စက္ကူပေါ်က သစ်ပင်

in esteem •  11 days ago

စားပွဲဘေးမှ ကြိမ်ခြင်းမှာ လုံးချေ လွှင့်ပစ်ခဲ့သော စက္ကူစုတ်များဖြင့် ပြည့်မောက်လုနီး ဖြစ်၍ နေလေသည်။ အခန်းခ၊ ထမင်းဆိုင်သို့ ပေးရန်ရှိသော ကြွေးနှင့် စိတ်ဓာတ် ကျဆင်းခြင်း သည်လည်း ပြည့်မောက်လျက် ရှိသည်။ ကိုသက်ခိုင် ဘဝတွင် လောလောဆယ် လပ်ဟာနေသော အရာဆို၍ သူ့အစာအိမ်နှင့် သူ့ရှေ့မှ တစ်ကြောင်းသာ ရေးရသေးသော စက္ကူလွတ် တစ်ရွတ်တို့သာ ရှိလေသည်။

... ... ... ... ... ... ... ထို ဝါကျဖြင့် ကိုသက်ခိုင်သည် ဝတ္ထုတို တစ်ပုဒ်ကို ရေးနိုင်ရန် စတင် အားထုတ်ခဲ့ လေသည်။ အချည်းနှီး ဖြစ်ခြင်းက နံနက်ခင်း တစ်ခုနှင့်အတူ သူ့ရင်ထဲက တက်ကြွခြင်းကို တစ်စစီ တိုက်စား သွားခဲ့ပြီ။ ကြွားဝါရာ မကျဘူး ဆိုလျှင် သူ့ထံမှ စာမူကို လိုလိုချင်ချင် တောင်းခံတတ်သော မဂ္ဂဇင်းတိုက် အနည်းအကျဉ်း ရှိကြောင်း ပြောလိုပါသည်။ (တကယ့်ကို အနည်းအကျဉ်းပင်) ကိုသက်ခိုင် အဓိက အားပြုရပ်တည် နေရသည် မှာလည်း ထိုစာမူခ ရငွေ မဖြစ်စလောက် အပေါ်တွင်သာ ဖြစ်၏။ သို့တိုင် ပြီးခဲ့သော ခြောက်လ အတွင်းတွင် သူ့ ဝတ္ထုတို တစ်ပုဒ်တလေ ကိုမျှ ရေးထုတ်နိုင်ခြင်း မရှိခဲ့။ ရေးစရာ အကြောင်းကား မြောက်မြားစွာ ရှိပါ၏။ သို့သော် ...

စာရေးနိုင်ရန် စားပွဲခုံ တစ်ခုံတွင် ငြိမ်သက်စွာ ထိုင်နေတတ်သော သူ့ကို မကြာခဏ မြင်ရလေ့ ရှိသည်။ ကိုအောင်ဒင်က "ကျုပ်သာ ခင်ဗျားလို အလုပ်မျိုး လုပ်ရရင် ပျင်းတာနဲ့ သေမှာပဲ" ဟု ပြောဖူး၏။ ကိုအောင်ဒင်သည် ဆပ်ကပ် တစ်ခုတွင် ကျားများဖြင့် ပရိသတ်ကို ဖျော်ဖြေသော အလုပ်ကို လုပ်ခဲ့သူ ဖြစ်၏။ သူ့အလုပ်က ပူနွေးသည်။ ရင်ခုန်စေသည်ဟု ဆိုသည်။ သို့သော် ထိန်လင်းသော မီးလုံးများအောက် ကျားလှောင်အိမ် သံတိုင်များ အတွင်းတွင် ကြာပွတ်အနက် တစ်ချောင်းကို လက်တွင် ကိုင်ကာ လက်ခုပ်သံ တဖြောင်းဖြောင်းဖြင့် ဩဘာပေးမှုကို ရင်ကော့ ခံယူနေသော အချိန်က ကိုအောင်ဒင်၏ တောက်ပသော ရုပ်ပုံလွှာမှာ အခုတော့ အတိတ်တွင် မှေးမှိန် ပါးလျခဲ့ လေပြီ။

