ကျမရဲ့ငယ်ရွယ်စဉ် အချိန်လေးများ
ကျမကလေ မှော်ဘီသူသာဆိုတာ ကျမအသက်၂၆နှစ်အတွင်းမှာ မှော်ဘီမြို့မှာ နေရတဲ့အချိန်က ခပ်ရှားရှားရယ်,ကျမဘဝသက်တမ်းတစ်လျှောက်မှာ မှော်ဘီမှာနေရတဲ့နှစ်က ကျမအတွက် လက်ချိုးရေလို့ရတယ်လို့ ပြောရပါမယ်။မူလတန်းကနေ အထက်တန်း တက္ကသိုလ်ဝင်တန်းအောင်တဲ့အချိန်ထိ ကျမတက်ခဲ့တဲ့ စာသင်ကျောင်းပေါင်း ၅ကျောင်းရှိခဲ့တယ်ဆိုရင် စာဖတ်သူတွေ အံ့သြသွားကြမယ်ထင်ပါတယ်။ဒါတင်ဘယ်ကမလဲ အပြောင်းအရွှေ့ကံမှာဆို သိပ်ကိုပါရမီ ပါတဲ့ ကျမဟာ တက္ကသိုလ်တက်တဲ့အချိန်မှာတောင် နည်းပညာတက္ကသိုလ်ကို သန်လျင်တက္ကသိုလ်နဲ့ မှော်ဘီတက္ကသိုလ်ဆိုပြီး နှစ်ခုပြောင်းတက်ခဲ့ရပါသေးတယ်ရှင်။မိဘတွေရဲ့စီးပွါးရေးအခြေအနေနဲ့ အချိန်အခါတွေအရ ကျမတို့မိသားစုလေးဟာ မိသားစုဝင်အချင်းချင်း တစ်စုတစ်စည်းတည်းနဲ့ ပျော်ပျော်ရွှင်ရွှင်လေး နေခြင်ပေမဲ့လည်း ကျမတို့ရဲ့ငယ်ဘဝအချိန်လေးတွေကို တကွဲတပြားနဲ့သာ အထီးကျန်စွာ ဖြတ်သန်းခဲ့ရပါတယ်။
မူလတန်းအချိန်တွေဖြစ်တဲ့ သူငယ်တန်းကနေ တစ်တန်းထိကို ကျမတို့မှော်ဘီမြို့မှာ တည်ထားကိုးကွယ်ထားသော ရွှေမှော်တင်ဘုရားခြေရင်းမှာ ဖွင့်လှစ်ထားတဲ့ စာသင်ကျောင်းလေးမှာ ပညာသင်ယူခဲ့ရပါတယ်။ဒုတိယတန်းကနေ တတိယတန်းထိကိုတော့ မိဘတွေရဲ့စီးပွါးရေး ရွှေ့ပြောင်းမှုအရ ထောက်ကြန့်မြို့နယ်နိမိတ်အတွင်းမှာရှိတဲ့ ပိန္နဲကုန်းကျေးရွာလေးရှိ စာသင်ကျောင်းလေးမှာ ဆက်လက်ပညာသင်ယူခဲ့ရပါတယ်။ကျမရဲ့မောင်နှမတွေဖြစ်တဲ့ အစ်ကိုနှစ်ယောက်နဲ့ အစ်မနှစ်ယောက်ကတော့ မှော်ဘီအိမ်မှာဘဲနေရစ်ခဲ့ပြီး အလုပ်ကိုယ်စီ ဝင်ရောက်လုပ်ကိုင်ရင်း ကျန်ရစ်ခဲ့ကြပါတယ်။အငယ်ဆုံးဖြစ်တဲ့ ကျမသာလျင် မိဘတွေနဲ့အချိန်အကြာကြီး ခွဲမနေသင့်လို့ ပြောင်းရွှေ့လိုက်ပါခဲ့ရပါတယ်။သို့ပေမယ့် ကျမတတိယတန်း ရောက်တဲ့အချိန်မှာတော့ ကျမအဖေနဲ့အမေဟာ အလုပ်ကိစ္စနဲ့ ပိန္နဲကုန်းကနေ နယ်ကိုပြောင်းရွှေ့သွားရပြန်ပါတယ်။အဖေနဲ့အမေရှိရာ နယ်ထိလိုက်ပါဖို့မဖြစ်တာမို့ ပိန္နဲကုန်းမှာ တတိယတန်းပညာ သင်ယူနေရင်းကဘဲ အစ်ကိုအစ်မတွေရှိရာ မှော်ဘီမြို့ကိုသာ ပြန်လည်ပြောင်းရွှေ့ခဲ့ရပါတယ်။
