နွားချစ်သူနှင့်စုန်းကဝေမလေး အပိုင်း(၁ဝ)

in #myanmar6 years ago

image
နွားချစ်သူ . . . .။
သူ့ကို ထိုရွာတစ်ရွာလုံးက နွားချစ်သူဟုသာ သိထားကြပြီး ဂွစာကဲ့သို့ပုံစံဖြစ်သဖြင့် တစ်ရွာလုံးက မေးထူးခေါ်ပြောလောက်သာရှိပြီး သိပ်အဖတ်မလုပ်ကြချေ။ လူတိုင်းက နွားချစ်သူဟုသာခေါ်ဆိုကြသဖြင့် တစ်ရွာလုံးနှုတ်ကျိုးနေသည်မှာလည်း အချိန်အတော်ပင်ကြာလှပြီ ဖြစ်သောကြောင့် သူ့အမည်ရင်းကိုပင် ဘယ်သူကမှ သတိမရကြတော့ချေ။
သူကလည်းသူ . . . .။ အလွန်ပင်ကျယ်ပြောလှသော သူ့အိမ်ဝိုင်းထဲမှာ နွားများစွာကို သီးသန့်ခြံခတ်၍မွေးထားပြီး ထိုနွားများကို မွေးရခြင်းရည်ရွယ်ချက်မှာ နွားနို့အတွက်လည်းမဟုတ်၊ အမဲသားအတွက်လည်းမဟုတ်သလို လယ်ယာအတွက်လည်းမဟုတ်ပါချေ။ နွားများကို ရည်ရွယ်ချက်မဲ့မွေးထားသည့်အပြင် ထိုနွားခြံထဲသို့ မည်သူ့ကိုမှပင် အကပ်မခံ။ လူကပ်လာပြန်လျှင်လည်း မကြာခဏကြိမ်းမောင်းလေ့ရှိသောကြောင့် လူ့ဂွစာ နွားချစ်သူ အဖြစ် သူ့ကို တစ်ရွာလုံးက သတ်မှတ်ထားကြလေသည်။ မမနိုရာက လုပ်ခိုင်းသော ကိစ္စတစ်ခုကြောင့်သာ မယ်နန်းဘုံ ထိုရွာလေးကို သွားခြင်းဖြစ်သည်။ နိုရာ့၏ ပြောစကားကြောင့် နွားချစ်သူဆိုသူသည် နိုရာ့ကိုပြည့်တန်ဆာဖြစ်အောင် လုပ်သည်ဆိုသည်ကိုသာ သိထားရပြီး ကျန်တာတော့ မယ်နန်းဘုံ ဘာမှမသိပါချေ။ မယ်နန်းဘုံက ရွာထဲသို့တစ်ဦးတည်းဝင်လာပြီး ဟိုလူမေး ဒီလူမေးနှင့် နောက်ဆုံးတွင်တော့ နွားချစ်သူ၏ အိမ်သို့ပင်ရောက်ရှိလာခဲ့ချေသည်။ အိမ်ဝိုင်းတံခါးဝကိုရောက်တော့ မယ်နန်းဘုံက အိမ်ဝိုင်းထဲ မျက်လုံးလေးကို တစ်ချက်ဝေ့ကြည့်လိုက်ပြီးနောက် -
"နွားချစ်သူ . . . နွားချစ်သူ . ရှိလား . ."
ဟု အော်ပြောလိုက်သည်။
ဘာအသံများကြားရမည်နည်းဆိုပြီး မယ်နန်းဘုံက အိမ်ဝိုင်းအနား နားစွင့်ကြည့်တော့ ဘာသံကိုမှမကြားရ။ သို့သော် အထဲမှ ချေးစားစုန်းရွှံ့လုံးတစ်လုံး ချေးပုံပေါ်မှာ ခုန်ဆွခုန်ဆွလုပ်၍ "ဗွက်" ခနဲ "ဗွက်ခနဲ" ချေးစားနေသော အသံလိုလိုကို သဲ့သဲ့လေးကြားနေရသည်။ မယ်နန်းဘုံမျက်နှာက ရုတ်တရက်ပင် ခဏမျှတွေဝေသွားပြီး မဟုတ်လောက်ပါဘူးလေ ဟုပြန်အတွေးဝင်ကာ ခေါင်းကိုဆတ်ခနဲ ခါလိုက်ပြီးနောက် -
