I2Wan ပြောသော နေရေးနှင့် သေရေး ( Henry Aung )

in myanmar •  23 days ago

henry Aung.jpg

မင်္ဂလာပါ။ ကျွန်တော့အနေဖြင့် steemit platform ပေါ်တွင် ရယ်မောစရာ၊ နည်းပညာ၊ စိတ်အား ထက်သန်စရာ ၊ တွေးခေါ် နိုင်စရာ အစရှိ သောဆောင်းပါးများကို မျှဝေလျက်ရှိရာ ကျွန်တော့ အသက်တာတွင် ကြုံတွေ့ခဲ့ရသော သင်ဆရာ ၊ ကြားဆရာ တယောက်ဖြစ်သည့် I2wan အကြောင်းအား ဖေါ်ပြပေးလိုက်ပါသည်။

I2wan ။ I2Wan ဟုဆိုလိုက်သည်နှင့် steemit platform ပေါ်တွင် ကျွန်တော်ရေးသားထားသော ဆောင်းပါး များဖတ်မိကြသူကတော့ သိကြပါလိမ့်မည်။ ကျွန်တော့ ဘဝအား ပြောင်းလည်း ပေးခဲ့သူ ကျွန်တော်၏ စိတ်ဓါတ်ခွန်အား များအား မြှင့်တင်ပေးခဲ့သူ ကိုးရီးယားလူမျိုး သင်တန်းဆရာတယောက်ဖြစ်ပါသည်။

ကျွန်တော် I2wan ၏ သင်တန်း တက်ရောက်နေစဉ်က တခုသော ညနေခင်းတွင် သူနှင့်အတူ လဖက်ရည် သောက်ထွက်ခဲ့ပါသည်။ လဖက်ရည်သောက်ရန် ဟု ဆိုသော်လည်း သူနှင့် စကားစမြည်းပြောရန်ဟုဆိုလျင်ပိုမှန်ပါသည်။ ကျွန်တော့ အနေဖြင့် တက်ကျမ်း စာပေတော်တော်များများကို ဖတ်ဘူးခဲ့သော်လည် အများအားဖြင့်တော့ ဖတ်ပြီးသွားလျင် မေ့သွားကြသည်ကသာများပါသည်။

သိသိသာသာ စိတ်ဓါတ်ခွန်အားတက်လာသည်၊ အတုယူ အားကျသည်ဟူ၍ မရှိခဲ့ပါ။ ကျွန်တော့အားနည်းချက်သာ ဖြစ်ပါလိမ့်မည် တက်ကျမ်းများ ဖတ်ရန်မသင့်ဟုဆိုလိုခြင်း မဟုတ်ပါ။ သို့သော် I2wan နှင့် ပြောဖြစ်ခဲ့သော စကားစမြည်းများကတော့ ကျွန်တော့ ရင်ထဲအထိ ထင်ကျန်နေဆဲဖြစ်ပါသည်။

သူသင်ပြခဲ့သော သူပြောပြခဲ့သော အကြောင်းအရာတို့မှာ ကျွန်တော့ နေ့စဉ် ဘဝများအတွက် အလွန်အသုံး ဝင်သောကြောင့် ဖြစ်ပါသည်။ ဘဝတွင် နေရေးနှင့်ပါတ်သက်၍ ဆင်းရဲခြင်း ၊ချမ်းသာ ခြင်း ၊ စိတ်ထားကောင်းစေရန် စသည်တို့အား ကျွန်တော်၏ ယခင်ဆောင်းပါးများတွင် ဖေါ်ပြပေးခဲ့ ပြီး ဖြစ်၍ ထပ်မံမဖေါ်ပြလိုတော့ပါ။

ကျွန်တော်တို့၏ နေ့စဉ် အသက်သာများတွင် ရုန်ကန်လှုပ်ရှားမှုများ ဖြင့် အသက်ဆက်နေကြသည်ဖြစ်ရာ နေတတ်စရာအတွက် သင်ယူစရာများပြားလှပါသည်။ သို့သော် ကျွန်တော်တို့ မေ့ထားကြသည်မှာ သေရေး ဖြစ်ပါသည်။

