May be or not (Chapter 1)
ဘ၀မှာ ထီ မပေါက်ဖူးသော်လည်း အခြား အရာ တခုခုတော့ ပေါက်ဖူးပေလိမ့်မည်။ ဘာမှ မပေါက်ဖူးဘူး ဆိုလျှင်တော့ မိတ်ဆွေ လိမ်တာဟု ကျနော် ဆိုရပေလိမ့်မည်။ လူ ရယ်လို့ ဖြစ်လာမှာတော့ ၀က်ခြံတော့ ပေါက်ဖူးပေလိမ့်မည်။ အံမယ် ငါတို့က ၀က်ခြံလည်း မထွက်ဘူး၊ မပေါက်ဘူး ဆိုပါက ကန်တော့ အင်အင်း( လေလည်)တော့ ပေါက်ဖူးကြပေလိမ့်မည်။ မဟုတ်ဘူးလားဗျာ။
ယခု အသက် အရွယ်အထိ တသက်နှင့် တကိုယ် တခါသားမှတော့ ထီ မပေါက်ဖူးပေ။ ကျန်သည့်အရာများတော့ မကြာခဏ ပေါက်လေ့ ရှိ၏။ ထို မကြာခဏ ပေါက်လေ့ ရှိသည့် အရာများထဲတွင် ဆိုင်ကယ် ဘီးလည်း ပါ၏။ ဆိုင်ကယ်ကိုပဲ အဖော်အပေါင်းပြုပြီး သွားလာနေရသူအဖို့ ဆိုင်ကယ် ဘီးက မကြာခဏသော် လည်းကောင်း၊ ကြာကြာ တခါသော် လည်းကောင်း ပေါက်လေ့ ရှိ၏။ သို့ပေမယ့် ဘီးပေါက်တိုင်း ဘီးဖာဆိုင်နှင့် မလှမ်းမကမ်းတွေမှာပဲ ပေါက်ခြင်းက ကံကောင်းလှသည်ဟု ပြောရမလိုပင်။
လမ်းသွားရင်း ပေါက်သည်ထက် အိမ်မှာ နေရင်း ပေါက်သည်က ပိုပြီး များလှ၏။ တခု ခံသာသည်က အိမ်နှင့် လေထိုး ကျွတ်ဖာဆိုင်က သိပ်မဝေးလှလို့ တော်သေး၏။ မည်သို့ပင် ဆိုစေ ဘီးပေါက်လေ့ ရှိပေမယ့် ဘီးပေါက်တိုင်း ဘီးဘာဆိုင်တွေနှင့် သိပ်မဝေးတာ တခုက အဆိုးထဲက အကောင်းပင် မဟုတ်လား။ ဆိုင်ကယ် စစီးနိုင် ကတည်းက ဘီးပေါက်လာခဲ့သည်မျာ အကြိမ်ရေ တော်တော်လေး ရှိလာခဲ့ပြီ ဖြစ်၏။ မှတ်မှတ်သားသား မလုပ်ထားပေမယ့် အကြိမ် (၂၀) တော့ မကျော်လောက်သေးပေ။
ဘီးပေါက်လိုက်တိုင်း အကြိမ် အများစုက ကျွတ်ပါ လဲရလေ့ ရှိ၏။ အကြိမ်ရေ အနည်းစုလောက်က ကျွတ်ပါလဲသင့်သည် မှန်ပေမယ့် အကြိမ်ရေ အများစုမှာတော့ ထိုဆိုင်မှ ဆရာများက ဘီးဖာ ပျင်းသဖြင့် အသစ် လဲလိုက်ရခြင်း ဖြစ်သည်ဟု ပြောလို့ ရ၏။ ကိုယ်တွေ အနေနှင့်လည်း သူတို့ ကောင်းသလို စီမံ ပြုလုပ်ပေးသည့်အတိုင်း လက်ခံ ရုံသာပေါ့။
ဘီးပေါက် ကျွတ်လဲ အဆင့်ထိသာ အမြင့်ဆုံး ကြုံဖူးပေမယ့် ယနေ့မှာတော့ ထူးခြား ဖြစ်စဉ်လေးနှင့် နှဖူးတွေ့ ဒူးတွေ့ ရလေတော့၏။ ယနေ့ တူတော်မောင်ကို ကျောင်းက ကြိုလာပြီး အပြန်မှာ ဆိုင်ကယ် ဘီးပေါက်၏။ ပေါက်သည့် ဘီးက ရှေ့ဘီး။ ထုံးစံ အတိုင်း လေထိုးကျွတ်ဖာဆိုင်နှင့်တော့ သိပ်မဝေးလှပေ။ သို့နှင့် တူတော်မောင်ကို ဆိုင်ကယ်ပေါ် ထိုင်ခိုင်း ကိုယ်က တွန်းပေါ့။ ဆိုင်ရောက်တော့ ဘီးဖာပေးမယ့်သူက မရှိဘူးတဲ့ လေချိန်ရုံလောက်ပဲ ရမည်တဲ့။ မောပေါ့။ သို့နှင့် ထို ဆိုင်နှင့် မလှမ်းမကမ်းရှိ အသိ ဆိုင်ကယ် ၀ပ်ရှော့သို့ တွန်းသွားလိုက်၏။
Don Jaun
MSC 31