ကျမရဲ့ကျန်ရှိနေတဲ့ တတိယတန်းနှစ်ဝက်ကို အစ်ကိုအစ်မတွေနဲ့အတူ မှော်ဘီမှာနေရင်းကဘဲ စာသင်ကျောင်းရှိရာ ထောက်ကြန့်ကို လိုင်းကားလေးစီးပြီး နေ့စဉ်နဲ့အမျှ သွားရောက်ပညာသင်ယူခဲ့ရပါတယ်။ကျမရဲ့အစ်ကို အစ်မတွေလည်း အလုပ်ကိုယ်စီနဲ့မို့ ရှစ်နှစ်သာသာ အရွယ်သာရှိတဲ့ ကျမရဲ့ နာရီဝက်လောက်လိုင်းကားစီးပြီးမှ စာသင်ကျောင်းကိုရောက်တဲ့ နိစ္စဓူဝခရီးစဉ်မှာ လိုအပ်တဲ့သတိပေးဆုံးမ သွန်သင်မှုလေးတွေ,ပညာရေးနဲ့ပါတ်သက်ပြီး လိုအပ်တာလေးတွေ ဖြည့်ဆည်းပေးရုံမှလွဲပြီး လိုက်ပို့လိုက်ကြိုမှုတွေ မလုပ်ပေးနိုင်ခဲ့ပါဘူး။မှော်ဘီကားဂိတ်ကနေ ပိန္နဲကုန်းကျေးရွာရှိရာ ကိုးလုံးကွင်းကားဂိတ်ကိုရောက်တာနဲ့ ကျမတက်ရတဲ့ စာသင်ကျောင်းရှိရာ တောင်ပေါ်ကို နှစ်မိုင်လောက်လမ်းလျှောက်တက်ပြီးမှ ရောက်ပါတယ်။ အခုခေတ်အချိန်အခါနဲ့ယှဉ်ပြီး ပြန်တွေးကြည့်လိုက်တိုင်း သုံးတန်းအရွယ်ခလေးတစ်ယောက်ရဲ့ ဝေးလံလှတဲ့ ကျောင်းသွားကျောင်းပြန်ခရီးစဉ်ကို ကြက်သီးထမိပါတယ်။
လူတိုင်းကိုမဆိုလိုပေမယ့် အခုခေတ်အချိနိအခါလို မသမာသူတွေပေါများလှတဲ့ခေတ်ကြီးမှာ မိဘတွေအနေနဲ့ နုနယ်လွန်းတဲ့ မိန်းကလေးငယ်လေးတစ်ဦးတည်းကို လိုင်းကားတစ်တန် ခြေလျင်တစ်ဖုံခရီးနဲ့ နေ့စဉ်နဲ့အမျှကျောင်းသွားဖို့ စေခိုင်းရမယ့်အရေးကို များစွာတွန့်ဆုတ်မိမယ်လို့ ထင်မိပါတယ်။သို့ပေမယ့် ကျမအများကြီးကံကောင်းခဲ့ပါတယ်။ရန်ကုန်မှာနေတဲ့ကျမတို့ရဲ့ တတိယတန်း အတန်းပိုင်ဆရာမလည်း ရန်ကုန်ဘက်ကနေကားစီးပြီး ပိန္နဲကုန်းကျောင်းကို နေ့စဉ်နဲ့အမျှလာရောက်ပြီး ကျမတို့ကို စာသင်ခဲ့ရပါတယ်။မနက်တိုင်း မှော်ဘီကနေ ပိန္နဲကုန်းကားဂိတ်ကို ရောက်ပြီဆိုရင် ရန်ကုန်ဘက်ကလာမယ့် ကျမတို့ရဲ့ဆရာမကိုစောင့်ပြီးမှသာ ဆရာမနဲ့အတူတူ စာသင်ကျောင်းလေးရှိရာကို စကားတပြောပြောနဲ့ သွားခွင့်ရခဲ့ပါတယ်။ဆရာမနဲ့အချိန်လွဲလို့ တစ်ယောက်တည်း တောင်ပေါ်တက်ရတဲ့အချိန်ဆိုလည်း မတော်တဆလမ်းမှာကြုံရတဲ့ ဦးလေးကြီးတွေ အန်တီကြီးတွေက ကျမကို သမီးလေးတစ်ယောက်လိုဘဲမြင်နိုင် ဆက်ဆံနိုင်ခဲ့ကြပါတယ်။