01.jpg

ထို့နေ့က လက်ဖက်ရည်သောက်ရင်း I2wan ကျွန်တော့အားမေးသော မေးခွန်းမှာ “ Henry ဘယ်လိုသေချင်သလဲ ..? " ဟူသော မေးခွန်း ဖြစ်ပါသည်။ အမှန်ပြောရလျင် ကျွန်တော့အနေဖြင့် ဆရာဦးအောင်သင်း ပြောသကဲ့သို့ သာ သူများ ထီပေါက်လျင် ငါလည်း ထီပေါက်နိုင်တယ် ဟုတွေးသော်လည်း သူများ ကားတိုက်ခံရလျင် ငါလည်း ကားတိုက်ခံရ၍ သေနိုင်တယ်ဟု မတွေးသော လူစားများတွင်ပါဝင်ပါသည်။ ကျွန်တော် အမှန်အတိုင်းသာ ဝန်ခံခဲ့ပါသည်။ " ကျွန်တော် သေဖို့ တခါမှ မစဉ်းစားမိသေးဘူး " ဟူ၍သာ ပြန်ပြောခဲ့ပါသည်။

သေခြင်း တရားဆိုသည် မှာ ကျွန်တော်တို့နှင့် လက်တကမ်းသာရှိ၍ အချိန်မရွေး ရောက်လာနိုင်သော အရာဖြစ်သော် လည်း အများအား ဖြင့် မတွေးတောချင်သော အရာ၊ တမင်တကာလစ်လှူရှုထားသော အရာဖြစ်ပါသည်။ I2wan က ကျွန်တော့အား မည်သည့်ဘာသာ ကိုးကွယ်ကြောင်း မေးသောအခါ ကျွန်တော်ကလည်း ခရစ်ယန်ဘာသာ ကိုးကွယ်ကြောင်း ပြန်လည်ဖြေကြားခဲ့ပါသည်။

ထို့နောက် သူဆက်မေးသော မေးခွန်းမှာ " Henry အနေဖြင့် သေသွားလျင် ကောင်းကင်ဘုံ ရောက်ရန် လုံလောက်သော အကြောင်းပြချက်များ ချရေး လျင် ဘယ်နှစ်ချက် ရမည်နည်း " ဟူ၍ ဖြစ်ပါသည်။ သူ့အား ဖြေကြားစရာမလိုပါ၊ မိမိကိုယ်ကိုသာ ဖြေကြည့်ပါ ဟူ၍ လည်း ပြောပါသည်။

ကျွန်တော်လည်း ကြိုးစား၍ စဉ်းစားကြည့်ပါသည်။ ကျွန်တော့ အနေဖြင့် မိုက်ရိုင်း ဆိုးသွမ်း နေသူ တယောက်မဟုတ်သော်လည်း ငါသည် ဤသို့ ဤသို့ ပြုမှုနေထိုင် သောကြောင့် သေချာပေါက် ကောင်းကင်ဘုံ ရောက်နိုင်ပါသည်ဟု မိမိကိုယ်ကို အာမခံချက် မပေးနိုင်ခဲ့ပါ။ ကောင်းကင်ဘုံသို့ တက်ရန် အာမခံချက် မပေးနိုင်သော်လည်း ငရဲအိုး ဇောက်ထိုးဆင်းရန် တော့ အကြောင်းအရာ တော်တော်များများ ရှိနေခဲ့ပါသည်။

ဤတွင် I2wan ပေးသော မှတ်ချက်မှာ " သေရေးအတွက် ပြင်ဆင်ထားလျင် မိမိ၏ ဘဝတသက်တာ နေရေးတွင် အခက်အခဲ တဝက်ခန့် ကွယ်ပျောက်သွားပါလိမ့်မည်" ဟူသော မှတ်ချက်ဖြစ်ပါသည်။

