ကျွန်တော်တွေး ၍ ရေးမိသည် - အပိုင်း ( ၂ ) ( Henry Aung )

in #myanmar5 years ago (edited)

henry Aung.jpg

မင်္ဂလာပါ။ ကျွန်တော်၏ ပြီးခဲ့သော ဆောင်းပါးတွင် ဆရာညီပုလေး၏ " ထက်မြက်သော ဓားသွားပေါ်က ချိုမြမြ ပျားရည်စက်များ " ဟူသောစာအုပ်အား အကြိုက်တွေ့ကြောင်း ဖေါ်ပြပေးခဲ့ပြီး ဖြစ်ပါသည်။ အမှန်တော့ ထိုစာအုပ်မှာ တရုတ်သူဌေးသား "Edward ဟုတ်ဝမ် " နှောင်တွင် နာဂတောင်တန်း ဖွံ့ဖြိုးရေးအတွက် တတပ်တအား ကြိုးစား၍ နာဂ သိန်းလှိုင်ဟူ၍ အမည်တွင်လာသူ ခွဲစိတ်ဆရာဝန်တယောက်၏ အတ္ထုပ္ပတ္တိ ဖြစ်ပါသည်။

အတ္ထုပ္ပတ္တိ ဟုခေါ်ရာတွင်လည်း ပျင်းရိငြီးငွေ့ဖွယ်ကောင်းသော အကြောင်းအရာ များ တခုမှ မပါဝင်ပါ။ စဖတ်လိုက်သည်နှင့် အဆုံးသို့ ရောက်သွားမည်ကို ကြောက်နေရသောအတ္ထုပ္ပတ္တိ စာပေ အမျိုးအစား ဖြစ်ပါသည်။ ဝတ္ထုရှည် ဟု သတ်မှတ်ထား၍ သာ ဝတ္ထု စာအုပ်အဖြစ် လက်ခံရပါသည်။ ကျွန်တော့ အနေဖြင့်တော့ စာဖတ်နေရင်း Edward ဟုတ်ဝမ် ခေါ် နာဂသိန်းလှိုင်နှင့် မျက်နှာချင်းဆိုင် ထိုင်၍ စကားပြောနေရ သကဲ့သို့ ခံစားရပါသည်။

ဤ စာအုပ်တခုတည်း၌ ပင် သုတ၊ ရသ ၊ သမိုင်း ၊ ဗဟုသုတ အစုံအလင်ပါဝင်ပါသည်။ စဖတ်လိုက်သည်နှင့် မွန်ပြည်နယ် သထုံ အနီးတဝိုက် အကြောင်း ၊ တရုတ်သူဌေးနှင့် တိုင်းရင်းသား ကရင်လူမျိုးတို့ ဆက်ဆံရေး ၊ ပရလောကသား များ အကြောင်း ၊ စစ်ပြီးခေတ် ပညာရေး ၊ ကုန်သွယ်ရေး ၊ စီးပွားရေး ထို့နောက် ချင်းပြည်နယ် နာဂတိုင်းရင်းသားတို့အကြောင်း အသေးစိတ်သိရှိရမည် ဖြစ်ပါသည်။

01.jpg
Original Source

ကျွန်တော့ အရေးအသားဖြင့် ထိုစာအုပ်အား အမွမ်းတင်ရလျင် ယောအတွင်းဝန်၏ ဥတုဘောဇနကျမ်းး အား စာမတတ်သော မြင်းထိန်းငတာ အမွမ်းတင်နေသကဲ့သို့ ရှိမည် ဖြစ်သောကြောင့် မိမိကိုယ်တိုင် ထိုဝတ္ထုအား ဖတ်ရှုခံစားကြည့်စေချင်ပါသည်။ ကျွန်တော် ပြောလိုသည်မှာ ထိုစာအုပ်သည် ဖတ်၍ အလွန်ကောင်းသည့်အပြင် ကျွန်တော့ အတွေးစများကိုလည်း ရှည်လျားစေသောဝတ္ထုစာအုပ်ဖြစ်ပါသည်။

