နွားနို့နှင့် အရက် (TinMyoAung)

in #myanmar7 years ago

image
ကိုစံခိုင်သည် စိတ်ကောက်ကောက်နှင့် အိမ်မှ ထွက်ခဲ့၍ ရွာရိုးလမ်းမ လျှောက်ခဲ့၏။

အကြောင်းမှာ သူ အလုပ်က ပြန်လာ၍ ဇနီးသည်အား “ဟေ့ ရှင်မ၊ ညစာ ဘာချက်သလဲကွ” ဟု မေးလိုက်သော် ဇနီးသည်က ...

“ကိုစံရေ ... ကျမ ခုညနေ မိုးရွာနေလို့ ဈေး မသွားနိုင်တာနဲ့၊ ဟို ကာကာဆိုင်က ရရာဘဲ၊ ငါးသေတ္တာကြော်၊ ပဲနီလေး ရေချိုချက်၊ မသောင်းဆီက သရက်သီးပိုးတီ ဝယ်သုပ်တယ် ...”

ဤဟင်း အစပ်အဟပ်သည် တယ်ပြီး မညံ့လှကြောင်း စာဖတ်သူ သိပေမည်။ သို့သော် သားစိမ်း ငါးစိမ်းနှင့်မှ ထမင်း မြိန်တတ်သော ကိုစံခိုင် မကျေနပ်။

“ဒီဟင်းမျိုး ငါ မကြိုက်ဘူး ဆိုတာ မင်း သိသားနဲ့ကွာ ...” ဟု တောက်တီး မြည်တွန်ပြီး လာခဲ့ခြင်း ဖြစ်ပေ၏။

ရွာထိပ် ရောက်လတ်သော် ဝင်လုဆဲ ကြက်ဥနှစ်ရောင် ဘာနုရာဇာကို မျက်နှာမူ၍ လမ်းဘေး ကမူလေးပေါ်၌ ခြေပစ်လက်ပစ် ထိုင်ချလိုက်၏။

ညနေက မိုးကလေး ရွာထားသဖြင့် ပတ်ဝန်းကျင်က မြစိမ်းရောင် မြက်ခင်းပြင်မှာ မိုးရေပေါက်ကလေးများ သီး၍ ဝင်လုဆဲ နေရောင်ဖြင့် ရွှေရောင် ငွေရောင် တောက်ပြောင်နေ၏။

ယင်းအခိုက်ဝယ် နွားတအုပ်သည် ခေါင်းချင်းယှဉ်၍ ဖောလင်းစီကာ နေကို နောက်ခိုင်းလျက် မြရည် ဆမ်းထားသော မြက်ခင်းပြင်ကို တဖြုတ်ဖြုတ် ကိုက်စားကာ ကိုစံခိုင် ရှိရာသို့ ဦးတည် လာကြကုန်၏။ သူတို့ စားပုံမှာ မြိန်ရည်ရှက်ရည် ရှိလှသည်။ မာလီကုလား စက်လှိမ့်သွားဖြင့် ဖြတ်ဘိသကဲ့သို့ မြက်အဖျားကလေးတွေ ညီညီပြတ်အောင် တကောင်နှင့် တကောင် အပြိုင် စားပြကြသည့်နှယ် ရှုချင်စဖွယ် ရှိလှသည်။

ကိုစံခိုင်သည် ၄င်းတို့ကို ကြည့်၍ သက်ပြင်းချ၏။ သံဝေဂလည်း ရလာ၏။

ကြည့်စမ်းပ၊ ငါတို့လူများ မှီတင်း နေထိုင်ရသော နွားသတ္တဝါမျိုးသည် မြေမှပေါက်သော မြက်ကိုသာ အကောင်းဆုံး ထား၍ စားကြရရှာ၏။ သူတို့လုပ်စာ ဆန်စပါးဖြင့် အသက်ရှင်နေရသော ငါတို့မူ ထမင်းများ ပေယျာလကန် ထား၍ ဟင်း အကောင်းအဆိုးကိုဘဲ ရွေးချယ် နေကြသေးသည်။ ၄င်းနွားမျိုးတို့မူ သူတို့လုပ်စာ စပါးကို နှာဖျားနှင့်မျှ တို့ခွင့်မရ။ ကောက်ရိုးသာ လူများ မိမိတို့ စားမဖြစ်၍ ခွဲဝေပေးကြ၏။

