၊ ပဋိစ္စသမုပ္ပါဒ် တရားအရသာများ တရားတော်၊ တဏှာအလိမ်မိပုံ တရားတော်၊ သာသနာတော်၏အနှစ် တရားတော်၊ သရဏဂုံသုံးပါး တရားတော်နဲ့ Vipassana Meditation ကျမ်း (အင်္ဂလိပ်+မြန်မာ) အစရှိတဲ့ ကျမ်းဂန်တို့ကို ပြုစုရေးသားခဲ့ပြီး ပြည်တွင်းပြည်ပ သာသနာပြုလုပ်ငန်းပေါင်း များစွာကို တစိုက်မတ်မတ် ဆောင်ရွက်နေသူ သာသနာ့ အာဇာနည်တပါးဖြစ်ကြောင်း သိရှိရပါတယ်။


ရွှေပြည်ကြီးမှာတုန်းကတော့ မေမေက ခေါ်လို့ တခါတလေ ရောက်ဖြစ်ဖူးတဲ့ တရားပွဲတွေမှာ ရှေ့က ဘုန်းကြီးတိုင်ပေးတာ လိုက်ဆိုလိုက်၊ တခြားသူတွေက `တင်ပါ့ဘုရား´ ဆိုရင် ကိုယ်ကလဲ တင်ပါ့ဘုရား လိုက်ပြောလိုက်နဲ့သာ တရားနာဖူးတယ်သာ ရှိတယ်။ ဆရာတော်တွေ ဟောကြားခဲ့တဲ့ ပါဠိဒေသနာတော်တွေကို ပျင်းရိလှစွာနဲ့ပဲ နာယူခဲ့ဖူးတယ်။ ကုသိုလ်ရခဲ့ မရခဲ့တော့ မသိပါဘူး။ မရခဲ့ဖို့ကသာ များမယ် ထင်ပါရဲ့။

အခု ကြွလာတဲ့ ဆရာတော် ဘဒ္ဒန္တဣန္ဒက ကတော့ တရားပွဲတပွဲကို တရားနာပရိသတ်ရင်ထဲ အချိန်ကာလတိုအတွင်းမှာ ဆရာတော် ပေးချင်တဲ့ မက်ဆေ့ကို ထိထိမိမိ ပေးသွားနိုင်တဲ့ ဆရာတော်ပါပဲ။ `ဗုဒ္ဓဘာသာဝင်´ ဆိုတဲ့ အဓိပ္ပာယ် ဖွင့်ဆိုချက်နဲ့ ဓမ္မက္ခန္ဓာပေါင်း ၈၄၀၀၀ အကြောင်း အကျဉ်းကနေ အစပြုဟောကြားရင်း မိမိခန္ဓာကိုယ်က ပေးတဲ့ ဒုက္ခကို မမေ့မလျော့ ဆင်ခြင်အပ်ဖို့၊ သတိတရားလက်ကိုင်ထားလို့ ငြိမ်းချမ်းရာ ရမယ့် အကြောင်းတွေကို ပရိသတ် ညည်းငွေ့မှု စိုးစဉ်းမျှ မရှိအောင် အမေးအဖြေ အသောအနှောနဲ့ ဟောကြားသွားတာဟာ အချိန်ကုန်လို့ ကုန်မှန်းတောင် မသိလိုက်ပါဘူး။

ကြွားလိုက်ပါဦးမယ်။ ကျနော် ကလိုစေးထူး ကြိုးစားပမ်းစားနဲ့ စီစဉ်ခဲ့တဲ့ အုန်းပွဲ၊ ငှက်ပျောပွဲကို ဆရာတော်က တခုတ်တရနဲ့ ထုတ်ဖော် ချီးကျူးလို့ မျက်နှာကြီး စပ်ဖြီးဖြီးနဲ့ ကျေနပ်ခဲ့ရပါသေးတယ်။ ရှားတောင့်ရှားပါး အုန်းသီးစိမ်းကို မရရအောင် ရှာကြံဝယ်ပြီး အညှာတံမကျိုးရလေအောင် ဂရုတစိုက်နဲ့ သပ်သပ်ရပ်ရပ် ပြင်ဆင်ပေးခဲ့ကျိုးကို ဆရာတော့် ချီးကျူးစကားက ပင်ပန်းရကျိုးနပ်စေခဲ့တယ် ပြောရမလားပါပဲ။

တရားပွဲစတော့ ဘယ်လိုက ဘယ်လို ရှေ့ဆုံးမှာ ထိုင်မိတယ်လဲ မသိ၊ ဖြစ်ချင်တော့ ဆရာတော်နဲ့ အနီးဆုံးနေရာမှာ ထိုင်မိလျက်သား ဖြစ်နေတော့ တင်ပါ့ ဘုရား´မှန်ပါ့ ဘုရား´ နဲ့ အလိုက်သင့် လျှောက်နေတာ ဆရာတော်က ကြာတော့ သတိထားမိတယ် ထင်ပါရဲ့။ ဒကာလေးနာမည် ဘယ်သူတုန်း´ လို့ မေးပြီး တခုခုဆိုဟုတ်သလား ဒကာလေး´ `မှန်ရဲ့လားကွဲ့ ဒကာလေး´ ဆိုပြီး နာမည်တပ်တပ် မေးတော့တာကို ပြန်လျှောက်ရတာ ဘာလိုလိုနဲ့ တရားနာခံ ဖြစ်သွားတယ်။ :D

ဒီနေ့ည တရားပွဲမှာ ကျနော် အနှစ်သက်မိဆုံး အယူအဆရေးရာနဲ့ ဆိုင်တဲ့ဆရာတော်ရဲ့ ဟောကြားချက်ကတော့ `ကျဉ်းမြောင်းတဲ့ ခံယူချက်´ နဲ့ပတ်သက်တဲ့ ဟောပြောမှုပါ။ ဘာသာတရား မတူသောသူတွေသည်လဲ သတိတရား လက်ကိုင်ထားပြီး ဒေါသ၊ လောဘ၊ မောဟတွေကို ပယ်ဖျောက်နေနိုင်ရင် ငြိမ်းချမ်းမှုကို ရနေတာ ဖြစ်တယ်ဆိုတဲ့ အယူအဆကို လက်ခံနှစ်သက်မိပါတယ်။


တရားပွဲပြီးတော့ ညဥ့်နက်လုတောင် ရှိနေပါပြီ။ ဒီလူတွေပဲ ရှိတာဆိုတော့ ဒီလူတွေပဲ သိမ်းဆည်း၊ ဆရာတော်နားမှာ မေးလျှောက်ချင်တာလေးတွေ လျှောက်သူက လျှောက်။ နောက်တော့ အသီးသီးလမ်းခွဲကြလို့။

တကယ်တော့ ကျနော်တို့အတွက် အလုပ်တွေများတာကို အကြောင်းပြပြီး တရားကို မေ့လျော့နေရာကနေ တရားထူးနာခွင့်က ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာခဲ့တဲ့ ကုသိုလ်ထူးညတည မဟုတ်ပါလား။

ဒီတော့ ဒီညကို အလင်းညကုသိုလ်... လို့တောင် တင်စားလိုက်ချင်ပါရဲ့။

Sort:  

Congratulations @naypaing! You received a personal award!

Happy Birthday! - You are on the Steem blockchain for 1 year!

You can view your badges on your Steem Board and compare to others on the Steem Ranking

Vote for @Steemitboard as a witness to get one more award and increased upvotes!

Coin Marketplace

STEEM 0.28
TRX 0.11
JST 0.034
BTC 66272.75
ETH 3183.00
USDT 1.00
SBD 4.09