အွန်လိုင်း မင်္ဂလာဆောင်

in #story8 years ago

ဖိတ်စာလေး……
ရွှေရောင်တဖိတ်ဖိတ်တောက်နေဟန်ရှိတဲ့ ဖိတ်စာလေး….
အနှီဖိတ်စာလေးက အမွန်ကိုင်ထားတဲ့ ဖုန်းစကရင်ပေါ်မှာ အိနြေ္ဒရနေသလိုလို ဘာလိုလို။ အမွန် ပျင်းပျင်းနဲ့ ဖေ့စ်ဘွတ်ခ်ကိုဖွင့်ပြီး ဖုန်းစကရင်ကို ဟိုလိုလေးပွတ်လိုက် ဒီလိုလေးပွတ်လိုက်နဲ့ အပျင်းဖြေနေတုန်း ဖုန်းစကရင် ပေါ်မှာ တွေ့လိုက်ရတဲ့ ရွှေအိုရောင်ဖိတ်စာလေး။တဆက်တည်း မင်္ဂလာဆောင်နဲ့ပတ်သက်တဲ့ ဓာတ်ပုံလေးတွေကို ဖုန်းပွတ်ရင်းနဲ့ တွေ့လိုက်ရတယ်။ အား…ပါး…ပါး…လှလိုက်တဲ့ ဓာတ်ပုံလေးတွေပါလား။ ဓာတ်ပုံလေးတွေကို ကြည့်ရင်း အမွန်တစ်ယောက် အတွေးတစ်စပေါက်သွားတယ်။ ကားတွေကကျပ်၊ လမ်းတွေက ပိတ်နဲ့ ခုလိုခေတ် ကာလကြီးမှာ မင်္ဂလာဆောင်ဖိတ်မယ်ဆို တကန်တက သွားမဖိတ်တော့ဘဲ နည်းပညာ အကူအညီ လေးသုံးပြီး အွန်လိုင်းကနေ ဖိတ်လိုက်မယ်ဆို မကောင်းပေဖူးလား။ အချိန်ကုန်လဲ သက်သာမယ်။ ဖိတ်စာလဲ ရောက်သွားမယ်။ နို့မဟုတ် ….. တကူးတကလိုက်ဖိတ်ရရင် အချိန်တွေအများကြီး ကုန်ပေလိမ့်မပေါ့။ အခုလိုလေး လူလုံးမပြ၊ဘာမပြနဲ့ ဖိတ်လို့ရမယ်ဆိုရင် ဘယ်လောက်တောင်များ ကောင်းလိုက်မလဲ။ ကိုယ့်အချင်းချင်း ကိုယ်ချင်း ကိုယ်ချင်း လူရင်းေ တွပဲဟာ။ လေးစားသမှုဆိုတာတွေကလဲ အရေးကြီးပေမယ့် သတိတရနဲ့ ကြုံသလို ဒီလိုလေးလုပ်လို့ရရင် ဘယ်လောက် များကောင်းလိုက်မလဲ။
မိုးအေးအေးလေးမှာ လုပ်စရာရယ်လို့ မည်မည်ရရကလဲ မရှိ၊ အိမ်သားတွေကလဲ အပြင်သွားတာ ပြန်မ ရောက်ကြသေးဆိုတော့ အမွန်တစ်ယောက် ပုံလေးေတွေကို ကြည့်လိုက်၊တွေးကောင်းကောင်းနဲ့ ဆက်တွေးလိုက်နဲ့ အတော်ကို သာယာအေးချမ်းနေတယ်။ အိမ်ခေါင်မိုး သွပ်ချပ်တို့ပေါ် မိုးရေစက်တို့ကလည်း ဖြိုးတိုးဖျောက်တောက်နဲ့ ပိုးပိုးပေါက်ပေါက်ကျနေတယ်။