02.jpg

ကျွန်တော်ကလည်း သေရေးအတွက် မည်သို့ ပြင်ဆင်ထားသင့်ကြောင်းမေးသောအခါ " Henry တို့ ဘာသာရေးက ဘယ်လို ဘယ်ပုံ ကျင့်ကြံနေထိုင်ရမယ်လို့ သွန်သင်ထား သလဲ " ဟူ၍ ပြန်မေးပါသည်။ မှန်ပါသည်။ ဘာသာရေး သွန်သင်ချက်များက ဤသို့ဤပုံ ပြုမှုနေထိုင်ကြပါ ၊ ဤသို့ဤပုံ ပြုမှုလျင် အပြစ် ဖြစ်ပါသည်ဟူ၍ သွန်သင်ထားကြသော်လည်း ကျွန်တော်တို့ အနေဖြင့် မလိုက်နာ နိုင်ကြသဖြင့် သေရေး အတွက် အဆင်သင့် မဖြစ်နိုင် ဖြစ်နေကြရပါသည်။

တကယ်တမ်း သူပြောသော အကြောင်းအရာအား စေ့စေ့ တွေးကြည့်လျင် မိမိကိုယ်ကို သီလလုံ၍ ငါသေရင်တော့ အပါယ်မလားဘူး ဟု သိထားသူ အာမခံထား နိုင်သူသည် ဤ လောက၏ နေရေးတွင် ဘာများပူပင်စရာရှိနေအုံးမည်နည်း။ ဘာများ ကြောင့်ကြစရာရှိနိုင်ပါအုံးမည်နည်း။ ထို့ကြောင့် သေရေးအတွက် ပြင်ဆင်ထားနိုင်လျင် နေရေး၏ အခက်အခဲ တဝက်ခန့် ကွယ်ပျောက်သွားလိမ့်မည်ဟု ပြောခဲ့ခြင်း ဖြစ်ပါသည်။

ကျွန်တော်လည်း စိတ်ဝင်စားလွန်း၍ I2wan သူ၏ သေရေး အတွက် မည်သို့ မည်ပုံ ပြင်ဆင်ထားကြောင်း မေးသော အခါ သူ့အနေဖြင့် သူ၏ ကိုယ်တွင်း အင်္ဂါ အစိတ်အပိုင်း များအားလုံး လှူဒါန်းထား ပြီးကြောင်း ပြောပြပါသည်။ အကယ်၍ ထိခိုက်ဒါဏ်ရာရ၍ မသေဆုံးပဲ သက်တမ်းစေ့ နေသွား၍ သေဆုံးသွားလျင်တောင် သူ၏အရိုးများ အား ပုံစံမပျက် ထုတ်ယူ၍ နောက်လူသားတို့ သုသေတန အတွက် အသုံးပြုနိုင်ရန် လှူဒါန်းထားကြောင်း ပြောပြပါသည်။

ဤတွင် ကျွန်တော်စဉ်းစားမိပါသည်။ ကျွန်တော်သေသွားလျင် ကျွန်တော်၏ အသုံးမဝင် တော့သော အသွေးအသား အစိတ်အပိုင်းများအား အခြားသူများအတွက် အဘယ့်ကြောင့် မပေးနိုင်ရပါသနည်း။ သေသွားလျင်တောင် ပုံစံမပျက် ဖြစ်ချင်သော ကျွန်တော်၏ အတ္တကို အထင်းသား တွေ့ရပါတော့သည်။

အကြိမ်ကြိမ်ကြိုးစား၍ ဤအတ္တများကို ဖျောက်ကြည့်သော်လည်း ယနေ့အထိ တွန့်တိုနေဆဲ ဖြစ်ပါသည်။ ထို့ နောက် ကျွန်တော့ အနေဖြင့် I2wan ၏ စိတ်ထား အား သဘောကျလှသောကြောင့် ဤကဲ့သို့ တွန့်တိုသော အတ္တအား အဘယ်ကဲ့သို့ ဖျောက်ယူကြောင်း မေးသောအခါ သူဖြေသော အဖြေမှာ ရိုးရိုးရှင်းရှင်းသာ ဖြစ်ပါသည်။ " ကိုယ်ချင်းစာ တရား " ဖြစ်ပါသည်။ အခြားသူငှာအား ကိုယ်ချင်းစာမှသာ ဤကဲ့သို့ အတ္တများ ဖျောက်နိုင်ကြောင်း ရှင်းပြပါသည်။