"နွားချစ်သူ . . . နွားချစ်သူ"
ဟု ထပ်အော်ပြောလိုက်သော် ခဏနေတော့ အသက် ၂၀ ခန့်ရှိမည်ဟု ထင်ရသော လူရွယ်တစ်ဦးက တံခါးကို လာဖွင့်လေသည်။ ထိုလူရွယ်က တံခါးကို ဆွဲဖွင့်နေရင်းနှင့် ပြောလိုက်သည်။
"ကဲ . . . မိန်းကလေး . . ဘာကိစ္စ . ."
်မယ်နန်းဘုံက နွားချစ်သူကို ကြည့်ရင်းစကားပြောလိုက်သည်။
"ကျွန်မ ဒီကို . . ."
မယ်နန်းဘုံ စကားမဆုံးမီမှာပင် နွားချစ်သူက တံခါးဖွင့်ပြီး မယ်နန်းဘုံလှမ်းအကြည့် အကြည့်ချင်းဆုံသွားမိရင်း မယ်နန်းဘုံ ရုတ်တရက် ဆွံ့အသွားမိသည်။
နွားချစ်သူဆိုသည့်ထိုလူ . . .
မမနိုရာကို ပြည့်တန်ဆာဖြစ်အောင်လုပ်ခဲ့တဲ့သူ . . .
ထိုလူက . . .ထိုလူက . .
မယ်နန်းဘုံရဲ့ ပြန်မှတ်မိသမျှ အတိတ်စုန်းဘဝမှတ်ဥာဏ်တွေထဲက မီးအိမ်တစ်လုံးကို ကိုင်ပြီး ချေးစားစုန်းဆင်ကွပ်တို့ရွာကို တစ်ကိုယ်တော်ရောက်လာသည့် လူသားနှင့် ရုပ်ကော အသံပါ တထေရာတည်းတူနေပေတော့သည်။
"ကျွန်မ . . .ကျွန်မ . . ."
မယ်နန်းဘုံရဲ့ ပြောစကားတွေက ရုတ်တရက်ပင် ဆွံ့အလို့ပင်သွားပြီး အတွေးတို့က အရှေ့အနောက် တောင်နှင့်မြောက် ဥဒဟိုပင် တွေးခေါ်မိသွားကြသည်။ မမနိုရာသည် လက်ရှိဘဝတွင် မယ်နန်းဘုံ၏ တစ်ခုတည်းသော မှီတွယ်ရာဖြစ်သည့်အပြင် ကျေးဇူးရှင်လည်းဖြစ်နေပြန်သည်။
ထိုလူကကော ဘာလဲ . . ။ ဘာကြောင့် သူဖြစ်နေရတာလဲ . .။ နွားတွေဘာကြောင့် အကြောင်းမဲ့မွေးထားရတာပါလဲ . .။ ခုနကြားခဲ့တဲ့ ရွှံ့လုံးစုန်း ချေးစားနေသည့်အသံကကော . .။
မယ်နန်းဘုံကတော့ "အာ . .ဒီဘဝမှာငါနဲ့မဆိုင်တော့ပါဘူးလေ" ဟုတွေးရင်း မျက်စိကို စုံမှိတ်ကာ ခေါင်းကိုသာ တွင်တွင်ခါလိုက်ပြီးနောက် -
"ကျွန်မ . . . ကျွန်မရှင့်ကို လိုချင်လို့လာတာ . ."
ဟု ပိတ်ပြောလိုက်သည်။ နွားချစ်သူက ရုတ်တရက်အံ့သြသွားဟန်ဖြင့် -
"ဘာ . . .ဘယ်လို . ."
ဟုပြောရင်းနှင့်ပင် မယ်နန်းဘုံရဲ့မျက်နှာကို ကြည့်လိုက်ပြီးနောက်-
"ဒါနဲ့ . . .မင်း . .မင်း . . မယ်နန်းဘုံ . . . မင်း စုန်းမလေးမဟုတ်လား . . "
ဟုပြောလိုက်သည်။ မယ်နန်းဘုံကတော့ ထိုစကားတို့ကို ရုတ်တရက်ပင် လျစ်လျူရှုလိုက်ပြီး -