နွားဘဝသည် ဆိုးလှပေစွ။

ကြည့်ပ၊ သူတို့ နွားလားမြောက်၍ နွားပေါက်ကလေး ဖြစ်လျှင် နဖားဖောက်ပြီး သင်းကွပ်ပစ်၏။ ထို့နောက် ထမ်းပိုးခွင် သွင်း၏။ မသေမချင်း ခိုင်းစေ၏။ လူ့ အခိုင်းခံ တိရစ္ဆာန် ဖြစ်ရတာဝယ် ဗမာပြည်မှာ နွားသတ္တဝါသည် အဆိုးဆုံးပေ တကားဟု လယ်သမားသား ဖြစ်ခဲ့သူ ကိုစံခိုင်က ဆုံးဖြတ်ချက် ချလိုက်၏။

ယင်းသည့်ကြိုက် သူ့စိတ်တွင် အိမ်မှာတုန်းက ဟင်းမကောင်း၍ ဖြစ်ပေါ်လာခဲ့သော နောက်ကျမှု ပျောက်သွား၏။

ထို့နောက် သူ့ဆီ ရှေ့တူရူ လာနေသော နွားအုပ် နီးကပ် လာလေသော် မိမိ တွေးတောနေသော ခိုင်းနွားမျိုး မဟုတ်၊ နို့စားနွားမများ ဖြစ်နေကြောင်းကို တွေ့ရ၏။

ယင်း၌ ကိုစံခိုင်၏ နေရပ်ဒေသကို ဖော်ပြလိုသေးသည်။ ရန်ကုန်မြို့၏ ဆင်ခြေဖုံး ဒေသဖြစ်၍ ထိုဒေသတွင် ကုလားများသည် ၄င်း၊ ဗမာများသည် ၄င်း နို့စားနွားမများဖြင့် အသက်မွေးဝမ်းကျောင်း ပြုကြ၏။

ကိုစံခိုင်သည် ယင်းနွားတင်းကုပ်များ သွားရောက် လေ့လာဘူးသဖြင့် နို့စားနွားမများ အကြောင်း ကောင်းကောင်းကြီး သိနေ၏။

လူတို့သည် နွားနို့ကို လူနှင့်တည့်သော ဓာတ်စာ အဖြစ်နှင့် သုံးဆောင်ကြ၏။ အချို့ တရားဘောင် ဝင်၍ သီလ စောင့်ထိန်းသူတို့သည် နွားနို့ကို သက်သတ်လွတ် မွန်မြတ်သော အာဟာရ အဖြစ် မှီဝဲကြ၏။ သို့သော် နွားမ​ တကောင်မှ နေ့စဉ် နွားနို့ ညှစ်ရပုံကို လေ့လာမိသော်ကား ထိုတရားရှင်တို့ကို ဟက်ဟက်ပက်ပက် ရယ်မောပစ်ဖို့ ကောင်းတော့၏ဟု ထိုနွားမများ ကြည့်ရင်း ကိုစံခိုင် တွေးမိ၏။

စင်စစ် လူသည် နွားနို့ ယူရာ၌ မိခင် နွားမကြီးနှင့် သားငယ် နွားကလေးကို ရက်စက်လွန်းရာ ကျသည်။

နွားမသည် လူကဲ့သို့ပင် ပဋိသန္ဓေကို ၉- လလွယ် ၁၀- လတွင် မွေးရသည်။ နွားကလေး မြေသို့ ဖုတ်ကနဲ ရောက်ပြီးနောက် မိခင်သည် တုံးလုံး ခွေနေသော နွားကလေး၏ ကိုယ်မှ အညှိအရွဲတို့ကို လျှာဖြင့် လျက်ပေး၏။ ထိုအရာများ ကင်းစင် ခြောက်သွေ့လေသော် နွားကလေးသည် မြေပေါ်မှ ကားရားကလေး ထ၍ မိခင်နို့ကို စို့တော့၏။