ထိုစာအုပ်အား ဖတ်နေရင်း တနေရာရောက်သောအခါ Edward ဟုတ်ဝမ် အနေဖြင့် အန္ဒိယသို့ လေ့လာရေး အလည်ပတ်သွားသော အခန်းအား ဖတ်ရပါသည်။ တကြိမ်တည်းမဟုတ်။ သူ့အနေဖြင့် သူဌေးသား ဖြစ်သောကြောင့် ငွေရေးကြေးရေး ပူစရာမလို ။ ဒုတိယ အကြိမ် အိန္ဒိယသို့ အလည် အပတ်သွားသောအခါ မိခင်နှင့် အတူ ဆမားဒူဝါ ဆင်ဝါးနောင် ၏ ယောက္ခမ အားပါ ခေါ်သွားသည်ဟု ဖတ်ခဲ့ရပါသည်။ ဝတ္ထုတွင် ရေးထားသည်မှာ တကြောင်းတည်း ထိုမျှသာ။

ဆမားဒူဝါ ဆင်ဝါးနောင် ၏ ယောက္ခမအား အန္ဒိယသို့ ခေါ်သွားသည်။ ထို တကြောင်းမျှသော စာသားက ကျွန်တော့ အတွေးကို ရှည်စေပါပြီ။ ဆမားဒူဝါ ဆိုသည်မှာ ကချင်လူမျိုးတစု၏ အုပ်ချုပ်သူ လူကြီး။ ဆမား ဆိုသည်မှာ လူမျိုး နာမည် ဖြစ်၍ ဒူဝါ ဟူသည်မှာ အကြီးအကဲကို ခေါ်ဝေါ်သော အသုံး အနှုန်း ဖြစ်ပါသည်။ တနည်းအား ဖြင့် ပြောရလျင် ရှမ်းစော်ဘွား များကဲ့သို့ပင်။

ဆမားဒူဝါ ဆင်ဝါးနောင်ဆိုသည်မှာ ဗိုလ်ချုပ်အောင်ဆန်း တို့နှင့် လက်တွဲ၍ တောင်တန်း ပြည်မ မခွဲခြားပဲ တနိုင်ငံလုံး လွတ်လပ်ရေး ယူမည် ဟူ၍ ကချင်လူမျိုးစု ကိုယ်စားလှယ် အဖြစ် ပင်လုံညီလာခံတွင် လက်မှတ်ရေးထိုးခဲ့သူဖြစ်ပါသည်။ ကချင်ပြည်နယ်သား ဖြစ်သော ဆမားဒူဝါ ဆင်ဝါးနောင်၏ ယောက္ခမသည် သထုံရှိ တရုတ်သူဌေးတို့ဖြင့် မည်သို့ မည်ပုံ ပတ်သက်နေသနည်း။

02.jpg
Original Source

သို့မဟုတ် နိုင်ငံရေး ဆက်ဆံမှုများ ကြောင့်သိရသည် ဆိုလျင်လည်း Edward ဟုတ်ဝမ် သော်လည်းကောင်း ၊ သူ၏ ဖခင် ဦးဟုတ်ဝမ်သော်လည်းကောင်း နိုင်ငံရေး လှုပ်ရှားသူများ မဟုတ်ကြပါ။ အိန္ဒိယသို့ ကိုယ့်စရိတ်ဖြင့် ကိုယ် အတူတကွအလည်အပတ်သွားကြသည်ဆိုသည်မှာ သူစိမ်းများ ယခုမှ တွေ့၍ အတူသွားကြသည် မဟုတ်တန်ရာ။ အတော်အတန် ရင်းနှီးနေ၍ အတူတကွ သွားကြခြင်း ဖြစ်ပါသည်။

ဤသို့ ဆိုလျင် ဆမားဒူဝါ ဆင်ဝါးနောင် ၏ ယောက္ခမသည် သထုံရှိ တရုတ်သူဌေး တယောက်၏ ဇနီးမယား ဖြင့် သိကျွမ်း မိတ်ဆွေ ဖြစ်သည်ဆိုလျင် ဆမားဒူဝါ ဆင်ဝါးနောင် ၏ ယောက္ခမသည် ကချင်လူမျိုး မဟုတ်တန်ရာ။ ကျွန်တော့ အတွေးသာ ဖြစ်ပါသည်။ ကျွန်တော့ အကျင့်အတိုင်း တခုခု သိချင်လာလျင် အတောမတတ်ရှာဖွေပါတော့သည်။