03.jpg

ထိုနေ့က စကားဝိုင်းကတော့ ထိုမျှလောက်သာ ဖြစ်၍ အခြားသော အကြောင်းအရာ အလာသ ပလာသများ သာ ဆက်ပြောဖြစ်ကြပါသည်။ ကျွန်တော့ အနေဖြင့် ကိုယ်ချင်းစာတရားဟု သုံးနှုန်းထားသော်လည်း သူအသုံးပြုခဲ့သော စကားလုံးမှာ sympathy ဖြစ်ပါသည်။

ဤ အင်္ဂလိပ် ဘာသာစကားဖြင့် Sympathy ဟူသော စကားလုံး မှာ ကိုယ်ချင်းစားခြင်း ပါဝင်သလို ၊ ဂရုဏာ ၊ သနားခြင်း ၊ ညှာတာခြင်း ၊ ကြင်နာခြင်း ၊ ထောက်ထား ခြင်း စသော အဓိပ္ပါယ်များ လည်း ပါဝင်နေပါသည်။ ဤတွင် ဆက်၍ ကျွန်တော် တွေးတောမိခဲ့သည်မှာ သူတို့လူမျိုးများက အဘယ့်ကြောင့် ဤသို့ ကိုယ်ချင်းစာတရားရှိ၍ စိတ်ထားလှပနေရပါသနည်းဟု အကြိမ်ကြိမ် အဖြေရှာခဲ့မိပါသည်။

အတော်ကြာမှ သဘောပေါက်ခဲ့မိပါသည်။ ဆရာဦးအောင်သင်း၏ ပညာနှင့် ပါတ်သက်သော ဆောင်းပါး တခုတွင် " ပညာပြည့်ဝ နှလုံးလှသော် " ဟူသော အကြောင်းအရာအား ရှင်း ပြထားသည် ကိုမြင်မိ သော အခါမှ ညာဏ်ပညာ ပြည့်ဝသူသာလျင် ဤသို့သော စိတ်ထား မျိုး ၊ လှပသော စိတ်ထားမျိုး ထားနိုင်ကြောင်း သဘောပေါက်လာရပါတော့သည်။

ဤ ပညာဟု ခေါ်သော ကျိုးကြောင်း ဆင်ခြင် နှိုင်စွမ်းရှိသူတို့၏ စိတ်ထားသည် ပညာပြည့်ဝလာသည်နှင့် သူတို့၏ စိတ်ထားသည်လည်း ပညာ၏ အစွမ်းကြောင့် လှပလာရခြင်း ဖြစ်တန်ရာသည်။ ထို့ကြောင့် ကျွန်တော်၏ အတ္တမာန များ ရှိနေခြင်း ၊ အခြားသူများ အပေါ် ကိုယ်ချင်းစာ တရားနည်း ရခြင်း ၏ အချုပ်မှာ ပညာညာဏ် နည်းပါးခြင်းကြောင့် ဖြစ်ကြောင်း ပေါ်လွင် လွန်းလှပါသည်။

04.jpg

သို့သော်လည်း မသိခြင်း မှ သိခြင်း ကို ရောက်ရှိပြီးနောက်တော့ I2wan ပြောသော သေရေး အတွက် ကြိုးစားခဲ့ပါသည်။ သို့သော် အခြားသူများထက် ပညာညာဏ်နည်းပါးသူ ဖြစ်ရကာ ယခုထက်ထိသေရေးထက် နေရေးသာ ဦးစားပေး လုပ်ဆောင် နေရဆဲဖြစ်သည်ကို ဝန်ခံပါသည်။