ကျွန်ုပ်တို့ လူသားမှာ သားငယ်အတွက် မိခင်တွင် နို့နှစ်လုံးသာ ရှိသည်။ နွားများမူ သူတို့၏ ကြီးမားသော ခန္ဓာကိုယ်တို့ တည်ဆောက်ရမည် ဖြစ်၍ နို့ ၄- လုံးပင် ရှိသည်။ သို့သော် နို့စားနွားမများ၏ သားငယ်မှာ တလုံးကိုမျှ ဝဝလင်လင် စို့ခွင့် မရရှာပေ။

အသို့ဟူမူ ၇- ရက်အတွင်း နွားမ၏ နို့ချစဉ် အခါသာ (လူသောက်၍ မဖြစ်၊ ကျိုလိုက်လျှင် ဒိန်ချဉ်ကဲ့သို့ ခဲသွားသည်) နွားကလေးအား အဝအလင် စို့စေ၍ ဤမှကျော်မူ လူသုံးရန် နို့ကောင်းလာသည်၌ နွားကလေးအား ပေးမစို့တော့ပေ။

နို့စားနွားမများ မွေးသော နွားတင်းကုပ်ကို သွားကြည့်ပါ။ နွားကလေးနှင့် နွားမကြီးကို အလယ်မှ နွားစားခွက် ခြား၍ မျက်နှာချင်းဆိုင် ချည်ထားသည်။ ကြိုးမှာ အိပ်သာ ထသာ ရှိ၍ နွားကလေး၏ ခေါင်းသည် မိခင်နို့ဆီသို့ မရောက်နိုင်။ နွားမကြီးမှာလည်း သားငယ်ဆီသို့ နို့ရောက်အောင် ကိုယ်ကို လှည့်မပေးနိုင်ရှာပေ။

မနက် တကြိမ် နေ့ခင်း တကြိမ် တနေ့နှစ်ခါ နို့ညှစ်သော အခါမှသာ လူသည် နွားမ နို့ချရန် နွားကလေးအား ခေတ္တ ပေးစို့သည်။ ဤပုံကို မြင်ရလျှင် လွန်စွာ သနားစရာ ကောင်းသည်။

တချိန်လုံး မိခင်၏ နို့ကို မြင်ရုံသာ မြင်ရ မဝင်ရ ဖြစ်နေသော နွားကလေးသည် လူက သူ့ကြိုးကို ဖြေလျော့ လိုက်သည်နှင့် တပြိုင်နက် မိခင်နို့ဆီသို့ တအားပြေးကာ နှာခေါင်းနှင့် ဆောင့်၍ စို့လေသည်။ မိခင်က သားငယ်အတွက် နို့ကို ချပေးလိုက်၍ တစုတ် နှစ်စုတ်မျှ စို့ရသေးသည်။ နွားငယ်၏ လည်ပင်းက ကြိုးကို ဆောင့်ဆွဲကာ ငုတ်တိုင်မှာ ပြန်ချည်ပြီး နွားမကြီး၏ နို့ကို အတင်း ဆွဲညှစ်တော့၏။

နွားကလေးမှာ တဘဲဘဲ အော်၍ တရုန်းရုန်း။

အချို့ နွားမများသည် သားငယ်အတွက် မဟုတ်မှန်း သိသည်နှင့် မိမိနု့်ကို လူညှစ် မရအောင် ပြန်တင်း (အောင့်ထား) လိုက်တတ်သည်။ ဤအခါ၌ လူသည် “ဒီနွားမ အကျင့် မကောင်းဘူး၊ သဘောယုတ်သည်” ဟု ဆဲရေးပြီး နွားချေးတွန်းခုံနှင့် ကျောကို ခုတ်၏။ နာဖန်များသော် ထိုနွားမ အကျင့်ပျောက်ရတော့၏။

မိတ်ဆွေသည် နွားစားကျက်များ၌ ၄င်း၊ တာလမ်း နံဘေးတွင် ၄င်း နို့စားနွားမအုပ်များကို မြင်ဘူးပေမည်။ ၄င်းတို့တွင် နွားငယ်က မိခင်နို့ စို့နေသည်ကို တွေ့ဘူးပါသလား။ သားသည်မအေ မပါလို့ဟု ထင်ပေမည်။ စင်စစ် ထိုနွားအုပ်မျိုးမှ တဝက်ကျော်ကျော် နွားမတို့သည် နို့စို့ကလေး၏ မိခင်များ ဖြစ်ကြကုန်၏။ သို့သော် သူတို့ သားငယ်များ ပါမလာခဲ့ကြချေ။ နွားတင်းကုပ်ထဲမှာ ချည်လျက်သား တန်းလန်း ကျန်ရစ်ခဲ့ကြ၏။