"ပြောလေ . . . ကျွန်မ . . .ကျွန်မရှင့်ဘဝကိုလာဝယ်တာ . . ဘယ်လောက်ပေးရမလဲလို့ . . ရှင် လူမှားနေပြီ . . ကျွန်မ လူရှင့် . . စုန်းမ မဟုတ်ဘူး . ."
ဟုသာ ပြောလိုက်သည်။ နွားချစ်သူကတော့ "ဟူး" ခနဲ သက်ပြင်းကိုချကာ "ကျွတ်"ခနဲ စုပ်တစ်ချက်သပ်လိုက်ပြီး -
"ဟုတ်ပါပြီ . . .ကဲ . . ပြော . . ငါ့ကို လိုချင်လို့ဆိုတာက . ."
ဟုပြောလိုက်သည်။ မယ်နန်းဘုံကတော့ သူ့အိတ်ထဲမှ ငွေ တစ်ထပ်ကို ယူလိုက်ပြီး ထိုငွေတစ်ထပ်ကို ကိုင်မြှောက်ပြလိုက်ရင်းနှင့် -
"ကျွန်မ ရှင့်ဘဝကို လာဝယ်တာလို့ဆို . . .ကျွန်မ ဘယ်လောက်နဲ့ဝယ်ရမလဲ . . ."
ဟု ပြောလိုက်သည်။
"မင်း . . .မင်း ဘာသဘောလဲ . . ."
"ကျွန်မလက်ထဲမှာ ၂၀၀၀ ရှိတယ် . . ရှင်နဲ့ တစ်ညအိပ်ခေါ်ချင်လို့ . . .ရှင် ကျွန်မနဲ့လိုက်ခဲ့နိုင်မလား . ."
ဒီတစ်ချက်တော့ နွားချစ်သူက ဒေါသထွက်သွားပြီး -
"ဟား . . ဒီမှာ . . မင်းငါ့ကို ဘာများမှတ်နေလဲ . . .ငါ ဇကွဲလည်းမဟုတ်ဘူး . . ပြီးတော့ ယောက်ျားလေးကွ . ."
ဟု ပိတ်အော်လိုက်သည်။ မယ်နန်းဘုံက နှုတ်ခမ်းကို တစ်ချက်ရွဲ့ကာ မဲ့ပြုံးပြုံးလိုက်ပြီး "အဟက်" ခနဲတစ်ချက်ရယ်ပြီးနောက် -
"ဒီမှာ . . .ဘာလဲ . . နည်းလို့လား . . ရှင့်ပေါက်ဈေးပြောလေ . ."
ဟု ပြောရင်း တစ်ဆက်တည်းပင် နွားချစ်သူရဲ့ နား နားလေးကိုကပ်ပြီး -
"ဖြစ်စေရမယ်"
ဟု ပြောလိုက်သည်။
နွားချစ်သူဆိုသူက ပါးစပ်အဟောင်းသားနှင့် သက်ပြင်းကြီးတစ်ချက်ကို ချလိုက်ပြီးနောက် စိတ်ပျက်သွားဟန်ဖြင့် နောက်သို့ ခြေတစ်လှမ်းဆုတ်ကာ လက်မှိုင်ချလိုက်သည်။ သူ့ရှေ့မှာ ရပ်နေသော မိန်းကလေးက အတိတ်ဘဝသူသိခဲ့သော စုန်းကဝေမလေးမှန်း သူရိပ်စားမိသည်။ သို့သော် . . သို့သော် . . . ဘာတွေက ဘယ်လိုဖြစ်ကုန်ပါပြီလဲ . . .။
ဘာတွေက ဒီလောက်တောင်ပြောင်းလဲနေစေတာပါလိမ့် . .။
မယ်နန်းဘုံကတော့ နွားချစ်သူ၏ ဖြစ်ပျက်နေပုံကို တစ်ချက်စောင်းကြည့်ကာ ပြုံးလိုက်ပြီးနောက်
"ဟား . . . ရှင်က . . .ရှင့်ကိုယ်ရှင် လူပျိုစင်လေးမို့ ဈေးကိုင်တယ်ပေါ့လေ . ."
ဟုပြောကာ လက်ထဲမှာ ငွေတစ်ထပ်ကို ခြံဝိုင်းထဲသို့ ပစ်ချလိုက်ရင်းနှင့်
