ပိတောက်ပန်းသို့ ဂုဏ်ပြုခြင်း

in #esteem6 years ago

image
(ဆရာမြသန်းတင့်၏ ဟောပြောချက်ဆောင်းပါးမှ)

"ကျွန်တော်တို့သည် ကုတ်အင်္ကျီမှဆက်သက်လာခဲ့သည်" လို့ ဂေါ်ဂီက ပြောခဲ့ဖူးပါတယ်။ ဆိုလိုတာကတော့ ခေတ်သစ် ရုရှားစာပေဟာ ဂိုဂိုးလ်ရဲ့ "ကုတ်အင်္ကျီ"ဆိုတဲ့ ၀တ္ထုတိုလေးက အစပြုခဲ့ပါသည်ဆိုတဲ့ သဘောပေါ့။ ဒီအတိုင်းပါပဲ။ ကျွန်တော်တို့ရဲ့ မြန်မာစာပေသစ်ဟာလည်း ဆရာဇော်ဂျီရဲ့ "ပိတောက်ပန်း"က ဆင်းသက်လာတယ်လို့ ပြောနိုင်ပါတယ်။

ဆရာဇော်ဂျီရဲ့ "ပိတောက်ပန်း"မတိုင်မီတုန်းက မြန်မာကဗျာဟာ သဘာဝအကြောင်း၊ ရာသီအကြောင်း၊ နက္ခတ်အကြောင်း၊ တောတောင်ရေမြေအကြောင်းကို ခပ်ရိုးရိုးခပ်စင်းစင်း ဖွဲ့သွားတဲ့ သရုပ်ပြအဖွဲ့လောက်ပဲရှိပါတယ်။ ဆရာဇော်ဂျီရဲ့ ပိတောက်ပန်းမှာတော့ ရသသဘောတင်မကတော့ဘူး။ ဒဿနပါ ပါလာတာတွေ့ရပါတယ်။

ဒီကဗျာမှာ အပိုဒ်လေးပိုဒ်ပါပါတယ်။

ပထမအပိုဒ်က -

မခူးချင်စမ်းပါနဲ့
နှစ်ဆန်းခါတော်မီမို့
ဇမ္ဗော်ရည်ပြေပြေလိမ်းကာပါ့
ခပ်သိမ်းနယ်စုံစုံသို့
ပွင့်ငုံကို
လင့်ကုန်ကြတော့လို့
ခေါင်းကြွကာဆာဝေေ၀နဲ့
သူလည်းလေလောကီသားလိုပါ့
ကြွားချင်လှပေလိမ့်မယ်။

ပိတောက်တွေပွင့်တော့မယ်တဲ့။ တစ်လောကလုံး ရွှေရည်တွေဖုံးတော့မယ်။ ကြည့်လေရာရာမှာ ပိတောက်ငုံ၊ ပိတောက်ဖူးတွေက သူတို့လာတော့မယ်။ စောင့်ကြ၊ မျှော်ကြလို့ ကြေညာနေတဲ့ပုံမျိုး။ ခေါင်းမော့ပြီး ဝေေ၀ဆာဆာနဲ့ ကြွားဝါနေလေရဲ့။ ဪ ကြွားချင်လည်းကြွားပါစေ။ သူလည်း လောကီသားလို ကြွားချင်မှာပေါ့လို့ ဆရာဇော်ဂျီက နားလည်ခွင့်လွှတ်ထားပါတယ်။ ဒီတော့ ပိတောက်ပန်းကဗျာရဲ့ ပထမအပိုဒ်ဟာ ခွင့်လွှတ်ခြင်းကို ပြသတဲ့အပိုဒ်ဖြစ်ပါတယ်။ ဒါဟာ ဆရာဇော်ဂျီရဲ့ စိတ်ဓာတ်၊ ဆရာဇော်ဂျီရဲ့ စိတ်ရင်းပါပဲ။

ဒုတိယအပိုဒ်ကတော့ -

တသိန်တင့်ပါဘိ
တိမ်မြင့်ရီပြာပြာက
ကြည်သာသာ
ပင့်လေအဖြူးတွင်ဖြင့်
တီတာတာ ပွင့်ရွှေဖူးငယ်တို့
လည်ယှက်ကာ ဘယ်ညာ
လူးလေတော့
သူတို့လို ဘယ်သူမြူးနိုင်ပါ့
ထူးပါဘိတယ်။