နွားငယ်များသည် နံနက် ဝေလီဝေလင်း ကတည်းက လူများ မောင်းထုတ်၍ ခွဲခွါ သွားကြရသော မိခင်များကို တမျှော်မျှော် နေကြကုန်သည်။ နေ့လယ် ၂- နာရီခွဲခန့်၌ ပြန်ရောက် လာကြပါ၏။ သို့သော် နံနက်တုန်းက ကဲ့သို့ပင် နွားမ နို့ချအောင် တချက် နှစ်ချက်မျှ ဆောင့်စို့လိုက်ခြင်းမှ တပါး ချည်တိုင်တွင် တရုန်းရုန်းနှင့် ပြန်နေကြရပါသည်။

မိခင်နှင့် သားသည် ဘယ်သောအခါမျှ ချုတ်ချယ်မှု ကင်းကာ ပူးပူးကပ်ကပ် နေရပါသနည်း။ တနေ့လျှင် ပိဿာပေါင်းများစွာ ကျသော နွားမတို့၏ နို့သည် တဆယ်သားမျှ ညှစ်မထွက်သော အခါမှ လူတို့က လွတ်လပ်ခွင့် ပေးလိုက်တော့၏။

ဤအခါတွင် နွားကလေးမှာ အခါလည်သားမျှ ရှိပြီဖြစ်၍ မိခင်၏ နို့ပိန်ကို ဆွဲစို့သော်လည်း အာမျှ မစွတ်တော့ပြီ။ လူသားဆိုလျှင် မည်မျှ ကြေကွဲစရာ စကားတွေ ပြောချိမ့်မည်နည်း။

“သားရယ် ... မေမေ့နို့တွေ ရှိတုန်းကတော့ သား စို့ခွင့် မရခဲ့ဘူး၊ အခုဖြင့် မေမေ့နို့လဲ မထွက်တော့ဘူး၊ သားကလဲ အာကြမ်းလာလို့ မရှိတဲ့ နို့ပိန်ကို ဆောင့်ဆောင့်စို့တော့ မေမေ့နို့အုံ အောင့်လှပါတယ်။ သား မစို့ပါနဲ့တော့ ...”

နွားမကြီး၏ ဝမ်းမှာ နောက် ပဋိသန္ဓေ ကလည်း ရင့်လာပြီ ဖြစ်၍ ထိုသားကို နို့ခွဲပစ် လိုက်တော့သည်။

ဤအခါ၌ ထိုနွားကလေးများကို အပြင်နွားအုပ်ထဲမှာ မြင်နိုင်ပါသည်။ နို့မြက်သားကလေးတွေ ဖြစ်၍ အရိုးဂေါက်ဂက်နှင့် ပိန်လှီလှ၏။ နို့စို့ရွယ် ကလေးစိတ် ကုန်၍ ကောက်ရိုးမြက်တို့ကို ဟက်ဟက်ပက်ပက် စားနိုင်တော့မှ နာလှန်ထူလာ၏။

ချွင်းချက်။ ။ နို့စားနွားမ မွေးသူတို့တွင် အနည်းငယ်သော ရာခိုင်နှုန်းစုသည်သာ နွားကလေးကို သူတို့ ညှစ်ယူပြီး နို့ကျန် အနည်းငယ် ပေးစို့တတ်၍ အများအားဖြင့် ဆိုလျှင် ဖော်ပြခဲ့သည့် အတိုင်း နွားမ နို့ချပေးရန်မှ တပါး ပို၍ စို့ခွင့် မရရှာချေ။

ထို့ကြောင့် ကျွန်ုပ်တို့သည် နို့စားနွားမအုပ် ထဲ၌ ပိန်လှီသော နွားငယ် အခါလည် နှစ်ခါလည်ရွယ် ကလေးများကို မြင်ရခြင်း ဖြစ်၏။