သို့သော် ကျွန်တော်လိုချင်သော အဖြေတော့မရခဲ့ပါ။ ဆမားဒူဝါ ဆင်ဝါးနောင် အကြောင်း အတော်များများတော့ သိရှိခဲ့ရပါသည်။ ဆမားဒူဝါဆင်ဝါးနောင် အကြောင်း ရေပြရလျင် ယနေ့ခေတ် အမြင်မတူသော နိုင်ငံရေး အကြောင်းအရာများ ပါဝင်လာမည် ဖြစ်သဖြင့် ထို အကြောင်းအရာများအား ရေးသားရန် ဆန္ဒမရှိပါ။ သို့သော် ကျွန်တော်သိချင် သောဆမားဒူဝါ ဆင်ဝါးနောင်၏ ယောက္ခမနှင့် သထုံရှိ " တန် " အမျိုးအနွယ် တရုတ်သူဌေး တို့၏ ဆက်နွယ်မှု ကွင်းဆက်အား တချိန်ချိန်တွင် ဆက်နိုင် လိမ့်မည်ဟု မျှော်လင့်ရပါသည်။

03.jpg
Original Source

ဤတွင် စာရှုသူ မိတ်ဆွေအနေဖြင့် အနည်းငယ်စောဒက တက်စရာရှိပါသည်။ ဆမားဒူဝါ ဆင်ဝါးနောင်၏ ယောက္ခမ နှင့် သထုံရှိ တရုတ်သူဌေး တို့၏ ဆက်နွယ်ပတ်သက်မှု အကြောင်း သိရလျင် ကျွန်တော့ အတွက် အဘယ်သို့သော အကျိုးကျေးဇူး ရှိမည်နည်း ဟု မေးစရာ ရှိလာပါသည်။ ဟုတ်ကဲ့ ။ ကျွန်တော့ အတွက် တော့ထွေထွေထူးထူး အကျိုးရှိသွားမည် မဟုတ်ပါ။

သို့သော် စာဖတ်ခြင်းဟု ဆိုရာတွင် မသိခြင်းတို့အား သိအောင် လုပ်ရခြင်း အပေါ် သုတ ၊ ရသ တမျိုးမျိုး ရရှိခြင်း၌ သာယာခြင်း ဖြစ်ပါသည်။ ထို့ကြောင့် ကျွန်တော်သိလိုသော အကြောင်းအရာ အား ရှာဖွေလေ့လာ၍ သိရှိသွားရလျင် ခံစားရသော ပီတိမှာ ကျွန်တော်တဦးတည်းသာ နားလည်နိုင်ပါသည်။ အထက်တွင် ကျွန်တော် ဖေါ်ပြထားသကဲ့သို့ ကျွန်တော့ အတွေးကို ရှည်စေသော တနည်းအား ဖြင့် သိချင်စိတ်ကို နှိုးဆွပေးသော အကြောင်းအရာ အတော်များများ ထိုအတ္ထုပ္ပတ္တိ တွင် ပါဝင်နေပါသည်။

ဆက်လျက်ဖေါ်ပြပေးပါမည်။

မြန်မာလူငယ်များ steemit တွင်အောင်မြင်ကြပါစေ....

logo.png
Author : Henry Aung ( Kachin )
MSC : 001

Sort:  

စာကောင်းပေကောင်းတို့သည်ကား ဖတ်မိလေ သိချင်စိတ်ကို ပိုဆွဲဆန့်လေပါတကား

Posted using Partiko Android

အမှန်ပင် စိတ်ဝင်စားဖွယ် ရာ ကောင်းပါပေ၏။

ကိုဟင် ကိုတော့ လေးစားပြီဗျာ

အပိုင်း (၃) ကိုဖတ်ကြည့်လိုက် ကိုထွေး ပို ကြိုက်သွားစေရမယ် ။

Coin Marketplace

STEEM 0.29
TRX 0.11
JST 0.033
BTC 63901.15
ETH 3133.40
USDT 1.00
SBD 4.05