လွန်ခဲ့သော သုံးနှစ်ခန့်က ဖျော်ဖြေပြသ နေစဉ် ကျား တစ်ကောင်၏ မထင်မှတ်သော တိုက်ခိုက်မှုကို ကိုအောင်ဒင် အပြင်းအထန် ခံခဲ့ရ၏။ ထိုကျားကုတ်သော ဒဏ်ကြောင့် သူ့မျက်လုံး တစ်ဖတ်မှာ လုံးဝ ပျက်စီးသွားကာ မျက်နှာမှာလည်း သေရာပါ ရုပ်ပျက်ဆင်းပျက် အမာရွတ်များ ရခဲ့၏။ ကျားကိုက်ခဲ့မှုကြောင့် သွင်သွင်ကျိုးသွားသော ခြေထောက်တစ်ဖက် ကလည်း ပြန်မကောင်းတော့။ ယခုထက်တိုင် ထိုခြေထောက် တစ်ဖက်မှာ သူ သွားလေရာတွင် အတိတ်က ကံကြမ္မာဆိုး တစ်ခုလို ထော့နင်း တရွတ်ဆွဲကာ လိုက်ပါ နေလေသည်။ သူ ဆေးရုံတွင် လပေါင်းများစွာ တက်ရောက်ကုသ ခဲ့ရသည်။

ဆေးရုံက ဆင်းသောအခါ ဆပ်ကပ် အဖွဲ့က ပေးသော ကရုဏာကြေး အနည်းငယ်နှင့် အတူ ကိုသက်ခိုင်တို့ နေထိုင်ရာ အဆောင်သို့ သူ ရောက်လာလေသည်။ အခုတော့ ကိုအောင်ဒင်သည် တစ်ချိန်က ထင်ရှားသော ဆပ်ကပ်အဖွဲ့ တစ်ခုတွင် ကျားဆရာ တစ်ဦး (သူ့အခန်းနှင့် မျက်နှာချင်းဆိုင် အခန်းမှ ကိုထင်ဇော်က ယခုကဲ့သို့ ခေါ်လေ့ရှိ၏) ဖြစ်ခဲ့ပါသည် ဆိုသော အချက်ကို သက်သေပြနိုင်တာ ဆို၍ သူ့ခုတင် ခေါင်းရင်းတွင် ချိတ်ဆွဲထားသည့် ကြာပွတ်နက်လေး တစ်ချောင်းသာ ကျန်ခဲ့တော့လေသည်။

ကိုထင်ဇော်သည် သူတို့အဖွဲ့ ထဲတွင် သဘောမနော အကောင်းဆုံး ဖြစ်သည်။ အမြဲ ဆာလောင် ငတ်မွတ် နေတတ်သော ကိုသက်ခိုင်ကို မကြာခဏ ထမင်းကျွေး တတ်သည်။ အဆောင်ကို ရောက်စက ဆိုးဝါးလှသော သူ့ ရုပ်ဆင်းသဏ္ဌာန်ကြောင့် ခေါ်ပြော ဆက်ဆံသူ ကင်းမဲ့နေသော ကိုအောင်ဒင် ကိုလည်း သူကပင် စတင်ကာ မိတ်ဖွဲ့ခဲ့သည်။ တစ်ဆောင်လုံးတွင် တစ်ဦးတည်း အထီးကျန်စွာ နေတတ်ကာ ပေါင်းသင်း ဆက်ဆံရ ခက်ခဲသည်ဟု နာမည်ကြီးသော ကိုကျော်ဆွေမြင့်လို လူနှင့်လည်း သင့်တင့်အောင် အဖော်ပြုနိုင်ခဲ့သည်။ ဒါကြောင့်လည်း ကိုထင်ဇော်တွင် ရှိသော ကြောင်တောင်တောင် နိုင်သည်ဟု ထင်ရန်ရှိသည့် အမူအကျင့် တချို့ကို သူ့ အပေါင်းအသင်းများက ခွင့်လွှတ် လျစ်လျူရှု နိုင်ခဲ့ခြင်း ဖြစ်၏။

ကိုထင်ဇော်သည် မဟာသိပ္ပံဘွဲ့ ရပြီးကာ 'သစ်ပင်တစ်ပင်၏ အတ္ထုပ္ပတ္တိ (သို့မဟုတ်) ဗီဇနှင့် သဘာဝတ္တိယာမ' ဆိုသော ရုက္ခဗေဒကျမ်း တစ်ကျမ်းကို ပြုစုခဲ့ဖူးသည်ဟု ဆိုလေသည်။ သို့သော် သူသည် သူ့ဘဝတွင် သစ်ပင် တစ်ပင်တလေ ကိုမှ စိုက်ဖူးခဲ့သူ မဟုတ်ကြောင်းကိုလည်း ဝန်ခံခဲ့၏။ သူ့အခန်းမှာ အင်္ဂလိပ် ဘာသာဖြင့် ရေးထားသော ရုက္ခဗေဒ ကျမ်းများ၊ ဒဿနိကဗေဒ ကျမ်းများဖြင့် မွန်းကျပ်လျက် ရှိလေသည်။ လောလောဆယ်တွင် သူသည် အရေးကြီးသော တိဏဗေဒ သုတေသန လုပ်ငန်း တစ်ခုကို လုပ်ကိုင်လျက် ရှိသည်ဟု ဆိုသည်။ ရောက်လေရာ နေရာတွင် မြက်ပင်ကို တွေ့လျှင် သူသည် ဆွဲနုတ်ကာ စိတ်ဝင်စားစွာ ကြည့်ရှု လေ့လာတတ်၏။

သူက ...

