And then...

in #myanmar5 years ago

t5n9axz4v5.jpg

သီတင်းကျွတ် ပိတ်ရက် (အနားယူရက်) လေးများ ကုန်ဆုံးပြီ။ အားသည်ဟု ပြောလို့ ရပေမယ့် နားနေသည်၊ အနားယူဖြစ်သည် ဟု ပြောဖို့ ကြပြန်တော့လည်း မဟုတ်သလိုလိုပင်။ ဒါဖြင့် အလုပ်တွေ လုပ်နေ၊ များနေလို့လား ဆိုပြန်တော့လည်း မဟုတ်ပေ။ ဟိုလည် ဒီလည် လုပ်နေလို့ မနားလိုက်ရဘူး မလား ဆိုပြန်တော့လည်း ပိတ်ရက် တတွင်းလုံး နီးပါး အိမ်ထဲမှာပဲ ငုန်ဆုံး ဖြစ်၏။ နေ့လည် နေ့ခင်း လက်ဖက်ရည် ထွက်သောက် တာလောက်ပဲ ရှိ၏။ ဒါတောင် တရက် တလေပင်။

ခုတလော ဘယ်လို ကံကများ ကျီစယ် သည် မသိ။ သာမန် အချိန်မျိုးမှာ ဒေါင်ဒေါင်မြည် ပေမယ့် ပိတ်ရက် နားရက်ဆိုရင် ကျန်းမရေးက ထထဖောက်လာ၏။ တရက် တလေလောက် ကျူရှင်များ ပိတ်တုန်းကလည်း ဗိုက်နာလိုက်၊ ဝမ်းတွေ သွားလိုက်နှင့်။ ခု (၅) ရက်လောက် ပိတ်ပြန်တော့လည်း နှာစီးပြီး ကိုယ်လက် မအီမသာ ဖြစ်နေ၏။ ဖျားတာလား ဆိုပြန်တော့လည်း မဟုတ်၊ နို့ ဒါဆို နေကောင်းတယ် မလား ဆိုပြန်တော့လည်း မည်သို့ ဖြေရမည် မသိပေ။ တော်တော် နေရခက်သည့် အခြေအနေ ဖြစ်၏။ ကိုယ်လက် မအီမသာတော့ စိတ်က မရွှင်မပြ ဖြစ်ရ ပြန်၏။ ဒီ သီတင်းကျွတ် ပိတ်ရက်က တော်တော် ပြောစမှတ် ပြုစရာပင်။

ရုပ်ရှင် (ဇာတ်ကား) များလည်း သိပ် မကြည့်ဖြစ်၊ မကြည့်လိုက်ရပေ။ စာအုပ်လည်း မဖတ်ဖြစ်။ Futsal ကြပြန်တော့လည်း လပြည့်နေ့ မတိုင်ခင် တရက် ဖြစ်နေတော့ လူမစုံလို့ မကန်လိုက်ရပေ။ ဂိမ်း တခုလောက်ပဲ ပီပီပြင်ပြင် ဆော့ ဖြစ်၏။ ဂိမ်းကတော့ ဆော့လွန်းလို့ အမေ ကပင် ပြောယူရသည့် အထိပင်။ ကျနော်ကလည်း ကျနော် ပဲကိုး။ ကျောင်းသား ဘဝတုန်းက တစခန်း ထခဲ့ဖူးသည့် ဂိမ်းပိုးက အခုချိန်မှာ ပြန်ပေါ်၊ ပြန်ဖောက်လာ၏။

3qjqns9vjo.jpg

ဆယ်တန်းနှင့် တက္ကသိုလ် ကျောင်းသားဘဝမှာတုန်းက အရိုက်ခံရသည်အထိ ဂိမ်းကို ကစားခဲ့၏။ ထို့နောက် ကျောင်းပြီးခါနီး နှစ်များနှင့် ဘွဲ့ရပြီးနောက်ပိုင်း ဘယ်ဂိမ်းကိုမှ သဲသဲမဲမဲ မဆော့ ဖြစ်ပေ။ ထိုသို့ နေလာခဲ့ရမှ ယခုမှ တခါပြန်ပြီး ဂိမ်းစွဲ နေခြင်း ဖြစ်၏။ သို့ပေမယ့် ယခင်လောက် ထမင်းမေ့ ဟင်းမေ့ သဲသဲမဲမဲ ဆော့ခြင်းတော့ မဟုတ်ပေ။ နေ့လည် နေ့ခင်း အားချိန်လေး ခဏလောက်သာ ဆော့ခြင်း ဖြစ်၏။ သို့သော် ညဖက်မှာတော့ အချိန် တော်တော်ကြာအောင် ဆော့ ကစား ဖြစ်၏။ ညစာ မစားခင် တနာရီလောက် ဆော့၏။ ညစာ စားပြီးနောက် ည (၈) နာရီ ကနေ ဆော့လိုက်တာ မနက် (၁) နာရီ ထိုးသည် အထိပင်။ တခါတလေများ (၂) နာရီ ထိုးသွားသည် အထိကို ဆော့မိ၏။

သီတင်းကျွတ် ပိတ်ရက်တွေမှာတော့ တော်တော်လေးကို ဆော့ဖြစ်၏။ သာမန်ချိန်များထက်ကို ပိုပြီး ဆော့ကစား ဖြစ်၏။ အပန်းဖြေ ခရီးသွားခြင်းဖြင့် အနားမယူ ဖြစ်လိုက်ပေမယ့် ဂိမ်းဆော့ရင်း စိတ်ဖြေ သိမ့်ဖြစ်သည်ဟု ပြောရမလိုပင်။ ဂိမ်းဆော့ရင်း အနားယူသည်ဟု ပြောလို့က မရဘူးကိုး။ ဂိမ်းကစားခြင်းက အနားယူခြင်းမှ မဟုတ်ဘဲ။ လှုပ်နေ ပြုနေရသေးသည် မဟုတ်လား။ တစုံတယောက်က သီတင်းကျွတ်ကို ဘယ်လို ဖြတ်သန်း ကုန်ဆုံး ခဲ့လဲ ဟု မေးခဲ့ပါမူ၊ ဂိမ်းဆော့ရင်း ကုန်ဆုံး ခဲ့သည်ဟု ပြန်ဖြေရပေလိမ့မည်။

Don Jaun

MSC 31

Coin Marketplace

STEEM 0.28
TRX 0.11
JST 0.034
BTC 66258.39
ETH 3170.93
USDT 1.00
SBD 4.07