ကျမပြောခြင်တာက (ကျမရဲ့အမြင်ပေါ့နော်) လွန်ခဲ့တဲ့၁၈နှစ်ခန့် ကျမတို့ငယ်ရွယ်စဉ်တုန်းက လူတော်တော်များများဟာ တစ်ဦးနဲ့တစ်ဦး မေတ္တာထားကြတယ်,မိန်းမသားတွေကိုဆိုရင်လည်း ကိုယ့်အမေအရွယ် နှမအရွယ် သားသမီးအရွယ်နဲ့ယှဉ်ပြီး အမေစိတ် နှမစိတ် သမီးစိတ် ထားနိုင်ကြတယ်။ကျမတို့လို အားနည်းတဲ့ကလေးအရွယ်လေးတွေဆိုလည်း ကလေးလိုဘဲမြင်တတ်ကြတယ်။ကူညီတတ်ကြတယ်။ဒါကြောင့်မို့ အပြောင်းပြောင်းအလဲလဲနဲ့ နေရာစုံမှာကြီးပြင်းခဲ့ရတဲ့ ကျမရဲ့ငယ်ရွယ်စဉ်အချိန်လေးတွေကို မိဘဆရာသမားများနဲ့ အစ်ကိုအစ်မများရဲ့ ဆုံးမလမ်းညွှန်မှုနဲ့အတူ ပါတ်ဝန်းကျင်ရဲ့ဖေးမစောင့်ရှောက်မှုအောက်မှာ ဖြူစင်ငြိမ်းချမ်းစွာ ဖြတ်သန်းခွင့်ရခဲ့ပါတယ်။
ကျမဖြတ်သန်းခဲ့တဲ့ ဘဝဇာတ်ဖုံအစုံစုံကို ဆက်လက်ရေးသားပါဦးမည်။
Author:@sandipoe
MSC.035
အမရေတကယ်အပိုင်းဆက်ကိုစောင့်နေတာနော်အာ့လာပြောရင်းဘုလာစမ်းတာပါလို့ဟီးးးးးး
အရင်တုန်းက ပြည်သူတွေကရိုးသားကြပါတယ် အခုခေတ်ပြည်သူတွေက ခေတ်နဲ့အညီ ဆန်းပြားလာကြတာပါ့နော် အစ်မ
ဟုတ်တယ်အစ်ကိုရေ
လွန်ခဲ့တဲ့ ၁၈နှစ်ခန့်ကနဲ့ ယခု ကွားခြားသွားပြီနော်။
ဟုတ်ပ
ခုခေတ်တော့ တို့ဆေးတို့ပြီး ပါသမျှချွတ်ယူကြတာနဲ့ .. ရောင်းစားခံရတာနဲ့ .. ကလီစာ ဖြုတ်ယူရတာနဲ့ .. ကြောက်စရာကြီး
ဟုတ်တယ်အန်တီရေ တော်တော့်ကိုပြောင်းလဲသွားပါပြီ
ဖတ်လို့လည်းကောင်းတယ်.. .ဆက်အားပေးပါ့မယ်.. .
Thanks
ဆက်လက် အားပေးနေပါတယ်ဗျာ
ကျေးဇူးပါရှင်
ဆက်လက်ဖတ်ရန် စောင့်မျော်နေပါ့မယ်ဗျ
ကျေးဇူးတင်ပါတယ်ရှင့်
ဟုတ်ပါဗျာ။အပြောင်းအရွှေ့ ကံ တော်တော်အကျိုးပေးတယ်နော်။ငယ်ငယ်ကတည်းကကို ပြောင်းနေလိုက်ရတာ။ဗဟုသုတပိုစုံတာပေါ့ဗျာ။
ဟုတ်ပါတယ် အစ်ကိုရေ ပြောင်းနေရတာဘဲ
ဒီခေတ်ထဲမှာ မိန်မသားတစ်ယောက်ထဲသွားရင် စိုးရိမ်ပူပန်နေရတယ်
တော်တော်ကြီးကို ကွာခြားသွားပါပြီ
ဗဟုသုတ အသိတိုးစေလို့ စောင့်နေလျှက်ပါဗျာ
ကြိုးစားပါ့မယ်ရှင့်