"ကမ္ဘာပေါ်မှာ ဘယ်သူမှ မတွေ့သေးတဲ့ မြက်ပင် တစ်မျိုးကို ကျွန်တော် တွေ့အောင် ရှာနေတာ၊ တွေ့ရင် ကမ္ဘာ့ရုက္ခဗေဒ လောက တစ်ခုလုံးမှာ ကမ္ဗည်းတွင်ရစ်အောင် အဲဒီ မြက်ပင်ကို ကျွန်တော့်နာမည် မှည့်ခေါ်စေရမယ်။ ကမ္ဘာမှာ နက္ခတ်တာရာ အသစ် တစ်လုံးကို တွေ့ရင် ဂုဏ်ပြုတဲ့ အနေနဲ့ အဲဒီ နက္ခတ်ကို ရှာတွေ့တဲ့သူရဲ့ အမည် မှည့်ခဲ့သလိုပေါ့"

တစ်ခါက စားပွဲ တစ်လုံးတွင် ထိုင်ကာ မြက်ပင် တစ်ပင်ကို မှန်ဘီးလူးဖြင့် ကြည့်နေသော ကိုထင်ဇော်အား ပြက်လုံး ထုတ်ခဲလှသည့် ကိုကျော်ဆွေမြင့် ကပင် ...

"ဘာလဲ ... မြက်ကနေ နွားမပါဘဲ နွားနို့ ထုတ်တဲ့ နည်းကို ရှာဖွေနေတာလား" ဟု နောက်ပြောင်ဖူးသည်။ ထိုထင်ဇော်နှင့် ဆန့်ကျင်ဘက်ပင် သူက နွားနို့ နှင့် မတည့်။ လက်ဖက်ရည်ဆိုင်နှင့် မတည့်။ တစ်ခါတလေ အဖော်ကောင်း၍ လက်ဖက်ရည်ဆိုင် ပါလာလျှင်လည်း သံပုရာသီး ညှစ်ထားသော ကော်ဖီကြမ်း ခါးခါးကိုသာ သောက်တတ်သူ ဖြစ်၏။ မဟာနဖူး ပေါ်တွင် ဝဲကျနေသော ဆံပင် တွန့်ခွေခွေဖြင့် တစ်ဆောင်လုံးတွင် ရုပ်ရည် အချောမောဆုံးဟု ဆိုရမည့် ကိုကျော်ဆွေမြင့်သည် အမြဲထာဝရ အရက်မူးယစ် နေတတ်သူ ဖြစ်သည်။ ကျွန်တော့် အလုပ်ကမှ အရက်နှင့် မကင်းဘဲဟု ဆင်ခြေပေး တတ်၏။

သူသည် ဟိုတယ် တစ်ခုတွင် အရက်လာသောက် သူများအား စန္ဒရားတီးကာ ဖျော်ဖြေရသူ ဖြစ်သည်။ အရက်သောက်စား နေသူများ တောင်းဆိုရာသီချင်းကို သူ တီးပေးရ၏။ တချို့က မူးမူးရူးရူး အသံသေး အသံကြောင်ဖြင့် ဝင်ဆိုသည်။ ဖန်ခွက်ချင်း ထိသံ၊ လှောင်ရယ်သံ၊ နိုင်ငံခြား စီးကရက် မီးခိုးငွေ့များ၊ အရက်ငှဲ့သံ၊ စန္ဒရားခုံပေါ်သို့ ကျလာသော ဘောက်ဆူးပေးသည့် တွန့်ကြေကြေ ငွေစက္ကူများ၊ သရော်တော်တော် မျက်လုံး တချို့၊ ပူလောင်သော လျှပ်စစ်မီးများ၊ ချွေးသီးချွေးပေါက် လှုပ်ရှားနေသော ရွံရှာဖွယ် သူ့လက်ချောင်းများ အောက်တွင် အဖြူအနက် စန္ဒရား ခလုတ်များ၏ နာကျင်စွာ အော်ဟစ်မှု အားလုံး အားလုံးသည် အရက်ခွက်ထဲမှ ရေခဲတုံးများလို ပျော်ဝင် ပျောက်ကွယ်ခဲ့ချိန်၌ သူသည် လူခြေတိတ်သော လမ်းမပေါ် မူးယစ်ထုံဝေစွာ ရောက်ရှိနေကြောင်း သတိထားမိမြဲ ဖြစ်၏။ သူ ရွေးချယ်ခွင့် မရှိတာလား၊ ရွေးချယ်မှု မှားယွင်းခဲ့တာလား စဉ်းစားမိချိန်၌ အရာရာသည် နောက်ကျခဲ့လေပြီ။