ကြည့်စမ်းတဲ့။ ဘယ်လောက်ကျက်သရေရှိသလဲ။ ပြာနီတိမ်တိုက်တွေကြားထဲက လေပြေလေး သုတ်လိုက်တဲ့အခါမှာ ပိတောက်ဖူး၊ ပိတောက်ခိုင်တွေဟာ ဟိုဘက်ယိမ်းလိုက်၊ ဒီဘက်ယိမ်းလိုက်နဲ့ ငှက်တွေလည်ချင်းယှက်နေကြသလိုပဲတဲ့။ မြူးနေလိုက်ကြတာ။ ဘယ်လောက်များ မြူးနေလိုက်ကြသလဲ။ ဘယ်လောက်များပျော်နေလိုက်ကြသလဲ။ သူတို့လို ဘယ်သူတွေ မြူးနိုင်သလဲ။ သူတို့လို ဘယ်သူတွေပျော်နိုင်သလဲ။

ဆရာဇော်ဂျီဟာ မြူးနေတဲ့ ပိတောက်ပန်းတွေကို မြင်တယ်။ ပျော်နေတဲ့ပိတောက်ပန်းတွေကိုမြင်တယ်။ ဒီပိတောက်ပန်းတွေနဲ့အတူ သူ့စိတ်ဟာမြူးနေတယ်။ ပျော်နေတယ်။ ပိတောက်တွေမြူးတာကိုကြည့်ပြီး မုဒိတာပွားနေတယ်။ သူတစ်ပါးပျော်တာ၊ သူတစ်ပါးမြူးတာ၊ သူတစ်ပါးချမ်းသာတာကို ကြည့်ပြီး မျှဝေခံစားတာဟာ မုဒိတာဖြစ်ပါတယ်။ ဒါ့ကြောင့်ပိတောက်ပန်းကဗျာရဲ့ ဒုတိယအပိုဒ်ဟာ ဆရာဇော်ဂျီရဲ့ မုဒိတာကိုပြနေပါတယ်။ ဒီမုဒိတာစိတ်ဟာလည်း ဇော်ဂျီ့စိတ်ရင်း၊ ဇော်ဂျီ့စိတ်ဓာတ်ဖြစ်ပါတယ်။

တတိယအပိုဒ်ကတော့ ဆရာဇော်ဂျီရဲ့ အကောင်းမြင်ဝါဒကို ဖော်ပြနေတဲ့အပိုဒ်လို့ ဆိုချင်ပါတယ်။ ဘယ်လိုများ အကောင်းမြင်သလဲ။

တ၀ါဝါဆင်သင်္ကန်းရယ်က
ကမ္ဘာမှာ ဘ၀င်ချမ်းစေတဲ့
သာသနာရွှင်ရွှင်လန်းအောင်လို့
တမင်မှန်းကာပါ့သတိဆွယ်
ရည်ရွယ်တော့သလား။

ပိတောက်တွေ ဒီလောက် ၀င်းဝါထိန်ဝေနေတာဟာ ဘာကိုရည်ရွယ်တာလဲ။ ဘာကြောင့်လဲလို့ ဆရာဇော်ဂျီက သူ့ကိုယ်သူပြန်မေးပါတယ်။ ကမ္ဘာကြီး ငြိမ်းချမ်းအောင်၊ ဗုဒ္ဓသာသနာ ရွှင်လန်းအောင်၊ ပရိယတ္တိ၊ ပဋိပတ္တိ၊ ပဋိဝေဓ စတဲ့ သာသနာသုံးရပ်ကို ကိုးကွယ်ဆည်းကပ်နိုင်အောင် လူတွေကို သတိပေး လှုံ့ဆော်ချင်တဲ့အတွက် ပိတောက်ပန်းတွေဟာ ဒီလောက်ဝါ၀င်းနေကြတာလား။ ဒီလောက်ထိန်ဝေနေကြတာလား။ လူတွေကို ကပ်သုံးပါးကျော်လွန်နိုင်အောင် အားထုတ်ကြလို့ သတိပေးတဲ့အနေနဲ့ ဒီလို ရွှေရောင်တောက်နေတာများ ဖြစ်နေလေရော့သလားလို့ ဇော်ဂျီက သူ့ကိုယ်သူ ပြန်မေးနေပါတယ်။ ပိတောက်ရဲ့ အ၀ါရောင်ထဲမှာ သင်္ကန်းကို မြင်လိုက်တဲ့ ဇော်ဂျီရဲ့ အမြင်ဟာ ငြိမ်းချမ်းမှုကို လိုလားတဲ့ ဇော်ဂျီရဲ့အမြင်။ ဘာသာတရားကိုကိုင်းညွတ်တဲ့ ဇော်ဂျီရဲ့ အကောင်းမြင်ဝါဒကိုဖော်ပြနေပါတယ်။

