တို့ ငယ်ငယ်တုန်းအရွယ်

in #myanmar6 years ago

ငထွေးငယ်စဉ်အကြောင်း မန္တလေးဘူတာကြီး
မြောက်ဖက်မှအစချီခဲ့ပါသည်။ ပါဆယ်ရုံ၊
လူစီးတွဲပြင်ရုံများနှင့် အရာရှိဟိုတယ်များရဲ့ 
မြောက်ဖက် ကပ်လျှက်မှာတော့ သံလမ်းအုပ်ကြီး
ရုံး လမ်းဗိုလ်ကြီးရုံးရှိသည်။ လမ်းဗိုလ်ကြီးရုံး
အတွင်းသို့  ဝင်ရန်ရထားလမ်းများဖောက်လုပ် ထားသည်။ အရာရှိများလမ်းစစ်ဆေးသည့် EMC သံလမ်းပြေးကား၊ လမ်းဗိုလ်ကြီးစီးသည့် စက်ထော်လီနှင့် သံလမ်းများ၊ ဇလီဖားတုံး များသယ်ရန်နှင့် လုပ်သားများစီးရန် RGC သံလမ်းပြေးကားများ ရှိသည်။ အဆိုပါကားများဝင်ရောက်ရန်နှင့် ထါးရှိရန် ရထားလမ်းနှင့် ဂိုဒေါင်များ လမ်းဗိုလ်ကြီးရုံး အတွင်းတွင်ထားရှိသည်။

image

လမ်းဗိုလ်ကြီးရုံးအတွင်းတွင် ဇလီဖားတုံး များကို
စနစ်တကျ ထပ်ခါအပုံလိုက်စီထားသည်။ သံလမ်းချောင်းများကိုလည်း စနစ်တကျထပ်၍ စီထားသည်။ အဆိုပါ သံလမ်းပုံ၊ ဇလီဖားပုံများ သည် ငထွေးတို့ ကလေးများအတွက် လွန်စွာ ဆော့လို့ ကောင်းခဲ့ပါသည်။ လမ်းဗိုလ်ကြီးရုံး
သည် ကုက္ကိုပင်၊ ညောင်ပင်ကြီးများရှိ၍ အရိပ်
အင်မတန်ကောင်း၍ အလွန်အေးမြသည်။

လမ်းဗိုလ်ကြီးရုံး၏ ခြံစည်းရိုးအစပ်သည်
ငထွေးတို့ အိမ်နှင့် မြေလမ်းကလေးခြားထားသည်။
ငထွေးတို့ ကလေးတစ်သိုက်သည် လမ်းကလေးကို
ကျော်ပြီး သံဆူးကြိုးများကိုဖြဲ၍ လမ်းဗိုလ်ကြီးရုံး
အတွင်းဝင်ရောက် ကစားကြသည်။ လမ်းဗိုလ်ကြီးရုံးအတွင်းရှိမြေသည် မြေနီဖြစ်သည်။
မြေများကိုတူး၍ ရေဖြင့်ဖျော်ကာ လောက်စာလုံး
လုံးကြသည်။ မြေကြီးနီနီဖြင့်ပြုလုပ်ထားသည့်
လောက်စာလုံးအနီလုံးလေးများကို ယခုခေတ်တွင်
မတွေ့ ရတော့ပါ။

image

ငထွေးတို့ ငယ်စဉ်က လောက်လေးခွများကို အိမ်ဆိုင်များတွင်ရောင်းချသည်။ အိမ်ဆိုင်မှ
လေးခွများကို မဝယ်ယူနိုင်ပါ။ ပိုက်ဆံမရှိ၍ ဖြစ်ပါသည်။ ကိုယ်တိုင် မန်းကျီးပင်ပေါ်တက်၍ လေးခွလုပ်ကောင်းမည့်ကိုင်းရှာကာ
လေးခွကို ကိုယ်တိုင်ပြုလုပ်၍ ကိုင်ကြသည်။
ကြက်ပေါင်ကွင်းအကြီးများကို မျော့ကွင်းလုပ်
သရေကွင်းများဖြင့်ချည်ပြီး လောက်စာအိမ်ထည့်
ရမည့်သရေဖတ်အား ဒေါက်ဖိနပ်လုပ်သည့် နေရာတွင်သွားရှာ၍ လေးခွတစ်လက်ပြုလုပ်ခြင်း
ပြီးစီးသွားပါသည်။