ကိုသက်ခိုင် ကိုယ်တိုင်ပင် အကြောင်းသိစက ကိုကျော်ဆွေမြင့်ကို အပေါစား စန္ဒရားဆရာ တစ်ယောက်ဟု ထင်မှတ်မှားခဲ့၏။ သို့သော် လသာသော တစ်ည၌ ကိုကျော်ဆွေမြင့် ပြတင်းဝတွင် ထိုင်ကာ ဘေထိုဗင်၏ 'မွန်းလိုက် ဆိုနာတာ' ဆိုသော တေးကို ပီပြင် ကြည်မြစွာ တယောထိုး နေသည်ကို ကြားမြင် လိုက်ရပြီးသည့် နောက်တွင် ထိုအထင်မှားမှုမှာ ကြေပျက်သွား လေသည်။ ကိုထင်ဇော်က ...

"ဒီလူက ကမ္ဘာ့ ဂန္ထဝင် ဂီတကို ငယ်ငယ် ကတည်းက စနစ်တကျ လေ့ကျင့်သင်ကြား လာခဲ့တဲ့သူဗျ" လို့ တိုးတိုးလေး ပြောခဲ့သည်။

ကိုကျော်ဆွေမြင့်၏ အဖေသည် အင်မတန် ချမ်းသာသောသူ ဖြစ်သည်။ နိုင်ငံခြား သွားကာ အလုပ် လုပ်လိုသူများ၊ သင်္ဘောသားများ အဖြစ် လိုက်ပါ လိုသူများကို အလုပ် ရှာဖွေပေးသည့် ကုမ္ပဏီ တစ်ခုကို ပိုင်ဆိုင်သူ ဖြစ်၏။ ကိုကျော်ဆွေမြင့် ကတော့ 'ခင်ဗျားအဖေ ဘာလုပ်သလဲ' မေးလာသူတိုင်းကို တိုတိုတုတ်တုတ်ပင် 'ကျွန်ကုန်ကူးတယ်' ဟု ဖြေလေ့ရှိ၏။ တစ်ခါက လူစုံခိုက် "ကျွန်တော် ဂီတကို ခုလို ဝါသနာ ပါလာတာ ကတော့ ကျွန်တော့်အဖေ ကြောင့်ဗျ၊ ကျွန်တော် ခုနှစ်နှစ်သား ကတည်းက အဖေက အိမ်မှာ ဆရာတစ်ယောက် ခေါ်ပြီး စန္ဒရားတီး သင်ပေးတယ်။ ကျွန်တော်က ငယ်သေးတော့ တစ်ခါတလေ စန္ဒရားတီးဖို့ သင်ခန်းစာတွေ ပျက်ကွက် တတ်တယ်။ အဲသလို ဆိုရင် ကျွန်တော့် လက်ချောင်းတွေကို အဖေ ပေတံနဲ့ ရိုက်တယ်။ ကျွန်တော်တို့ အိမ်ကို ဧည့်သည်တွေ လာရင် စန္ဒရား တီးပြရတယ်။ ဧည့်သည်တွေက ကလေးလေး ငယ်ငယ်လေးနဲ့ တော်လိုက်တာလို့ ချီးမွမ်းရင် အဖေက သဘောကျပြီး ပြုံးနေတတ်တယ်"

ကျားဆရာ ကိုအောင်ဒင်က ကြားဖြတ်ကာ ...