ခူးပါနဲ့ကွယ်
ပွင့်ဖူးမှာအ၀ါခြယ်၍
မာလာအလယ်မှာ
နွှဲချင်တဲ့နှလုံးရယ်ကြောင့်
နှစ်ဆုံးကုန်အတာဝင်သို့
မာန်အင်ကို ဉာဏ်ဆင်မွေးကာဖြင့်
အရေးအခါသာမှ
ခမျာမှာ
တစ်ဂုဏ်ဆန်းရတယ်
ပန်းပိတောက်များ။

ဇော်ဂျီများ စာနာစိတ်၊ ကရုဏာစိတ်၊ သမ္ဗဇဉ်စိတ်တို့ကို ပြလိုက်တဲ့ အပိုဒ်ပါပဲ။ ရွှေရောင်တွေခြယ်ထားတဲ့ ပိတောက်ပန်းဟာ နှစ်ဦးမှာပွင့်တဲ့ တခြားပန်းတွေလိုပဲ ပန်းပွဲတော်ကြီးထဲမှာ ပါချင်မှာပေါ့တဲ့။ သွားပြီးမခူးလိုက်ပါနဲ့တဲ့။ သူ့ခမျာမှာ နှစ်ကုန်ပြီးအတာကူးချိန်မှာ ပျော်ဖို့အတွက် တစ်နှစ်လုံးစောင့်ခဲ့ရတာပါတဲ့။ ခုလိုအရေးအခွင့်ကြုံမှ သူ့ဂုဏ်ပုဒ်ကလေးကို သူထုတ်ပြရတာမို့ မြူးခွင့်၊ ပျော်ခွင့်၊ ဖူးခွင့်၊ ပွင့်ခွင့်၊ ၀င်းခွင့်၊ ၀ါခွင့် ပေးလိုက်ပါလို့ ဇော်ဂျီက ကရုဏာစိတ်၊ စာနာစိတ်၊ သမ္ဗဇဉ်စိတ်နဲ့ ပိတောက်ပန်းဘက်က ရှေ့နေလိုက်ပေးပါတယ်။ ဒါဟာဇော်ဂျီ့စိတ်ရင်း၊ ဇော်ဂျီ့စိတ်ဓာတ်ပါပဲ။

ဆရာဇော်ဂျီဟာ ပိတောက်ပန်းကဗျာကို ၁၉၂၈ ခုနှစ်မှာ ရေးခဲ့ပါတယ်။ ခုချိန်တိုင် ပိတောက်ပန်းဟာ လန်းဆန်းနေတုန်းပါပဲ။ မွှေးပျံ့နေတုန်းပါပဲ။ ရွှေရောင်တောက်နေတုန်းပါပဲ။

ဆရာဇော်ဂျီရဲ့ ပိတောက်ပန်းကဗျာဟာ ပီတိနဲ့အစပြုပြီး ပညာနဲ့အဆုံးသတ်သွားတဲ့ ကဗျာတစ်ပုဒ်လည်းဖြစ်ပါကြောင်း....။

Coin Marketplace

STEEM 0.24
TRX 0.11
JST 0.031
BTC 61585.79
ETH 3005.19
USDT 1.00
SBD 3.68