လေးခွတစ်လက်ဖြင့် ဟိုလျှောက်ပစ် ဒီလျှောက်ပစ်
ပစ်ကြသည်။ စာကလေး၊ စွေ့ နှင့် ဇရက်ငှက်များ ကိုပစ်ကြသည်။ ငထွေးတို့ သူငယ်ချင်းထဲတွင် ငရှဥ့်
ဟုအမည်ပေးထားသည့် သူငယ်ချင်းရှိသည်။ သူ့ ပါးစပ်မှ ကစ် ကစ်ဟုအသံပြုတတ်သည့်အတွက်
ငရှဥ့်ဟုအမည်တွင်ကာ ခေါ်ဆိုကြသည်။
သူ့ အမည်ရင်းမှာ ကျော်စိုးဖြစ်သည်။ သူသည်
ငထွေးတို့ ထက်စာလျှင် ပိုက်ဆံပေါသည်။ သူ့ မှာလေးခွကောင်းတစ်လက်ဝယ်ယူထားရှိသည်။ လေးခွပစ်လည်း အလွန်လက်ဖြောင့်ပြီး လက်အလွန်တည့်ပါသည်။ တစ်ချက်နှစ်ချက်ပစ်
ဖြင့် စာကလေးတစ်ကောင်ထိသည်။

image

လမ်းဗိုလ်ကြီးရုံးနှင့် မျက်နှာချင်းဆိုင်တွင်
လူစီးတွဲပြင်ရုံခြံဝင်း (ပြဿဒါး ခြံဝင်း)ရှိသည်။
ခြံဝင်းနှစ်ခုကြားတွင် မန္တလေး - မတ္တရာသွား ရထားလမ်းနှင့် ရှန်တိန်ရထားလမ်းနှစ်လမ်း
ရှိသည်။ အဆိုပါလမ်းနှစ်လမ်းပေါ်တွင် လေတံခွန်
(စွန်)လွှတ်ကြသည်။ တရုပ်တန်းဖက်မှ စွန်လွှတ်သူနှင့် ငထွေးတို့ မီရထားဖက်မှ စွန်လွှတ်
သူများငြိပြီး စွန်ပျက်ကျလျှင် များသောအားဖြင့်
စွန်များသည် ပြဿဒါးခြံအတွင်းသို့ ကျသည်။
ပြဿဒါးခြံဝင်းက လွန်စွာကျယ်ပြီးရှည်လျားသည်။

မိတ်ဆွေတို့ စွန်လိုက်ဖူးကြပါသလား။ စွန်နှစ်စွန်
ကောင်းကင်းမှာငြိနေပါလျှင် လေအေါက်ရှိ
သစ်ပင်ရိပ်တစ်ခုမှစောင့်ကြည့်နေရပါသည်။
စွန်ကျနိုင်မည့်နေရာကိုလည် ခန့် မှန်းကာနေရာ ယူတတ်ရပါမည်။ စွန်လိုက်လျှင် မျက်စိလျှင်ရ ပါမည်။ စွန်၏ ကြိုးစကိုလိုက်ရှာကာ ဖမ်းဆုပ်၍
မိပြီဟေ့ ဟု အော်ကာစွန်ဖမ်းရပါသည်။ စွန်ကြိုးများမှာ ရောင်စုံဖြစ်သည်။ အဖြူ၊ အနီနှင့် အနက်ရောင်များဖြစ်သည်။ အနက်ရောင်ကြိုး ဆိုလျှင် မျက်စိ အင်မတန်လျှင်မှ ကြိုးစကိုတွေ့ သည်။ ကြိုးစသည် စွန်ပျက်ရာနောက်တန်းလန်း
ကျ ကာပါသွားသည်။ တစ်ခါတစ်ရံ တရုတ်မန်းကျီး ပင် အကိုင်းကို ဝါးလုံးထိပ်မှာကြိုးချည်၍ ဝါးလုံးဖြင့်စွန်လိုက်ပါသည်။ ဝါးလုံးဖြင့် စွန်လိုက်လျှင် စွန်များစွာရပါသည်။