ထို့ကြောင့် ကျွန်တော်၏ နေ့စဉ်ဘဝတွင် ပူပန်ခြင်းများ ၊ စိတ်ဆင်းရဲ စရာများ ၊ ဝမ်းနည်း စရာများ ကြုံတွေ့တိုင်း I2wan ပြောသော သေရေးအတွက် ပြင်ဆင်ထားလျင် နေရေး ၏ ဒုက္ခ တဝက် သက်သာ သွားမည်ဟူသော စကားအား သာ၍ သတိရမိပါတော့သည်။

မြန်မာလူငယ်များ steemit တွင်အောင်မြင်ကြပါစေ....

logo.png

Photo Credit : Original source
Author : Henry Aung ( Kachin )
MSC : 001

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
Sort Order:  

အနေတတ်မှ.အသေမြတ်မည်..
ဒါလေးကို.ဆန်းစစ်ကြည့်လျှင်...
အဲဒီစကားကို..တစ်ချို့သောသူများ..သိထား.နားလည်ထားကြတာက..ဝိပဿ နာနယ်ပယ်ကျမှ..ကျင့်သုံးရမယ်လို့ထင်ထားကြတာ..။လောက္ကုတ္တရာ.နယ်ပယ်ဆိုတာ..လောကီနယ်ပယ်ရဲ့ဆိုးခြင်း.ကောင်းခြင်းတွေကို.ကျော်ဖြတ်နိုင်မှ..ရောက်ရမဲ့နယ်ပယ်ပါ။လောကီနယ်ပယ်မှာ..အောင်မြင်ခြင်းတွေအများကြီးရနေသောလူသားတစ်ဦးဟာ..လောကီကိုကျော်ဖြတ်နိုင်တယ်လို့ပြောလို့မရပါဘူး..သူဟာ..လောကီရဲ့ပစ္စည်းပေါများကြွယ်ဝခြင်းကိုသာ..အောင်မြင်တာပါ။
လောကီနယ်ပယ်မှာ..ကိုယ့်ရဲ့ကြိုးစားအားထုတ်သမျှအရာရာအောင်မြင်ခြင်းရဲ့နောက်ဆက်တွဲ..မာန်မာနထောင်လွှားမူ့တွေ..ယစ်မူးခြင်းတွေ..သာယာခြင်းတွေကို..တဒင်္ဂဖြစ်စေ..အစဉ်ဖြစ်စေ..ပယ်နိုင်မှသာလျှင်..လောကီကိုအောင်နိုင်ခြင်း...။နောက်တစ်ခု..ကျရှူံးခြင်းရဲ့နောက်ဆက်တွဲ.ဒေါသ..ဣသာမစ္ဆရိယ..ကို.ထိန်းသိမ်းနိုင်ခြင်း..ဒါလဲ..အောင်နိုင်ခြင်းတစ်ခုပါ။ဒါတွေအားလုံး..နားလည်လက်ခံနိုင်ဖို့ရဲ့
အရေးကြီးဆုံးစိတ်တစ်ခုကတော့..ကိုယ်ချင်းစာစိတ်ပါဘဲ။
အဲဒီစိတ်နည်းပါးလေ...အတ္တကြီးလေ..
အတ္တကြီးလေ..အမှောင်ဖုံးလေ..
အမှောင်ဆိုသော..မသိမူ့များနေသမျှကာလပတ်လုံး..
ဆင်ခြင်တုံတရားဆိုသော..အသိဥာဏ်ပွင့်လန်းခွင့်နည်းပါးသွားပါတယ်..ဒါကြောင်လည်း..အခုခေတ်မှာ..အ.ကုသိုလ်များနေကြတာပေါ့..သားရေ..