"ခင်ဗျား အဖြစ်ကလဲ ကျွန်တော် ကြာပွတ် တစ်ချောင်းနဲ့ ကျားတွေကို ကုလားထိုင်ပေါ် တက်ထိုင်ခိုင်းတာနဲ့ တူနေတာပေါ့။ ဆပ်ကပ် လာကြည့်တဲ့လူတွေ လက်ခုပ်တီး ဩဘာပေးရင် ကျွန်တော် သဘောကျတာပဲ"
"ဟုတ်တယ်၊ ခက်တာက ဝါသနာ ဆိုတာ လေ့ကျင့် ပျိုးထောင်ယူရင် ရတဲ့ အရာမျိုးနဲ့ တူတယ်။ ကျွန်တော် တစ်စထက် တစ်စ စန္ဒရား တီးရတာကို စွဲသွားတယ်။ ထမင်းစား ရေသောက်သလို နေ့တိုင်း စန္ဒရားတီးတယ်။ ငယ်ငယ်ရွယ်ရွယ်နဲ့ မြန်မာ သီချင်းကြီး သီချင်းခန့်တွေသာ မကဘူး ကမ္ဘာ့ဂီတထဲက ဂန္ထဝင် ဆိုတဲ့ ဟိုက်ဒင်၊ ရှူးဗတ်၊ ချိုက်ကော့စကီး၊ ရှိုပန်၊ မိုးဇက် အဲဒီလို လူတွေရဲ့ ပီယာနို ဆိုနာတာတွေ၊ ဆင်ဖိုနီတွေတောင် စမ်းသပ် တီးနေပြီ။ အိမ်မှာ သူတို့ ဓာတ်ပြားတွေလည်း အကုန်ရှိ နေတာကိုး" ကိုကျော်ဆွေမြင့်က အားတက်သရော ပြောနေရာမှ စကားကို ခတ္တမျှ ရပ်လိုက်သည်။ သူ့မျက်လုံးတွေက မှုန်မှိုင်းသွား၏။ ပြီးမှ အသံကလည်း မိုင်းပျပျ ဖြစ်ကာ ...

"ကျွန်တော် ဆယ့်ငါးနှစ်သား ရောက်တော့ ကျွန်တော့်အဖေက ပြောတယ်၊ မင်းအရွယ်က စန္ဒရား တီးရမယ့် အရွယ် မဟုတ်တော့ဘူးတဲ့၊ စန္ဒရားကိုလည်း တစ်ခါတည်း သော့ခတ်ပြီး သော့ကို သူ သိမ်းထားလိုက်တယ်။ ဆယ်တန်း အောင်အောင်ဖြေ၊ ဒါဂျီလင်မှာ ကျောင်းသွား နေမလား ပြော၊ ဘွဲ့ရရင် အမေရိကားမှာ အလုပ် သွားလုပ် ရမယ်တဲ့။ အဲဒီနေ့က စပြီး ကျွန်တော့်အဖေနဲ့ ကျွန်တော် တစ်အိမ်တည်း အတူတူ နေကြပေမယ့် တစ်ကမ္ဘာစီ ခြားသွားကြတာပဲ"

နောက်ဆုံးတွင်တော့ သူ့ အလိုဆန္ဒနှင့် ဆန့်ကျင်ကာ ကြုံရာတွင် စန္ဒရား တီးနေသော၊ ဆယ်တန်းကို သုံးနှစ်ဆက်တိုက် ကျရှုံးကာ နောက်ဆုံး စာမေးပွဲကိုပင် မဖြေတော့သော ကိုကျော်ဆွေမြင့်ကို သူ့အဖေက အိမ်က နှင်ချလိုက်လေသည်။ စန္ဒရား တီးသော အလုပ်ကို အပြီးအပိုင် စွန့်လွှတ် ရပ်စဲပစ်မှ သူ့အမွေများကို ဆက်ခံခွင့် ပေးမည်ဟုလည်း ဆိုလိုက်၏။

ကိုသက်ခိုင်က စာနာစိတ်ဖြင့် ...

"ဒီလောက်တောင် ရင်းနှီးထားရတဲ့ ဘဝကို ဘာဖြစ်လို့ အရက်နဲ့ လဲပစ် နေတာလည်း ကိုကျော်ဆွေမြင့်၊ ခင်ဗျား ရည်ရွယ်ချက် အတိုင်း ထူးချွန် ပြောင်မြောက်တဲ့ စန္ဒရားဆရာ တစ်ယောက် ဖြစ်အောင် ကြိုးစားပြလိုက် ပါလားဗျာ"
"ကျွန်တော့်မှာ ဘာရည်ရွယ်ချက်မှ မရှိတော့ ပါဘူးဗျာ"

ကိုကျော်ဆွေမြင့်က အသက်မဲ့စွာပြုံးရင်း ...

"လူ့စိတ် ဆိုတာကလည်း ခက်သားကလား ...၊ ကျွန်တော် အခု စန္ဒရား တီးနေတာ ကျွန်တော့်အဖေကို ဆန့်ကျင်ချင်တာ တစ်ခုတည်းကြောင့်ဗျ၊ အဲဒါအပြင် တခြား ဘာရည်ရွယ်ချက်မှ မရှိတော့ဘူး"

ကိုထင်ဇော်က ...