image
image credit - original source

စွန်လိုက်သည့်အခါ လက်ဗလာဖြင့်လိုက်ခြင်း၊
ဝါးလုံးဆူးခက်ဖြင့်လိုက်ခြင်းနှစ်မျိုးရှိသည်။
လေပြင်းသည့်အခါ လက်ဗလာဖြင့်လိုက်သူများ
က စွန်ပိုရတတ်သည်။ လေပြင်း၍ စွန်ငြိပျက်သွား ပါက စွန်က လေပြင်းကြောင့် မြန်ဆန်စွာအဝေးသို့ 
ရောက်ရှိသွားသည်။ လက်ဗလာသမားက မြန်မြန်
ပြေးနိုင်ပြီး ဝါးလုံးသမားက ဝါးလုံးကြီးကြောင့်
အမြန်မပြေးနိုင်ပါ။ လေညင်းတိုက်ပါက ဝါးလုံး သမားက စွန်ကို အေးဆေးစွာဖမ်းယူနိုင်ပါသည်။
(ခေတ္တနားပါမည်။)
Author @htwegyi
Photo @htwegyi
MSC.036

Sort:  

ထမင်းရည်​နဲ့ ဓာတ်​အိုးကွဲရှာပြီး မှန်​စာတိုက်​ခဲ့တာ​လေး​တောင်​ သတိရသွားပြီ ကိုကြီး​ရေ ..

အိုး ဟုတ်ပ အဲ့ဒါလေးမေ့သွားသဗျို့ 

မန်ကျည်းသားကတော်တော်မာတာ ပိတောက်သားနဲ့လုပ်တာလဲကာင်းတယ်ကွီးထွေးကျနော်တို့ဆီမှာတာ့ ပိတောက်သားများတယ်သုံးတာ။

ဟုတ်ပ လက်ကိုထုံနေအောင်ခုတ်ရတာ

အေးချမ်းပျော်ရွင်တဲ့ ကလေးဘဝကို ပိုင်ဆိုင်ခဲ့တာပဲ ဦးထွေး။

မျောက်စိနောက်အောင်ဆော့ခဲ့ရတာ

ကျွန်​​တော်​တို့ဘက်​ကြ ဆူးဖြူကိုင်းအ​သေး​လေး​တွေ ဝါးလုံးထိပ်​ချည်​ပြီး စွန်​လိုက်​ကြတယ်

ကျုပ်တို့ က တရုပ်မန်းကျီးကိုင်း

စွန်​လိုက်​ရင်​လက်​ဗလာနဲ့လိုက်​ရတာကိုသ​ဘောကျတယ်

ဟုတ်တယ်ဗျ တူတူပဲ

စွန်လွှတ်ရတဲ့ ပျော်ရွှင်မှုမျိုးက ဘာနဲ့မှ နှိုင်းမရဘူး ဦးထွေးရေ ကိုယ့်စွန်လေး လေထဲဝင်နေတာကိုမြင်ရရင် ကလေးတစ်ယောက်လိုဘဲ လွတ်လွတ်လပ်လပ် ပျော်တယ်

ဟုတ်တယ်ဗျ စိတ်လှုပ်ရှားစရာပျော်စရာကောင်းတယ်
စွန်လိုက်ရတာပိုကြိုက်တယ်ဗျ

အခုချိန်မှာတော့ ဟိုတုန်းကလို ကစားစရာနေရာ ကွင်းပြင်ကျယ်ကျယ်တွေ
ရှိနေတော့မှာ မထင်ပါ

ဟုတ်တယ်ဗျာ ခုခေတ်ကလေးတွေ
ခေတ်ကတိုးတက်လာတာလား ဆိုးသွားတာလား

ငယ်ငယ်တုန်းက ပျော်ခဲ့သမျှလေးတွေ

အမှတ်ရသမျှ

မန်းကျီးကိုင်းနဲ့လေးခွလုပ်ရတာ ခုမှသိတယ်

မန်းကျီးသားက မာတယ် ခိုင်တယ်ဗျ
တခြားအသားနဲ့ လည်လုပ်ပါတယ်

Coin Marketplace

STEEM 0.30
TRX 0.11
JST 0.033
BTC 64271.38
ETH 3157.43
USDT 1.00
SBD 4.25