အမုန်းနောက်ကွယ်ကချစ်ခြင်း အပိုင်း(၁၇)
အမုန်းနောက်ကွယ်ကချစ်ခြင်း
အပိုင်း(၁၇)
" ညီလေး စားလေ အဝစား၊ နောက်ထပ်စားချင်တာရှိလည်း ထပ်မှာဦး၊ အချိုရည်လည်း ညီလေးကြိုက်သလောက်သောက်၊ မီနူးကြည့်တတ်တယ်မဟုတ်လား "
" ဟုတ် "
ကလေးကိုပြောပြီး လွှာဘက်သို့ ကိုရဲလှည့်လိုက်သည်။ အစားအသောက်တွေကို တိမ်လွှာလှိုင်း ပန်းကန်ထဲပုံထည့်ပေးပြီး
" လွှာလည်း စားလေ၊ ဘာလို့ တို့ကနဲဆိတ်ကနဲ ဖြစ်နေတာလဲ၊ အားရပါးရစားစမ်းပါ၊ ဒီဆိုင်က လက်ရာတွေကို လွှာကြိုက်တယ်မလား၊ "
ရဲရင့်မာန် ချော့မော့ပြီး ကျွေးသလို ဖြေရှင်းပြနေသည်။ သူမက စားသောက်ဖို့ စိတ်ထဲကမပါတာပါ၊ ပန်းရင့်ဝါ ဆက်ဆံမှုများက မုန်းဝင့်မာန် အထင်သေးရှုတ်ချကောင်းအောင် ပံ့ပိုးနေသလိုဖြစ်နေသည်။
ဘယ်လိုအကြောင်းနှင့် ကုမ္ပဏီကို ရောက်ရောက်လာပြီး သူမကို တိုက်ခိုက်နေရတာပါလဲ။ မုန်းဝင့်မာန်ကို ကြည့်သည့် ပန်းရင့်ရဲ့မျက်လုံးများကတော့ စိတ်ဝင်စားမှုအရိပ်အယောင်တွေ အပြည့်ပင်။
" ဟင် "
ဆိုင်ထဲကို မုန်းဝင့်မာန်နဲ့ပန်းရင့်ဝါတို့ အပြုံးများနဲ့ဝင်လာကြပြီး သူမရဲ့မျက်နှာတည့်တည့် စားပွဲဝိုင်းမှာ ဝင်ထိုင်လိုက်ကြ၏။ ရဲရင့်မာန်ကတော့ ကျောပေးထားသည့်အနေအထားမို့ သူတို့ဝင်လာတာကို မြင်မှာမဟုတ်။ အကိုဖြစ်သုရှိနေသည့်ဆိုင်မှာ ပန်းရင့်ဝါနှင့်မုန်းဝင့်မာန် အရိုအသေတန် အတင့်ရဲလှချည်လား။
သူမတို့ ဒီဆိုင်သွားမည်ဆိုတာသိပြီး မုန်းဝင့်မာန် တမင် အနှောက်အယှက်ပြုဖို့ လိုက်လာတာပဲ ဖြစ်လိမ့်မည်။ သူတို့ဆီ အကြည့်မရောက်သွားအောင် အစားအသောက်တွေကိုပဲ ဂရုစိုက်စားနေလိုက်၏။
" ကိုမုန်းမာန် စားလေ၊ ဘီယာတွေမှာထားပြီး သောက်လည်းမသောက်ဘူး၊ ဘာလို့ ဟိုဘက်ဝိုင်းကိုပဲ ကြည့်နေတာလဲ "
" သြော် ဟိုဘက်ဝိုင်းမှာက ပန်းရင့်အကိုရှိနေတော့ မနှုတ်ဆက်ဘဲနေရင် မကောင်းဘူးလားလို့ တွေးနေတာပါ၊ ကိုယ်တို့နှစ်ယောက်ကို တမျိုးမြင်သွားရင် မကောင်းဘူး "
" ဘာမကောင်းစရာရှိလဲ၊ သူတောင် ဟိုမိန်းမနဲ့ထိုင်နေသေးတာ၊ ကိုမုန်းမာန် သာမပါရင် ပန်းရင့် ပွဲကြမ်းပစ်လိုက်ပြီ "