"ရော့ . . . ငွေနှစ်ထောင် . . ဒါက ရှင့်အတွက် စရံသပ်ထားတာ . . ရှင်နဲ့ တစ်ညအိပ်ဖို့ ဘယ်လောက်ပေးရမလဲ ကြိုက်ဈေး စဉ်းစားထား . . .ကျွန်မ မနက်ဖြန်ပြန်လာမယ် . ."
ဟု ပြောလိုက်ရင်းနှင့် လာရာလမ်းသို့ ပြန်လှည့်ထွက်သွားပါတော့သည်။
နွားချစ်သူကတော့ မယ်နန်းဘုံ၏ အနောက်သို့ကြည့်ကာ သက်ပြင်းရှည်ကြီးသာ တစ်ချက်ချလိုက်ရင်း
"ဒီ အနောက်က ခြံဝင်းထဲမှာ မင်းအမေ မယ်အိုစာ ရှိနေမယ်ဆို မင်း ဒီအပြုအမူမျိုး မလုပ်လောက်ပါဘူးလေ . . ."
ဟု သာပြောလိုက်ရင်း နွားခြံထဲသို့ သာဝင်သွားလိုက်ပါတော့သည်။ နွားခြံထဲတွင်တော့ ရွှံ့လုံးပုံစံအရာတစ်ခုက နောက်ချေးပုံ (နွားချေးပုံ) များ ကြားထဲမှာ တစ်ပုံပြီးတစ်ပုံ ခုန်လိုက် ဆွလိုက် ကူးလိုက် ချေးစားလိုက်နှင့်ပင်ရှိနေပါတော့သည်။ နွားချစ်သူက ရွှံ့လုံးကြီးရှိရာသို့ တစ်လှမ်းချင်းလျှောက်သွားကာ ထိုင်ချလိုက်ပြီး -
"မယ်မယ် . . မယ်မယ့်သမီး . မယ်နန်းဘုံလေ . . .သူလာသွားတယ် . . .မယ်မယ့် ကမ္မဇိဋ္ဌိတန်ခိုးတွေ ပျောက်ဆုံးနေတယ်ဆိုတာ သူသိရင် သိပ်ကောင်းမှာပဲ. . . မယ်မယ် . . . သူက အခု အရင်တုန်းကနဲ့မတူတော့ဘူး . . အရာရာ ပြောင်းလဲနေပြီ . သူလေ . . သူ့အတိတ်ကဟာတွေတောင် မမှတ်မိတော့ဘူးလားမသိဘူး . .ဒါပေမယ့် မယ်မယ်စိတ်ချပါ . . ကျွန်တော့်ကြောင့်ဖြစ်တဲ့ ပြဿနာ ကျွန်တော်တာဝန်ယူပါ့မယ် . . . .ကမ္မဇိဋ္ဌိတွေပြန်ရဖို့ . . လွတ်လပ်ရေးကိစ္စနဲ့ ဆင်ကွပ်ရွာ . . . ဒါတွေအကုန် ပြန်ရနိုင်ဖို့ ကျွန်တော်လုပ်ပေးပါ့မယ် . . ."
ဟု သာပြောလိုက်လေတော့သည်။ တန်ခိုးကင်းမဲ့နေသော ချေးစားစုန်း ရွှံ့လုံးအိုကြီးကတော့ လူယောင်မဖန်ဆင်းနိုင် စကားမပြောနိုင်တော့သော်လည်း မိခင်မေတ္တာမည်သည်ကား ချေးစားစုန်းဖြစ်နေပါစေ ရှိစမြဲမို့ တစ်ချက်ငိုချလိုက်မိရာ ချေးစားစုန်းရွှံ့လုံးကြီးထံမှ ရေစက်ရေပေါက်အနည်းငယ်တို့က စီးထွေထွေကျလာပါတော့သည်။
နွားချစ်သူလည်း ထွက်သွားချေပြီ။ ဒီမျက်ရည်တို့ကို သူမမြင်နိုင်တော့သလို မြင်ပါကလည်း မျက်ရည်မှန်းသိဖို့ကတော့ မသေချာ။ ဒါပေမယ့် ဒီမျက်ရည်တွေကို သူ သုတ်ပေးနိုင်မလား ဆိုသည်ကတော့ . . . . ။