ကော်ဖီလေး ကျိုက်ရင်း အမွန်တစ်ယောက် မင်္ဂလာဆောင်အကြောင်း ဆက်ပြီး စိတ်ကူးကြည့်နေမိတယ်။ မင်္ဂလာတစ်ခါဆောင်တယ်ဆိုတာ လွယ်တာမှတ်လို့။ တော်စွလျော်စွ လုပ်လို့ရတဲ့ကိစ္စမျိုးလဲ မဟုတ်။ ငွေသိန်းပေါင်း များစွာ အကုန်အကျခံရတဲ့အပြင် ကြိုတင်ပြင်ဆင်ချိန်ကလဲ အနည်းဆုံး ခြောက်လလောက်ကတော့ အသာလေး ကုန်မည် ။ နှစ်ဖက်မိဘတွေ ရွှေလမ်းငွေလမ်းဖောက်ရ၊ ခန်းမတွေ ကြိုတင်ဘွတ်ကင်လုပ်ရ၊ ဖိတ်စာရိုက်ရ၊ ဝတ်စုံချုပ်ရနဲ့ လူတွေမှာအားရတယ်ကို မရှိဘူး။ ခုခေတ်မှာကလဲ မင်္ဂလာဆောင်တွေက တစ်ပွဲထဲနဲ့ ပြီးကြတာမျိုး မဟုတ်။ ချဲ့ရင်ချဲ့သလို နှစ်ပွဲ၊ သုံးပွဲကနေ လေး၊ငါး၊ ခြောက်ပွဲ ဆက်ပေတော့။ စေ့စပ်ပွဲ၊မင်္ဂလာဦးဆွမ်းကျွေး၊ မင်္ဂလာဧည့်ခံပွဲ၊ ဒင်နာစသဖြင့်တတ်နိုင်ရင် တတ်နိုင်ကြသလို ပိုပိုသာသာလေး ချဲ့ကားကြတာမျိုးလေ။ သူဘယ်နှစ်ပွဲ လုပ်နိုင်တယ်၊ ကိုယ်ဘယ်နှစ်ပဲွဲလုပ်နီုင်တယ် ဆိုတဲ့ ဂုဏ်တုဂုဏ်ပြိုင်လေးတွေကလဲ ရှိကြသေးတာကိုး။ ဘယ်ခန်းမ ငှားနိုင်တယ်၊ ဘယ်ဘိသိက်ဆရာ၊ ဘယ်အခမ်းအနားမှှုး၊ဘယ်တီးဝိုင်း ၊ဘယ်ကင်မရာမင်း (မင်္ဂလာပွဲမှတ်တမ်းတင်ရန်) … အိုး စုံမှစုံ။ ဒီထက် စုံတာတောင် ရှိသေး။ ဖိတ်စာကို မြန်မာပြည်မှာရိုက်ရတာ စိတ်တိုင်းမကျလို့ နိုင်ဂျန်ကား….အဲလေ ဟုတ်ပေါင် အမွန် ယောင်လို့။ နိုင်ငံခြား လှမ်းမှာရတာနဲ့။ဘယ်သူမှ အမှတ်တရ သိမ်းထားကြတာမျိုးှ မဟုတ်ပါပဲ(မင်္ဂလာမောင်နှံကလွဲရင်ပေါ့လေ)။ ပြီးရင် အမှိုက်ပုံးထဲ ရောက်သွားမဲ့ ဖိတ်စာတစ် စောင်ကို ဇာချဲ့နေကြသေးတာ။ဖိတ်စာရဲ့ တန်ကြေးကိုလည်း ကြည့်ကြသေးတဲ့ ခေတ်ကိုး။ အပေါ်ယံရွှေမှုံကြဲနိုင်ဖို့က အဓိကဆိုတော့ ဖိတ်စာမှာ ရေမွေးနံ့လေးကလဲ သင်းနေပါမှ။ နှယ်နှယ်ရရ လုပ်လို့ရတာမှတ်လို့။ ဒါတင်ပဲလား ဆိုတော့လဲ မဟုတ်ပါ။
အမွန့်အတွေးထဲ ပေါ်လာပါပြီ။ အလှဖန်တီးရှင်ပေါ့။ အလှဖန်တီးရှင် ဘယ်သူဘယ်ဝါနဲ့ မိတ်ကပ်လိမ်း တာလေ..ဆိုပြီး ဂုဏ်လုပ်ကြသေးတာကလား။ မကြီးစန်းလား၊ မထက်လား၊ အဲရိုးမားလား… စသည်ဖြင့် ရွေးကြသေးတာ။ မလွယ်ရေးချ မလွယ်။ မင်္ဂလာဆောင်တယ် ဆိုတာ ဘဝတသက်စာလေဆိုပြီး ချဲ့ကြကားကြ တာ။ဒီတော့လဲ ကုန်ချင်သလောက် ကုန်စမ်း။ အရေးကို မစိုက်တာ။ အသိုင်းအဝိုင်းကြီးရင် ကြီးသလိုကို ဝိုင်းကြဝန်းကြ ဦးမှာဆိုတော့ လက်ဖွဲ့ဆိုတာကလဲ သောက်သောက်လဲ ပြန်ရတာ။ မင်္ဂလာ အခမ်းအနားပြီးလို့ လက်ဖွဲ့ပြန်သယ် ရတာကိုက ကားကြီးကားငယ် အသွယ်သွယ်နဲ့။အတော့်ကို စိုစိုပြေပြေ ရှိကြတာကိုး။