"အမေရိကန် စိတ်ပညာရှင် ကားလ် မင်နင်ဂျား ရေးတဲ့ Man Against Himself 'လူနှင့် သူ၏ ပဋိပက္ခ' ဆိုတဲ့ စာအုပ်မှာ အရက်ကျွန် ဖြစ်နေတဲ့ လူတွေဟာ ကိုယ့်ကိုယ်ကို သတ်သေဖို့ ခရီးတစ်ဝက် ရောက်နေတဲ့ လူတွေလို့ မှတ်ချက်ချ ထားတယ်"
"အဲဒါထက် တစ်ဝက် သေဆုံးနေတဲ့ သူတွေဆိုတဲ့ စကားက ပိုမှန်တယ် ထင်တယ်၊ ကမ္ဘာကျော် ဂီတ ပညာရှင်ကြီး မိုးဇက် သေတော့ မိုးအေးအေးမှာ ခွေးကလေး တစ်ကောင်ကပဲ အသုဘ လိုက်ပို့ခဲ့တယ်လို့ ဖတ်ဖူးတယ်၊ ကျွန်တော်လိုကောင် သေရင် ..."
"ခင်ဗျား ကြောင်ကြီးက လိုက်ပို့မှာပေါ့ဗျ"

ဟု ကိုထင်ဇော်က ခပ်ပြုံးပြုံး ဝင်ပြောသည်။ ကိုကျော်ဆွေမြင့်သည် သူ့အခန်းတွင် ကြောင်နက်ကြီး တစ်ကောင် မွေးထားသည်။သူ မည်မျှ မူးနေစေကာမူ အပြန်တွင် ဤကြောင်နက်ကြီး အတွက် ဟိုတယ်မှ စားကြွင်း စားကျန်များ စုထားသည့် အထုပ်ကလေး ကတော့ လက်တွင် တွဲလောင်းလေး ပါလာတတ်စမြဲ ဖြစ်သည်။ တစ်နေ့ ဤကြောင်ကြီးကို ရိုက်နှက်မှုဖြင့် တစ်ဖက်ခန်းတွင် နေသော လူနှစ်ယောက်နှင့် ကိုကျော်ဆွေမြင့် ရန်ဖြစ်သည်။ လူနှစ်ယောက်က တစ်ဖက်သတ် ဝိုင်းကာ ထိုးကြိတ် နေသည်ကို ကိုကျော်ဆွေမြင့် ခံနေရစဉ် သူ့အခန်းမှ ကြာပွတ် တစ်ချောင်းဆွဲ၍ ကိုအောင်ဒင် ထွက်လာရင်း ကိုကျော်ဆွေမြင့် ဘက်က ဝင်ကူခဲ့ လေသည်။ သို့ဖြင့် ဆန့်ကျင်ဘက် ရုပ်ရှည်ရှိသော သူတို့ နှစ်ယောက်သည် ခန့်မှန်းရ ခက်လောက်အောင်ပင် ရင်းနှီးခင်မင် သွားလေသည်။

ကျားတွေထဲမှာ နေထိုင်ဖို့ပဲ ဖြစ်ဖြစ်၊ လူတွေထဲမှာ နေထိုင်ဖို့ပဲ ဖြစ်ဖြစ် ကြာပွတ်တစ်ချောင်း လိုတယ်ဟု ကိုအောင်ဒင်က ပြောခဲ့သည်။ ထိုစကားများ ပြောခိုက်၌ သူ၏ တစ်လုံးတည်းသော မျက်လုံးမှာ ကြယ်ပွင့်လို တောက်ပနေတာ ကိုကျော်ဆွေမြင့် သတိပြုမိလိုက်၏။

တစ်နေ့တွင် ကိုကျော်ဆွေမြင့်က ...