အပိုင်း(၁၁)ဆက်ရန်

[စာဖတ်သူသို့ -
လာမည့်အပတ် နွားချစ်သူနှင့်စုန်းကဝေမလေး အပိုင်း(၁၁) မတင်ဆက်မီတွင် ကြားဖြတ်အနေနှင့် ယခု "နွားချစ်သူနှင့်စုန်းကဝေမလေး" ဇာတ်လမ်းနောက်ကွယ်မှ တကယ့်ပညာရပ်အစစ်များ စိတ်ကူးယဉ်များ ယခုဇာတ်လမ်းနောက်ကွယ်မှ အမှန်တကယ်ရှိနေသောအရာများ စသည့် စသည့်အကြောင်းများကို "Secrets Behind The Storyline" အနေဖြင့် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါကြောင်း အစီရင်ခံတင်ပြအပ်ပါသည်။

စာရေးသူ]

Own Feeling @ 2018 by
@AuroKarshine

MSC-136

Sort:  

အပိုင်း ၁၁ မျှော်နေမယ်ဗျာ...

ဟုတ်ကဲ့ . . .အားပေးလို့ကျေးဇူးပါဗျ . . နောက်အပိုင်းတွေဒီ့ထက်ပိုကောင်းတော့မှာနော်

Wow, မိုက်​တယ်​၊ ဇာတ်​ရှိန်​တက်​လာပြီ။

နောက်ပိုင်းကြမ်းတော့မယ်လေ

တစ်စုတစည်းတည်းဆိုဖတ်ရတာပိုကောင်းမှာပဲ steemit မှာတော့ ခွဲရေးရတာနားလည်ပါတယ်

ဟုတ် . . . ဇာတ်လမ်းကလည်း အရမ်းရှည်လို့ပါဗျ . . . အားပေးလို့ကျေးဇူးပါဗျ. . . နောက်အပိုင်းတွေလည်းအားပေးပါဦး

အပိုင်း ၁၁မျှေိာနေပါတယ်ဗျာ

ဟုတ်ကဲ့ . . အားပေးလို့ကျေးဇူးပါဗျ

အပိုင်းဆက်တွေနဲ့ဆိုတော့koreaကားကြည့်နေရသလိုပဲ

ဟဲဟဲ . . . ဒါက မြန်မာစုန်းကားပေါ့

MSC ရုပ်သံလိုင်း အဟေး ကောင်းတယ်အစ်ကို အားပေးနေမယ်

အဟေး . . . ကောင်းတာပေါ့ . . ပိုကောင်းတဲ့အစီစဉ်လေးတွေလုပ်ဦးမှ

ဇတ်ရှိန်တက်လာပြီညီရေ။နောက်အပိုင်းကိုမျှော်နေမယ်။

ဟုတ်ကဲ့ . . . ကျေးဇူးပါဗျ . . ဆက်လက်အားပေးပါဦး

သိမ်းသေးဘူး

ငှဲ . . ခုမှ မင်းသားပေါ်လာတုန်းရှိသေးတယ်လေ

ဖတ်ရတာ ပျော်ပါတယ်ဗျာ

ဟုတ် အများကြီးထပ်ဖတ်ရဦးမှာပါဗျ

နောက်တပိုင်းမျှော်နေမယ် bro

ဟု . . နောက်ပိုင်းပိုကြမ်းလာတော့မယ်နော်

Coin Marketplace

STEEM 0.31
TRX 0.11
JST 0.034
BTC 64140.77
ETH 3133.36
USDT 1.00
SBD 4.15