" ဒီဆိုင်ထဲမှာတော့ မလုပ်ပါနဲ့ကွာ၊ ကိုယ့်တို့သိက္ခာရှိသေးတယ်၊ ဒါနဲ့ မင်းကသာ မိထွေးအပေါ် ခါးခါးသီးသီး ဖြစ်နေပေမယ့် ရဲရင့်မာန်ကတော့ လွှာအပေါ် တော်တော်လေးဂရုစိုက်တာပဲနော်၊ ကားနဲ့လာပို့ လာကြို၊ စားသောက်ဆိုင်တွေလည်း လိုက်ပို့၊ ပတ်ဝန်းကျင်အမြင်တော့ မပြောနဲ့တော့ ကိုယ့်မျက်လုံးထဲမှာတောင် တမျိုးဖြစ်နေတယ်၊ မေးကောင်းရဲလားမသိပေမယ့်၊ ဟိုကလေးက ပန်းရင့်အဖေနဲ့ရခဲ့တာရော ဟုတ်ရဲ့လား၊ ရဲရင့်မာန်နဲ့များ "
" အဲဒါတော့ လုံးဝမဟုတ်ဘူး၊ ဖေဖေက အဲမိန်းမကိုလက်ထပ်ဖို့ နိုင်ငံခြားကိုခေါ်သွားတယ်၊ ပန်းရင့်တို့ကို အသိပေးခဲ့တာမဟုတ်ဘူး၊ ဖေဖေက အဲလိုပဲ ခရီးခဏခဏထွက်တော့ ပန်းရင့်တို့ သတိမထားမိတာလည်းပါမှာပေါ့၊ ပြောရရင် မေမေကလည်း ဖေဖေဆီက မိန်းမကိစ္စတွေကြားနေရတော့ စိတ်ဆိုးပြီး ဂရုမစိုက်တာလည်းပါတယ် "
" မင်းအဖေက အဲဒီလောက် မိန်းမရူပ်ပွေတဲ့သူလား "
" အင်း ဘယ်လိုပြောရမလဲ ဝါသနာပါလို့ လိုက်စားနေတာတော့ မဟုတ်ပါဘူး။ သိတယ်မဟုတ်လား ငွေကြေးချမ်းသာတဲ့သူဆိုရင် မိန်းမတွေက အငယ်အနှောင်းလုပ်ရမလား၊ အပျော်မယ်လုပ်ရမလား၊ အဲဒီလိုတွယ်ကပ်ချင်ကြတာ။ အဲဒီမိန်းမကတော့ ဖေဖေ့ကိုဘယ်လိုမျိုး အပီအပြင် ကိုင်လိုက်လည်းမသိဘူး၊ အိမ်တွေ ကားတွေပါ ဖေဖေ ဝယ်ပေးလိုက်ရတယ်လေ၊ အဲဒါကြောင့် ဒီမိန်းမက စွမ်းပါတယ်လို့ "
" သြော် "
အဲတာတွေကို ဝယ်ပေးလိုက်ရတယ်ဆိုတော့ အရင်သူတို့ ပိုင်ဆိုင်ထားသည့် အိမ်တွေကားတွေ ဘယ်ရောက်သွားလို့လဲ။
တိမ်လွှာလှိုင်းက ချို့တဲ့ဆင်းရဲသည့် အသိုက်အ၀န်း ထဲကမဟုတ်ပါ။ ဒီထက်ပိုချမ်းသာချင်လို့ ဖအေလောက်ရှိသည့် အဘိုးကြီးကို ယူခဲ့တာပဲ မဟုတ်လား။
" ကိုမုန်းမာန် "
" ဟင် ပန်းရင့် "
" ဘယ်ကိုကြည့်ပြီး ဒီလောက်တောင် တွေးနေတာလဲ၊ "
" မဟုတ်ပါဘူး ပန်းရင့်ရဲ့၊ သွားနှုတ်ဆက်ရင် ကောင်းမလားလို့်၊ စားပွဲချင်းကပ်နေတာတောင် မသိသလိုနေလို့တော့ မကောင်းဘူးလေ "
" ကုမ္ပဏီမှာတုန်းကလည်း တွေ့ပြီးပြီပဲမလိုပါဘူး "
" ပန်းရင့်တို့မောင်နှမက အနေစိမ်းကြတယ်ထင်တယ်၊ ကိုယ်ကသူစိမ်းဆိုတော့ မျက်နှာပူစရာကြီး၊ လာ ထ သွားရအောင် "
မုန်းဝင့်မာန်က အရင်ထသွား၍ ပန်းရင့်ဝါကလည်း ထလိုက်လာသည်။
" ကိုရဲရင့်မာန် "