ဆိုတော့ကာ.. အထက်မှာ အမွန်တွေးခဲ့သလိုပဲ မင်္ဂလာဆောင်အခမ်းအနား စီစဉ်ပြင်ဆင်ရတာ မလွယ် ဘူးလေ။ အချိန်တွေကုန် လူပန်းပါသဘိနဲ့။ ဒီတော့လဲ အမွန်တွေးသလို ဖိတ်စာလေးကို အွန်လိုင်းကနေ ဖိတ်နိုင်တာလဲ မဆိုးဖူးလေ။ ဗိုက်ဘာ(Viber) ကနေပဲလာလာ၊စာတိုက်ကပဲ ပို့ပို့၊ လူကိုယ်တိုင်ပဲ လာဖိတ်ဖိတ် … ဖိတ်စာကတော့ ဖိတ်စာပဲ။ ဘာမှ ပြောင်းလဲသွားခြင်းမရှိပေ။ ဒီနေ့၊ ဒီအချိန်၊ ဒီနေရာမှာ ဒီလူနဲ့ ဒီလူ အာဝါဟ၊ ဝိဝါဟ ပြုကြမည်ဆိုတာ ဘာမှပြောင်းမသွား။ ပြောင်းသွားနိုင်တာက လူ့တန်ဖိုး၊ လူအသိတရား။ မလေးစားရာ ရောက်သွား မလား… စဉ်းစားစရာတွေဖြစ်သွားပြီ။ အမွန့်အတွက်တော့ ဆက်စဉ်းစားစရာရသွားပြီ။ အမွန်ထိုင်ရာကနေ ထပြီး သောက်လက်စ ကော်ဖီခွက်ထဲ အဖန်ရည်ကြမ်း ထဖြည့်လိုက်တယ်။ သောက်လက်စ ကော်ဖီကတော့ ကုန်ပြီ။ အဖန်ရည်လေးမြုံ့ပြီး အမွန် ကြားဖူးနားဝမင်္ဂဆောင်တွေ အကြောင်း ဆက်စဉ်းစားချင်သေးလို့ပါ။
မင်္ဂလာဆောင်ပါတယ်ဆိုတာ အမွန်တို့ အလွယ်ပြောရရင် ဘဝခရီးလှမ်းကို မောင်မယ်နှစ်ဦး အတူတကွ လှျှောက်လှမ်းကြတာပါ။ ဒီလိုလျှောက်လှမ်းကြရာမှာ မိဘမောင်ဖွားမိတ်ဆွေသင်္ဂဟများကို အခမ်းအနား ကျင်းပပြီး တည်တည်ပပ အသိပေးအကြောင်းကြားခြင်း ဖြစ်ပါတယ်။
“ကျွန်တော် ကျွန်မတို့ ဒီနေ့၊ ဒီအချိန်၊ ဒီနေရာမှာ လူကြီးမင်းတို့ ရှေ့မှောက်တွင် လူသိရှင်ကြား စုလျားရစ်ပတ် ထိမ်းမြားသမှုပြုပါမည်။ လူကြီးမင်းတို့အနေဖြင့် ကျွန်တော်ကျွန်မတို့ ကြင်စဦးမင်္ဂလာ မောင်နှံကို ကောင်းချီး မင်္ဂလာအဖြာဖြာ ရောက်စေလိုသော ဆန္ဒဖြင့် မင်္ဂလာပွဲကို လာရောက်ချီးမြှင့်ပေးပါရန် လေးစား စွာဖြင့် ဖိတ်မန္တက ပြုပါသည်။” စသည်ဖြင့် ရည်ရွယ်ပြီး မင်္ဂလာပွဲ ကျင်းပကြခြင်းဖြစ်ပါတယ်။