ကိုစံခိုင်သည် သူ့ရှေ့တွင် ရှိနေသော နို့စားနွားမ အုပ်စုကို ကြည့်လျက် အထက်ပါ အကြောင်းများကို ပြန်ပြောင်း တွေးတောကာ နွားသတ္တဝါများကို ကရုဏာ ပွါးနေခြင်းဖြင့် သူ့အိမ်က ထမင်းဟင်း ကိစ္စကို မေ့လျော့ သွားလေသည်။

ထို့နောက် နေလုံးပျောက်ပြီး မှောင်ရိပ်သန်းစ ပြုလာ၍ အိမ်ပြန် လာခဲ့တော့မှ ပြန်သတိရ၏။

အင်း ... မဖြစ် ဖြစ်သလို မျိုရတော့မှာ ပေါ့လေ။

သူ့အိမ်ဝင်းထဲ ဝင်လာခဲ့သော် နောက်ဖေးတန်း၍ နေသော ကိုဖိုးတေ ဆိုသူသည် လက်တဖက်က ဒန်ချိုင့်ကလေးကို ကိုင်၍ တဖက်က အာတာပုလင်းကလေးကို ကိုင်ကာ လာနေသည်ကို မြင်ရသဖြင့် ...

“ခင်ဗျား လက်ထဲက ဘာတွေတုန်းဗျ ကိုဖိုးတေ”

ကိုဖိုးတေသည် ပေယဉ်းယဉ်းနှင့် ပြုံး၍ ...

“ပုလင်းထဲကတော့ ဟိုဒင်းလေး ... တစိတ်ပါဘဲ”

ကိုဖိုးတေသည် အရက် ချက်ရောင်းသူ ဖြစ်၏။

“ဒီဒန်ချိုင့်ကတော့ ခါလီပါ၊ ကိုအောင်ခ အိမ် နွားနို့ သွားယူမလို့”

ကိုစံခိုင်သည် ကိုဖိုးတေလို အရက်သမား၊ နွားနို့ မကြိုက်ဖူး ဆိုတာ သိသည်။

“ဒီအချိန်ကြီးမှာ ခင်ဗျားက နွားနို့ ဘာလုပ်ဖို့လဲဗျ၊ အရက်နဲ့များ ရောသောက်မလို့လား”

ကိုဖိုးတေသည် မျက်နှာကို ပစ်စလက်ခတ်ကြီး ရှုံ့၍ ...

“ကြံကြံဖန်ဖန်ဗျာ၊ အိမ်မှာ ယောက်ခမ သူတော်ကောင်း တရားရှင်မကြီး အချိန်မတော်မှ ရောက်လာပြီး သက်သက်လွတ် နွားနို့နဲ့ ပွဲတော် တယ်ချင်တယ် ဆိုလို့ဗျ”

ကိုစံခိုင်သည် နှာခေါင်း ရှုံ့လိုက်ပြီး ...

“လူများ အဲဒါ ခက်တာဘဲ၊ ဒါနဲ့ ဒီအချိန်မှ ကိုအောင်ခအိမ် နွားနို့ ရပါအုံးမလားဗျ။ သူတို့အားလုံး နွားမတွေ ညှစ်ပြီး ပို့လိုက်ကရောပေါ့”

ကိုဖိုးတေက သူ့ပုလင်းလေးကို မြှောက်ပြ၍ ...

“ဟောဒါနဲ့ဆို ကိုအောင်ခက အစိတ်သားလောက်တော့ သူ့နွားမတွေဆီက မရရအောင် စုညှစ်ပေးမှာပေါ့ဗျာ၊ သွားမယ်ဗျာ ...”

ကိုစံခိုင်သည် ကိုဖိုးတေနှင့် လူချင်း မျက်နှာလွှဲ၍ အိမ်ဘက် လှည့်လိုက်သည်နှင့် ကြမ်းပြင် တိုက်နေသော သူ့ဇနီးက ...