·

အခုလို အကျယ်တဝင့် ရှင်းပြပေးတဲ့ အတွက် ကျေးဇူးအများကြီး တင်ပါတယ် အန်တီ

ကျွန်တော်ကတော့ ဆရာမင်းကျော်ဝင်းရဲ့ သေဖို့ပြင်ဆင်ပြီးပြီလား ဆိုတဲ့စာအုပ်ဖတ်ခဲ့တယ်၊ ပြင်ဆင်တော့ပြီးသေးဘူး။

·

ကျေးဇူးပါ ဦးမင်း။ ကျွန်တော်လည်း ရှာဖတ်ကြည့်ပါအုံးမယ်။

ဟုတ်တယ် ကိုဟင်ရေ တကယ်တမ်း ကိုယ့်ကိုကိုယ် ပြန်စမ်းစစ်ကြည့်ရင် အတ္တတွေဖုံးလွမ်းပီး ဘ၀ကို အသက်ဆက်နေတာလို့ မြင်မိတယ်။ လူဆိုတာ အချိန်တန်ရင်သေရမယ်ဆိုတာ ကျွန်တော်တို့ မေ့ပျောက်နေကြတာများတယ်။ နေ့စဉ်စားဝတ်နေရေးအတွက် ရုန်းကန်နေကြရရင်း အတ္တတွေ မောဟတွေ ထွေးပိုက်ထားကြရင်း နောက်ဆုံးသေချိန်ကြရောက်လာချိန်ကြမှ နောင်တတွေနဲ့ မသေချင်တဲ့ စိတ်လေးတော့ရှိနေပါတယ်။ အကိုပြောသလို သေရေးအတွက် စဉ်းစားမိတာလဲ သိပ်မကြာခင်အချိန်လေးပဲရှိပါသေးတယ်။ ဘ၀ ကို ပညာအသိနဲ့ ဖြတ်သန်းနိုင်အောင် ကြိုးစားလျက်။

·

ဒီလိုပဲ ကိုရွှေရေ... နေရေးအတွက် ကြိုးစားရင်း သေးရေးအတွက်လည်း ပြင်ဆင်ရတာပါ့။

သေရင်​ ခန္ဒာကိုယ်​ အစိတ်​ပိုင်း​တွေဘယ်​လိုလှူရတာလည်း သိချင်​မိတယ်​ အကို​ရေ

·

မန်းလေး ဆေးရုံကြီးမှာ စုံစမ်းကြည့်ညီလေး

ဘဝဆိုတာ တစ်နေ့တာပါ ထိုတစ်နေ့တာရဲ့ လက်ရှိအချိန်ကို ကုသိုလ်ကောင်းမှုပြု ပါ အိပ်စက်ခါနီးမှာ မိမိတစ်နေ့တာ လုပ်ခဲ့တဲ့ကုသိုလ်ကို ပြန်စဉ်းစားပါ ချရေးပါ ထို့နောက်နေ့တွေမှာလည်း ဤသို့ပြုလုပ်ပါ ။ ထိုနည်းတူစွာ မကောင်းမှုတွေပြုလုပ်မိရင်လည်း ရှေ့နည်းအတိုင်းပြုလုပ်ပါ တစ်နေ့တာမှာ ကောင်းမှုနဲ့ မကောင်းမှုကို ချိန်ဆပါ ထိုသို့ပြုလုပ်ခြင်းဖြင့် မကောင်းမှုရှောင် ကောင်းမှုဆောင်၍ စိတ်ကိုဖြူ စင်စေပါသည် နောက်သေခါနီးတွင် ထိုကောင်းမှုတွေက အားကိုးရပေလိမ့်မည်။

·

အခုလို ရှင်းပြပေးတဲ့ အတွက် အများကြီး ကျေးဇူးတင်ပါတယ်။

သေမှာတော့ သိပေမဲ့ ဘယ်လိုသေချင်တာလဲတော့ မတွေးမိဘူး တွေးစရာ ရပြီဗျာ

·

အရှည်ကြီးတွေးစရာပေါ့ကွယ်

နေဖို့အတွက်​ ရုန်းကန်​ပြင်​ဆင်​​နေတဲ့ အချိန်​မှာ ​သေဖို့ဆိုတာ မစဉ်းစားမိရိုး အမှန်​ပါ ကိုဟင်​ ​ရေ