မင်္ဂလာပွဲသို့ လာရောက် ချီးမြှင့်ပေးဖို့ မင်္ဂလာမောင်မယ်တွေက ဖိတ်ကြားလာပြီဆိုမှတော့ သွားဖို့လိုရင် လိုသလို၊ တွေ့ဖို့လိုရင် လိုသလို၊ ပြောဖို့လိုရင် လိုသလို လုပ်ရပေတော့မယ်။ လမ်းကြုံ…ခုတော့လဲ အခုတော့လဲ အမွန်တွေးသလိုဆို လိုင်းကြုံ (အွန်လိုင်းကနေ အဆင်ပြေသလိုလေး ဖိတ်ရတာဆိုတော့လဲ လိုင်းကြုံပေါ့) ဖိတ်တာ မျိုးလေးတွေက မလေးစားရာရောက်လွန်းမလား။ ဒီလိုလေးတော့ ဖြည့်တွေးမိပါရဲ့။
ပြီးတော့လဲ ဖိတ်စာကရောက်လာပြီဆိုတော့ အဖိတ်ကြားခံပုဂ္ဂိုလ်တွေအဖို့မှာလဲ ကိုယ့်ကိုလေးလေးစားစား နဲ့ ဖိတ်ကြားလာပါပြီဆိုမှတော့ မင်္ဂလာပွဲကိုတက်ရောက် ချီးမြှင့်ပေးဖို့ ပြင်ကြဆင်ကြ စဉ်းစားကြရပြီ။ ဘယ်သူ ဘယ်ဝါရဲ့ မင်္ဂလာဆောင်လဲ။ ဘယ်နေရာမှာ ကျင်းပမှာလဲ။ ဘယ်နေ့ဘယ်ရက် ဘယ်အချိန်လဲ။ ဒါတွေကို စဉ်းစား တွေးတောရသလို တဖက်ကလဲ လူရင်းတွေလား၊ ဘယ်သူ့သားသမီးတွေလဲ၊ အထက်လူကြီး ဘာညာ ပတ်သက်ရာ ပတ်သက်ကြောင်းတွေလား … စသည်ဖြင့် ဦးနှောက်ကို အလုပ်ပေးရပြီ။ ဒါမှလဲ လက်ဆောင်လက်ဖွဲ့အတွက် စီစဉ် နိုင်မှာကိုး။ လက်ဆောင်လက်ဖွဲ့ပေးတယ်ဆိုတာက ဘဝခရီးလမ်းကို တူယှဉ်တွဲနွှဲတော့မယ့်၊ တနည်းအားဖြင့် တအိုးတအိမ်ထူထောင်ကြတော့မယ့် ကြင်စဦးဇနီးမောင်နှံနှစ်ဦး ဘဝခရီးလမ်း ထူထောင်စမှာ အဆင်မပြေ မဖြစ်ရ လေအောင် မိဘဆွေမျိုး၊မိတ်ဆွေအသိုင်းအဝိုင်းတွေက သိုင်းကြဝိုင်းကြ ကူညီကြတာပါ။ ဒါကတော့ ချစ်စရာ မြန်မာ့ ဓလေ့လေးတစ်ခုလို့ အမွန်ခံစားမိတယ်။ ဆရာကြီး သခင်ကိုယ်တော်မှိုင်းရေးခဲ့တဲ “အညာမင်္ဂလာဆောင်” ဆိုတဲ့ လေးချိုးကြီးကိုတောင် သွားသတိရမိသေးတယ်။ လက်ဖွဲ့အနေနဲ့ ဓားမတို၊ဓားမရှည်ကနေ ထွန်ယက်လုပ်ကိုင် စားသောက်ကြဖို့ ယာမြေအထိ ဝိုင်းဝန်းလက်ဖွဲ့ကြတာမှာ မျိုးစေ့တောင် မကျန်စေရပဲ စုံတကာ စေ့နေအောင် လက်ဖွဲ့ခဲ့ကြတာ တစိမ်စိမ့်တွေးကြည့်လေ ရင်မှာအမှန်တကယ် ကြည်နူးပီတိဖြစ်ရလေပါပဲ။ သြော်…. ချစ်စရာကောင်း လိုက်ကြတဲ့ ငါတို့ လူမျိုးတွေလို့ တွေးမိသေးတာ။ ဒါကို ခုခေတ်မှာ အပြိုင်အဆိုင်တွေ လက်ဖွဲ့နေကျတာကြည့်ပြီး အမွန် အတွေးတိမ်မိ၊ သဘောမတွေ့ဖြစ်မိပြန်တယ်။ ခုခေတ်နဲ့တော့ သဘောထား လေးတွေက အနည်းငယ်မျှ ကွာလေမလား။