“ကိုစံ၊ ကျမလဲ နွားနို့ အစိတ်သား ယူထားတယ်”
“ဟဲ့ ... ဘာလုပ်ဖို့လဲ”
“ရှင် ... ခုည ထမင်းမြိန်မှာ မဟုတ်တော့ အိပ်ရာ ဝင်ခါနီး နွားနို့ကလေး ဘိုက်ပြည့်အောင် သောက်လိုက်ဖို့လို့”

ယင်း၌ ကိုစံခိုင်သည် ရုတ်တရက် စိတ်ကူးပေါက်၍ လမ်းမသို့ အမြန်ထွက်ကာ ...

“ကိုဖိုးတေ ... ကိုဖိုးတေ” ဟု လှမ်းခေါ်ကာ ...

“လာဗျို့ ... ပြန်ခဲ့ဗျို့၊ ခင်ဗျားဘို့ နွားနို့ ဒီမှာ ရှိတယ်”

ကိုဖိုးတေ ပြန်လာပြီး ...

“ခင်ဗျား ... ဘယ်က ရတာလဲ”
“ကျုပ် သောက်မလားလို့ အိမ်ကမိန်းမ ဝယ်ထားလိုက် သတဲ့ဗျာ။ အဲဒါ ... ကျုပ် မ​သောက်ဘူး၊ ခင်ဗျားဘဲ ယူတော့ ...”

ယင်း၌ ကိုဖိုးတေက အနည်းငယ် ငံ့ပြီး ...

“ဒါပေမယ့် ကျုပ်မှာ ပိုက်ဆံ မရှိဘူး၊ ဟောဒါဘဲ ပါတယ်”
“ကျုပ်ကလဲ အဲဒါဘဲ လိုချင်နေတာ ...”

ကိုစံခိုင်သည် အရက် သောက်ခဲ့ဘူးပါသည်။ ယခုမှ ဘုရားလဲ မကြိုက်၊ အများလဲ မကြိုက်၊ မယားလဲ မကြိုက် ဆို၍ ဖြတ်ထားခဲ့ခြင်း ဖြစ်သည်။

သို့သော် ယခု တနပ်စာ ဝမ်းအာဟာရ အတွက်ကား နွားနို့ကို သောက်သည်ထက် ဘယ်တိရစ္ဆာန်၏ ပယောဂမှ မပါသော အရက်ကို သောက်ခြင်းက ပိုမို မွန်မြတ်သည်ဟု ယူဆကာ နွားနို့နှင့် အရက် လဲလိုက်ပေတော့သည်။

ကိုစံခိုင်သည် ထိုညက အရက် တစိတ်နှင့် အလွန်တရာ ထမင်း မြိန်လှတော့၏။

အိပ်ရာဝင်သော အခါလည်း သူ့ယူဆချက်သူ အင်မတန် ကျေနပ်လှတော့၏။
Myanmar Steemit Community
Author @TinMyoAung
MSC-002

Sort:  

မသောက်ဖူးသေးဘူး ဟီးး

သွား​သောက်​မယ်​​လေ

@eileenbeach has voted on behalf of @minnowpond. If you would like to recieve upvotes from minnowponds team on all your posts, simply FOLLOW @minnowpond.

    To receive an upvote send 0.25 SBD to @minnowpond with your posts url as the memo
    To receive an reSteem send 0.75 SBD to @minnowpond with your posts url as the memo
    To receive an upvote and a reSteem send 1.00SBD to @minnowpond with your posts url as the memo

ကောင်းသောပြောင်းလဲခြင်းလေးပေါ့

ကျေးဇူးပါပဲ

ဗဟုသုတရ၏

ကျေးဇူးပါပဲ မမပြည့်

ကျေးဇူးပါပဲ မမပြည့်

ကျေးဇူးပါပဲ

ကျေးဇူးပါပဲ အကို

ဖ်တ်​လို့​​​ကောင်း​တယ်

နွားလေးတွေ သနားပါတယ်

ကျေးဇူးပါပဲ ဖတ်​​ပေးလို့

ဟင် နွားကလေး တေ က နို့ မစို့ ရဘုးလား

ဟုတ်​တယ်

ကျေးဇူးပါပဲ

Coin Marketplace

STEEM 0.26
TRX 0.11
JST 0.033
BTC 64507.66
ETH 3080.07
USDT 1.00
SBD 3.85