"ကျွန်တော်ကတော့ ခင်ဗျားကို အံ့ဩတယ် ကိုအောင်ဒင် ကျွန်တော့်အဖို့ အနေကြာ လာတာတောင် ကျွန်တော့် ကြောင်ကလေးကို လက်ပေးတတ်အောင် သင်မပေးနိုင်သေးဘူး၊ ဘယ်လိုနည်းနဲ့ ရိုင်းစိုင်းတဲ့ ကျားတွေကို လိမ္မာအောင် ခင်ဗျား လုပ်နိုင်ခဲ့တာလဲ"

ကိုအောင်ဒင်က ခေါင်းကို ဖြည်းညင်းစွာ ခါသည်။

"ခြင်္သေ့ တစ်ကောင်ကို သိုးတစ်ကောင် ဖြစ်အောင် ဘုရားသခင်က လွဲပြီး ဘယ်သူမှ လုပ်နိုင်မှာ မဟုတ်ဘူး ကိုကျော်ဆွေမြင့်၊ ကျွန်တော်က ကျွန်တော်ခိုင်းတာ လုပ်အောင် ကျားတွေကို ကြာပွတ် တစ်ချောင်းနဲ့ လေ့ကျင့် ပေးထားတာပါ။ ကျွန်တော့် ကျားတွေဟာ အများထင်သလို ယဉ်မနေပါဘူး၊ အရိုင်းတွေ ပါပဲ။ ယဉ်သွားရင် ခိုင်းမရတော့ဘူးဗျ၊ ခင်ဗျားကြောင် လိုပေါ့၊ အိမ်မွေး တိရစ္ဆာန်တွေဟာ ကလေးတွေနဲ့ တူတယ်၊ မွေးတဲ့လူက အလိုလိုက်ထား ခံရလွန်းတော့ စည်းကမ်း ပျက်တာမျိုးပေါ့"

အတူရှိနေသူတွေက သက်ပြင်းချသည်။ ကိုထင်ဇော်က ...

"ဒါဆို ခင်ဗျား အလုပ်က တော်တော် အန္တရာယ်များတဲ့ အလုပ်ပဲ"
"ရူးတယ်ပဲ ဆိုဆို၊ ကျွန်တော်ကတော့ ဒီအလုပ်က လွဲပြီး တခြား ဘာအလုပ်မှ မလုပ်ချင်တော့ဘူး၊ ကျွန်တော် သေရမယ် ဆိုရင်လည်း တခြားနည်းတွေထက် ကျားကိုက် ခံရပြီးတော့ပဲ သေချင်ပါတယ်"

ကိုအောင်ဒင်သည် ဆပ်ကပ်အဖွဲ့ တစ်ခုတွင် ကျားဆရာ အလုပ်ရရန် အမြဲ အာရုံစိုက် စုံစမ်း နေလေသည်။ တစ်နေ့ ဆပ်ကပ်အဖွဲ့ တစ်ခုတွင် ကျားကိုက် ခံရ၍ သေသွားသော ကျားဆရာ နေရာအတွက် အရေးပေါ် လူလိုနေခိုက်ဖြင့် ကြုံသဖြင့် သူ အလုပ်ရ သွားလေသည်။ ကိုအောင်ဒင် အဆောင်က ထွက်သွားသော အခါ ကိုကျော်ဆွေမြင့်သည် ငွေအတော်များများ အကူအညီ ပေးလိုက်လေသည်။ (သူ အီတလီလုပ် တယောပြားလေးကို ရောင်းချရသော ငွေ ဖြစ်၏)။ ကိုအောင်ဒင် ကတော့ သူ့ကြာပွတ်ကို ကိုကျော်ဆွေမြင့်အား လက်ဆောင်အဖြစ် ပေးထားခဲ့၏။

ကိုအောင်ဒင် အဆောင်မှ ထွက်ခွာသွားပြီး မကြာမြင့်မီ တစ်နေ့၌ သတင်းစာထဲတွင် ကိုကျော်ဆွေမြင့်ကို သူ့အဖေက အမွေဖြတ်သည့် ကြော်ငြာ ပါ၍ လာသည်။ ကိုသက်ခိုင်ကို ဤအကြောင်း ကိုထင်ဇော်က သတင်း လာပေးရင်း

"ခင်ဗျား ကြည့်ရတာ တစ်နေ့လုံး ဘာမှ စားရသေးပုံ မပေါ်ဘူး။ လာ ... ကျွန်တော်တို့ လက်ဖက်ရည်ဆိုင် သွားရအောင်" ဟု ဖိတ်ခေါ်၏။ သူတို့နှစ်ယောက် ဆိုင်ထဲတွင် ထိုင်ကြခိုက် ကိုထင်ဇော်က ရှည်လျားစွာ စကား ပြောနေခဲ့သည်။