·

အမှန်ပါပဲဗျာ

ကျွန်တော်တို့ ဗုဒ္ဓဘာသာတွင်လည်း နေတတ်ဖို့ထက်
သေတတ်ဖို့ အရေးကြီးကြောင်း ဟောလေ့ပြောလေ့ ရှိကြပါတယ်။
တမလွန်ဘဝ ရှိသည်၊ မရှိသည်ကို လက်တွေ့ မြင်ဖို့ ခဲယဉ်းသော်လည်း
ကောင်းမှုပြုမှ ကောင်းမှု ဖြစ်မည်ဟူသောကြောင့် ကောင်းသော
အကျင့်အကြံဖြင့် နေထိုင်ခဲ့မှ အသေ ဖြောင့်မည်လည်း ဖြစ်နိုင်ပါသည်။

·

ဟုတ်ကဲ့။ ကြောင့်ကြမဲ့ သေနိုင်ရေးအတွက်ကြိုးစားလျက်ပါ။

ကိုဟသ်က တကယ်မိတ်ဆွေကောင်း ဆရာကောင်းရထားတာပါအကို။မိတ်ဆွေကောငါး ဆရာကောင်းဆိုတာ မိမိသိတာ ပြောဆိုသင်ပြပေးပြီး စကားနဲ့အလှူဒါနပေးတတ်ပါတယ်။

·

တသက်မှာ တခါဆိုသလောက် တွေ့ခဲ့ရတဲ့ သင်ဆရာပါ။

ကြိုတင်ပြင်ဆင်မသေခင်

·

နေရေးထက်သေရေးခက်

Make arguments in the literature text. Your are right. Some people forget to read them. These are the ideas that. He is very good.

အကောင်းဆုံးသေနိုင်ဖို့ကတော့ တစ်ဖြည်းဖြည်း လုပ်ယူသွားရမှာပါဘဲ ။ သေဖိုရန်အတွက်က တစ်ကယ် မလွယ်တဲ့အရာ တစ်ခုပါ ။ သေဖို့က အချိန်မရွှေးပြင်ဆင်သင့်ပါသည် ။

နေရေးအတွက် ပြင်ဆင်ထားရင် နေရေး၏ ဒုက္ခတစ်ဝက်သက်သာသည်တဲ့ တွေးစရာလည်း ဖြစ်သလို မှတ်သားစရာလည်း ဖြစ်ပါတယ်

ကျွန်တော်မြင်တာ သိတာလေးပြောရရင် အသေတတ်ဖို့အတွက် ပြင်ဆင်ထားသင့်တယ် လို့ထင်ပါတယ်... သေမယ်ဆိုတာသိနေတဲ့လူတွေက နေထိုင်တဲ့နေရာမှာ အကောင်းဆုံးနဲ့ ဆက်ဆံတတ်ကြတာလည်း တွေ့ရပါတယ်... နေရေးထက် သေရေးက ပိုခက်တယ် လို့လည်း ထင်ပါတယ်ဆာ... နေ့တိုင်းက သေနေ့ချည်းပဲလို့ မှတ်ထားရင် နေ့တိုင်း လူတိုင်းကို ကောင်းကောင်းမွန်မွန်ဆက်ဆံနိုင်မယ်ထင်ပါတယ် ဆရာရေးထားတဲ့ I2 Wan ဆောင်းပါးတွေကို Pdf ထုတ်ပြီးသိမ်းထားပါအုံးမယ်ဆာ ခွင့်ပြုပေးပါဗျာ...

မျက်ကြည်လွှာလှူတုန်းက ဆေးရုံကရှင်းပြတာ နားထောင်ပြီး ကြောက်လည်းကြောက် ပီတိလည်းဖြစ် တကယ်ကော ကိုယ်သေဆုံးတဲ့အချိန် လာယူနိုင်ကြပါ့မလား ကိုယ့်အလှူလေးအထမြောက်ပါ့မလားဆိုပြီး အတွေးတွေပွားဖူးတယ်။