" သြော် ကိုမုန်းမာန် ညစာလာစားတာလား၊ ပန်းရင့်ရောပါလာတာကို "
" အင်း ခင်ဗျားညီမက ညစာအတင်းကျွေးခိုင်းနေလို့လေ၊ ခင်ဗျား တို့က မိသားစုအတိုင်းပဲနော်၊ အရမ်းကြည့်ကောင်းတယ် "
" အင်း အဲလိုတော့ မထင်လိုက်ပါနဲ့ ကိုမုန်းမာန် "
" လွှာက ခင်ဗျားအဖေမိန်းမ၊ ခင်ဗျား ရဲ့မိထွေးမဟုတ်လား၊ အရွယ်ကလည်း မတိမ်းမယိမ်းဖြစ်နေတော့ ပတ်ဝန်းကျင်က တစ်မျိုးထင်စရာပဲလေ "
" အာ အဲဒါကတော့ "
" ဟုတ်သားပဲ ကိုကိုရာ၊ ကိုမုန်းမာန် ပြောတာမှန်တယ်၊ လုံးဝကို မသင့်တော်တာ၊ ကိုကိုက ဒီမိန်းမကို ဒီလောက်တောင် ဂရုတစိုက် ဖြစ်နေရတာလဲ။ "
" ပန်းရင့် နင့်ပါးစပ်ကိုပိတ်ထား၊ ဘာမှကိုမပြောနဲ့၊ ကိုမုန်းမာန် ဆောရီးခွင့်ပြုပါဦး "
" ကိုရဲ "
" လာ သွားရအောင် လွှာ "
ကလေးနှင့်လွှာလက်ကို ဆွဲ၍ ရဲရင့်မာန် ထွက်လာခဲ့သည်။ ကားပါကင်နားရောက်တော့
" လွှာကို ကျတော် အားနာပါတယ်၊ ပန်းရင့်ကထားပါတော့၊ မုန်းဝင့်မာန်က ဘာတွေလာပြောနေတာလဲ၊ ကျတော်တို့အကြောင်း ဘယ်လောက်သိထားလို့လည်းမသိဘူး "
" မဟုတ်ပါဘူး ပန်းရင့်ပြောလို့. သူလည်း ရမ်းသမ်းပြီးပြောနေတာ ဖြစ်မှာပါ "
" အဲကြောင့်ပြောတာ ပန်းရင့်ပါးစပ်က စည်းကမ်းမရှိဘူး၊ ပြောသင့်မပြောသင့် နားမလည်ဘူး၊"
" သူတို့ပြောသလို လွှာတို့ ဆင်ခြင်လိုက်တာပဲ ကောင်းမယ်ထင်တယ် "
" ကျတော်တို့က ဘာတွေမှားနေလို့လဲ၊ လွှာနဲ့ညီလေးအတွက် ဒီလောက်တော့ လုပ်ပေးသင့်တယ်လို့ ထင်တယ် "
" အဲဒါကတော့ ကိုရဲရဲ့အတွေးလေ၊ အကြောင်းသိအစင်းသိဖြစ်နေတဲ့ ပန်းရင့်တောင် ဒီလိုအထင်မှားနေရင် ပတ်ဝန်းကျင်က ဒီထက်အထင်လွဲနိုင်တယ် "
" လွှာ စိတ်ဆင်းရဲရတယ်ဆိုရင်လည်း အဲလိုဆင်ခြင်ကြတာပေါ့၊ ဒါပေမဲ့ ညီလေးအတွက် ကျတော် တခုခုလုပ်ပေးပါရစေ၊ ပြန်လာရင်တော့ တစ်ခါလောက်ပြန်ဆုံပါရစေ "
လွှာ ဘာမှမပြော။ ရဲရင့်မာန် လုပ်ပေးချင်တာတွေအတွက် နားလည်မိသလို ပန်းရင့်ရဲ့ အထင်မှားမှုတွေအတွက် စိတ်မကောင်းဖြစ်ရသည်။ ဒီကြားထဲ မုန်းဝင့်မာန်က တစ်မှောက်။
ဘယ်လိုစကားတွေနဲ့ တိုက်ခိုက်နေရတာပါလဲ။ တကယ်ဆို မုန်းဝင့်မာန် မကောင်းပါ။ ရင်ထဲမှာ နာနာကျင်ကျင်ဖြစ်ရရင်းနဲ့။
အပိုင်း(၁၈)သို့>>>>
[[[{{{ဝေဖန်အားပေးကြပါနော် 😊😊😊}}}]]]