"ကိုကျော်ဆွေမြင့် အဖေနဲ့ ကိုအောင်ဒင်ဟာ တော်တော် တူတယ်ဗျာ၊ လောကကို ကြာပွတ်နဲ့ တည်ဆောက်ချင် နေတဲ့ လူတွေပေါ့။ ကျွန်တော်ကတော့ လူတွေ အကြောင်းထက် သစ်ပင်တွေ အကြောင်းကို ပိုသိတဲ့ လူပါ။ အင်းလေ တော်တော်တုံးတဲ့ စကားနဲ့ ပြောရရင် (အနည်းငယ် ရယ်မောလျက်) ဘဝဆိုတာ တိုက်ပွဲပါပဲ။ သစ်ပင်တွေတောင် ဒီသဘာဝနဲ့ မကင်းကြဘူး။ ဟောဟိုက မြင်နေရတဲ့ သစ်ပင်တွေကို ကြည့်စမ်း ကိုသက်ခိုင်၊ သူတို့ ဘာလို့ မဖြောင့်တန်းတာလဲ၊ တစ်ပင်နဲ့ တစ်ပင် ပေါက်နေတဲ့ ပုံသဏ္ဌာန်ချင်း ဘာလို့ မတူညီကြတာလဲ၊ အဲဒါဟာ အလကား မဟုတ်ဘူးဗျ၊ သူ အသက်ရှည် ရှင်သန်ဖို့ အတွက် သစ်ပင်ဟာ မြေပျော့ရာကို ရွေးပြီး စတင် တိုးထွက်ရတယ်။ နေရောင်ရှိရာ လူးလွန့်သွားရင်း ကောက်ကွေးရသလို၊ လေတိုက်ခတ်ရာရဲ့ ဆန့်ကျင်ဘက် အရပ်ကို ယိမ်းညွှတ်ရင်း ရွဲ့စောင်းရပြန်တယ်။ တကယ်တော့ သစ်ပင် တစ်ပင်ရဲ့ ကောက်ကွေ့ခြင်းနဲ့ ရွဲ့စောင်းခြင်း ဆိုတာ သစ်စေ့ ဘဝကနေ ထွင်းဖောက် ရှင်သန် လာရတဲ့ အဲဒီသစ်ပင်ရဲ့ ဖြစ်ပေါ်မှု သမိုင်းပါပဲ"

လ အတန်ကြာမြင့်ခဲ့ ပြန်ပြီ။ သူတို့ မျှော်လင့် နေကြသလို ကိုအောင်ဒင် ကျားကိုက် ခံရ၍ သေဆုံးပြီ ဆိုသော သတင်းကား ရောက်မလာ၊ ကိုအောင်ဒင်သည် ကြာပွတ်သံ တရွှမ်းရွှမ်း ပေးကာ ပရိသတ် လူပုံအလယ်၌ ကျားများကို ကုလားထိုင်ပေါ် တက်ထိုင်ခိုင်း နေပေလိမ့်မည်။ ကိုကျော်ဆွေမြင့်ကား မိုးချုပ်လျှင် မူးယစ်ကာ ပြန်လာမြဲ။ လသာသော်လည်း သူ့အခန်းဆီမှ မွန်းလိုက် ဆိုနာတာ တေးသွားကို မကြားရတော့။ တစ်ခါတစ်ရံသာ ကြမ်းပြင်ပေါ် ကျနေသော ကြာပွတ် တစ်ချောင်းကို သူ့ကြောင်နက်ကြီးက လက်ဖြင့် ပုတ်ခတ် ဆော့ကစား နေတာ မြင်ရတတ်သည်။ ဘယ်သူမှ ရှာဖွေ မတွေ့သေးသော မြက်ပင် တစ်မျိုးကို ကိုထင်ဇော်လည်း ရှာမတွေ့သေးချေ။

ကိုသက်ခိုင် လုံးချေ လွှင့်ပစ်ခဲ့သော စက္ကူစုတ်များမှာ အမှိုက်ခြင်းမှ ပြည့်လျှံကျကာ အခန်း၏ ကြမ်းပြင် တစ်ဝက်အား ဖုံးအုပ်၍ လာဆဲ၌ ထုံးစံ အတိုင်းပင် ကိုသက်ခိုင်သည် စက္ကူလွတ် တစ်ရွက်ကို ရှေ့တွင်ချပြီး ဝတ္ထုတို တစ်ပုဒ်ကို ရေးသားနိုင်ရန် စတင်အားထုတ် နေပြန်လေသည်။

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
Sort Order:  Trending

Congratulations @min2thant! You have completed some achievement on Steemit and have been rewarded with new badge(s) :

Award for the number of upvotes

Click on any badge to view your own Board of Honor on SteemitBoard.

To support your work, I also upvoted your post!
For more information about SteemitBoard, click here

If you no longer want to receive notifications, reply to this comment with the word STOP

Upvote this notification to help all Steemit users. Learn why here!