သီတင်းကျွတ် (အခန်း ၃)

in #myanmar5 years ago

t5n9axz4v5.jpg

ယနေ့ကား သီတင်းကျွတ် လပြည့်နေ့ ဖြစ်၏။ လပြည့် လကွယ် ရက်များတိုင်း အမေ့ကို ဆွမ်းလောင်းလှူကူခြင်း အမှုကို လုပ်ဆောင်ပေး၏။ ထို့ကြောင့် ယနေ့မှာလည်း အမေ့ကို ဆွမ်းလောင်းကူရန် အိပ်ရာမှာ ခပ်စောစောလေး ထ ဖြစ်၏။ သို့ပေမယ့် ဆွမ်းတော်က မကြွပေ။ ယနေ့ ကျနော်တို့ ဒေသ၊ အရပ်မှာ ဘုန်းကြီးကျောင်း တက်ပြီး ကုသိုလ်ယူကြမည် ဖြစ်သဖြင့် ဆွမ်းခံ မကြွခြင်းပင်လော။ ကျောင်းမှာ ပြင်ဆင်စရာ ရှိသည်များကို ပြင်ဆင်ရန် မကြွကြခြင်း ဖြစ်မည် ထင်၏။ အချို့သော လပြည့်၊ လကွယ်ရက်များတွင် ဆွမ်းခံ ကြွလေ့ မရှိကြပေ။ ဥပမာ စာရေးတံမဲပွဲ ကျင်းပသည့် ရက်မျိုးတွေပေါ့။

လပြည့်၊ လကွယ်မှာ ဆွမ်းခံမကြွတော့ဘဲ နောက်ရက်မှ ပြန်ကြွလေ့ ရှိ၏။ ထို့ကြောင့် နောက်နေ့မှ ဆွမ်းထပြီး လာင်းရဦးမည် ဖြစ်၏။ ဆွမ်းခံ မကြွတော့မှန်း သေချာသွားသောအခါမှာတော့ ကျနော်လည်း အိပ်ရာသို့သာ ပြန်ဝင်လိုက်တော့၏။ တရေးတမော ပြန်အိပ်လိုက်ဦးမည်။ ခုမှ အချိန်က မနက် (၅) နာရီခွဲ မလား။ ပြန်အိပ်ပြီး မနက် (၉) နာရီမှ တခါ ပြန်ထ၏။ ဘုန်းကြီးကျောင်း တက်ဖို့ ပြင်ဆင်ရ၏။ ဒီနေ့ ဘုန်းကြီးကျောင်း (၃) ကျောင်းတက်မည်ဟု အမေက ပြော၏။ ဘုန်းကြီးကျောင်း တက်ပြီး အင်းထဲ သွားဖို့ တွေးထား၏။

3qjqns9vjo.jpg

သီတင်းကျွတ် လပြည့် အခါကြီး ရက်ကြီး ဖြစ်သဖြင့် ဘုန်းကြီးကျောင်း တက်သူများ၏။ ဒီမှာက သင်္ကြန်နှင့် သီတင်းကျွတ် ကဲ့သို့သော ရက်မျိုးများမှာ ဘုန်းကြီးကျောင်း တက်ပြီး ကုသိုလ်ယူသူ များ၏။ ဘုန်းကြီးကျောင်း တက်သူများကို စတုဒီသာ အလှူနှင့် ပြန်လည် ဧည့်ခံ ကျွေးမွေးကြ၏။ ပထမကျောင်းက ကင်ပေါင်းကြော်၊ ဒုတိယကျောင်းက မုန့်ဟင်းခါး၊ တတိယကျောင်းက ထမင်းနှင့်ဟင်း ကျွေး၏။ တတိယကျောင်းမှာ ထမင်းဟင်းကျွေးသည့် အလှူရှင်က ကျနော့်အမများနှင့် ရင်းနှီးသူ ဖြစ်၏။ သူ့အလှူကို လာရောက် ချီးမြှင့် သုံးဆောင်ရန်လည်း ဖိတ်ကြားထား၏။

ဘုန်းကြီးကျောင်းတက်ပြီး အိမ်သို့ ပြန်၏။ အိမ်ရောက်မှ သူငယ်ချင်းတွေကို phone လှမ်းဆက်ရ၏။ အင်းထဲ သွားဖြစ်၊ မသွားဖြစ်ကိုပေါ့။ phone ကိုက အိမ်မှာထားခဲ့ခြင်း ဖြစ်၏။ ဘုန်းကြီးကျောင်း တက်နေချိန် phone တကားကားနှင့် အလုပ်ရှုပ်သောကြောင့် ဖြစ်၏။ အရေးကြီး ဆက်သွယ်စရာ၊ ဆက်သွယ်လာမည့် သူလည်း မရှိဘူးကိုး။ သူငယ်ချင်းကို လှမ်းမေးကြည့်တော့ မသွား ဖြစ်ဘူးဟု ပြော၏။ အင်း မသွား ဖြစ်တော့လည်း အိမ်မှာပဲ နားရုံပေါ့။ နှာခေါင်းပိတ်၊ နှာစီးနေသဖြင့် ဆေးသောက်ပြီး ခဏလောက် အိပ်မည်ဟု တွေးထား၏။

နှာခေါင်းက သီတင်းကျွတ် ပိတ်ရက် မတိုင်မီကတည်းက ပိတ်နေ၊ စီးနေခြင်း ဖြစ်၏။ အခြားကြောင့် မဟုတ်၊ ဆံပင်ကို ဂတုံး ဆံပင်ပေါက် ညှပ်လိုက်ရာမှ အအေးမိပြီး နှာခေါင်းပိတ်သွားခြင်း ဖြစ်၏။ ရှေ့ရက်များက ဆေးမသောက် ဖြစ်သော်လည်း ဒီနေ့တော့ ဆေးသောက်မှ ဖြစ်မည်။ ရက်ရှည်သွားလျှင် မကောင်းဘူးကိုး။ အခြားလည်း လုပ်စရာ၊ သွားစရာ မရှိသဖြင့် ဆေးသောက်ပြီး အိပ်ဖို့သာ ရှိတော့၏။

ဆက်ပါဦးမည်

Don Jaun

MSC 31

Sort:  

Thanks for using eSteem!
Your post has been voted as a part of eSteem encouragement program. Keep up the good work! Install Android, iOS Mobile app or Windows, Mac, Linux Surfer app, if you haven't already!
Learn more: https://esteem.app
Join our discord: https://discord.gg/8eHupPq

Coin Marketplace

STEEM 0.31
TRX 0.11
JST 0.034
BTC 66441.00
ETH 3217.31
USDT 1.00
SBD 4.22