စိတ်ကူးအသက်သက်အတွေးသက်သက် ဆိုတော့လဲ ငွေကုန်စရာလဲမလိုဘူးလေ။ဒီတော့လဲ လက်စလေးနဲ့ အမွန် ဆက်တွေးနေမိတယ်။ တကယ်တော့ … လက်ဖွဲ့ကိစ္စကလဲ ထည့်သွင်းစဉ်းစားရမဲ့ အရေးကြီး အစိတ်အပိုင်း တစ်ခုပါပဲ။ အခုခေတ်လူတွေ ဘာတွေကို လက်ဖွဲ့လေ့ရှိကြလဲ တွေးကြည့်တော့ နှစ်ထောင်၊သုံးထောင်တန် တီးဆက် (Tea Set)လောက်ကနေ သိန်းချီတန်တဲ့ လက်ဝတ်လက်စား၊ အိမ်ထောင် ပရိဘောဂ၊ မော်တော်ကား အမျိုးမျိုး ရှိတာကိုး။ လက်ဖွဲ့က သင့်ရုံပေးမှာလား၊ ကောင်းတယ်ဆိုရုံပေးမှာလား၊ ရှယ်လား၊ ဒါမှမဟုတ် မျက်နှာကြီးရာ ဟင်းဖတ်ပါတဲ့ လက်ဖွဲ့မျိုးလား၊ ကုန်ကုန်ပြောရရင် ဆီပေးလို့ ဆန်ပြန်ရ (အကျိုးတခုခုပြန်ရဖို့ မျှော်လင့်)တဲ့ လက်ဖွဲ့မျိုးလား စဉ်းစားရပြီလေ။ မင်္ဂလာမောင်မယ်တွေ အဆင်ပြေပျော်ရွှင် ပါစေဆိုတဲ့ အဖြူရောင်စေတနာ ရဲ့နောက်ကွယ်မှာ တခုခုကို မျှော်ကိုးတာလေတွေလဲ ပါလာတာပေါ့။ ခုနောက်ပိုင်းတော့ ချစ်စရာမြန်မာ့ဓလေ့လေးမှာ အရာင်တွေ စွန်းထင်းလာတာလဲ ရှိနိုင်ကောင်းထင်ပါရဲ့။
ပွဲတက်မယ့်သူတွေဘက်က ထည့်သွင်းစဉ်းစားကြတဲ့ ဒုတိယအချက်လဲ ရှိသေးတယ်ထင်ပါတယ်။ မင်္ဂလာ ဆောင်ကို ဘာဝတ်သွားရမလဲ။ ဟုတ်တယ်လေ … သူများက သိန်းပေါင်းများစွာ ငွေကြေးကုန်ကျခံပြီး ခမ်းခမ်းနားနား ဆင်နွှဲတဲ့မင်္ဂလာပွဲကြီးကို ကိုယ်တွေက ဟိုနားဒီနား သွားရုံလောက် စုတ်တီးစုတ်ဖတ်လေး ဝတ်စားသွားလို့မရ ဘူးလေ။ မင်္ဂလာဆောင်ဆိုမှတော့ ဘောင်းဘီတိုနဲ့ စွပ်ကျယ်လက်ပြတ်ဝတ်ပြီး ပွဲတက်လာလို့ မရဘူးလေ။ အမြင်မတော် ဆင်တော်နဲ့ခလောက်ဖြစ်တော့မှာ။ ကာယကံရှင် မင်္ဂလာမောင်မယ်တွေကို မလေးစားသလို ဖြစ်မှာပေါ့။ “ကာလံဒေသံ” … သူ့အရပ်နဲ့သူ့ဇာတ်လိုက်လျောညီထွေမှုတော့ ရှိရမှာပေါ့။ အဝတ်အစားရွေးချယ်ကြတော့ အမျိုးသားတွေအတွက် မထောင်းတာလှပေမဲ့ အမျိုးသမီးတွေ အတွက်တော့ အတော်လေးကို ကြီးကျယ်ခမ်းနား ဗျာများစေတာပါ။ အမျိူးသားတွေက တိုက်ပုံ၊ ကော်လာ ကတုံး လက်ရှည်အဖြူ၊ ပုဆိုး၊ ကတ္တီပါဖိနပ် …ဒါလောက်ပဲ။ မရှုပ်ဘူးလေ။ လွန်ရောကျွံရော အရောင်လေးရွေး၊ ကနုတ်လေးဖေါ်၊ ကျောက်လေးစီ (အကယ်ဒမီပွဲ တက် ဖက်ရှင်လိုပေ့ါ) ဒီလောက်ပဲ ကွန့်လို့ရတာ။ အမျိုးသမီးတွေအတွက်ကျတော့ ပိုက်ဆံတတ်နိုင်ရင် တတ်နိုင်သလောက် ဇာချဲ့ကြတာပဲ။ ကြိုးကြီးချိတ် ဝတ်ရမလား၊ ရိုးရိုးချိတ်လောက်နဲ့ ပြီးမလား။ အထက်အောက် ဇာဝမ်းဆက် ချုပ်ဝတ် မလား။ ရွှေရေးလား ဘာလားညာလား ... လားပေါင်းများစွာနဲ့ စစ်ဆင်ရေးထွက်မတတ်လောက်ကို အလုပ်များ သွားတာ။ ချုပ်ပြီးသားအဆင်သင့်ရှိရင်တော်ရဲ့။ မဟုတ်လို့ကတော့ ရွာထဲသူပုန်ဝင်စီးသလောက်ကို ကမ္ဘာပျက် သွားတာ။ အမွန်တို့က မိန်းကလေးတွေဆိုတော့ ဓာတ်သိချင်း အကြောင်းပိုသိတာပေ့ါ။ နောက်ဆုံးချဲ့ စရာမရှိ ချဲ့တာကတော့ မိတ်ကပ်ဆံပင် ကိုယ်တိုင်အလှပြင်မလား ၊ ဆိုင်သွားပြင်မလား၊ သဇင်ပန်မလား သစ်ခွ ပန်မလား ဖြစ်ရော။ သတို့သမီးနဲ့အပြိုင၊် ပွဲတက်လာသူတွေနဲ့အပြိုင် လှချင်တာ၊ ဝါကြွားချင်တာ၊ ဂုဏ်လုပ်ချင်တာ။ မရှိ ရှိတာကို ခမ်းနားရင်ခမ်းနားသလောက် အစွမ်းကုန်ထုတ်ကြဲကြတာ… မိန်းကလေး သဘာဝကိုး။
ဒါတင်ပဲလားဆိုတော့ ….. မဟုတ်သေး။ စီးတော်ယာဉ်ကိစ္စ ကျန်သေးတယ်။ ကိုယ်ပိုင်ကားရှိလို့ကတော့ ကိုယ့်ကားနဲ့ကိုယ်ပေ့ါ။ အလှတွေပြင် အဲကွန်းလေးဖွင့့်ပြီး ငြိမ့်ငြိမ့်လေးသွားရုံပဲ။ ချွေးမထွက်၊ အဆီမပြန်၊ အလှမပျက် ဘူး။ သာသာလေးပဲ။ အဲ.. ကိုယ်ပိုင်ကားမရှိလို့ကတော့ စီးတော်ယာဉ်ကိစ္စပါ စဉ်းစားရပြီ။ ဒီလောက် ဝတ်ကောင်း စားလှတွေ ဝတ်ထားပြီးပြီဆိုမှတော့ လိုင်းကားတိုးစီးဖို့ဆိုတာ မဖြစ်နိုင်။ လိုင်းကားတိုးစီးတယ်ပဲ ထားပါတော့ မင်္ဂလာ ဧည့်ခံပွဲကျင်းပရာ ဟိုတယ်ကြီးတွေ အများစုက လိုင်းကားတွေပြေးဆွဲရာ ယာဉ်ကြော လမ်းမ ကြီးတွေပေါ်မှာ မရှိ။ အဲ့တော့လဲ တက္ကစီငှားပေတော့ပေါ့။ တက္ကစီတောင် အချို့တွေက ပိုက်ဆံပိုပေးရတဲ့ အွန်ကော (On Call) (ဖုန်းနဲ့ချိန်းဆို ကားငှားခြင်း) လုပ်သေးတာ။ ချဲ့တာ လေ … ချဲ့တာ။
အဲ့ဒီတော့ မင်္ဂလာတစ်ခါဆောင်တယ်ဆိုတာ လွယ်တာ… မှတ်လို့။ မင်္ဂလာဆောင်သူတွေမှာရော၊ တက်ရောက်ချီးမြှင့် အားပေးသူတွွေမှာရော ရှုပ်ယှက်ကို ခတ်လို့။ တသက်မှ တခါဆိုတာကိုး။ ဒါကြောင့် နှစ်ဦးနှစ်ဖက် အဆင်ပြေအောင်လို့ အမွန် စဉ်းစားမိတာက ဖိတ်တော့လဲ လိုင်းပေါ်ကနေ Viberတွေဘာတွေ သုံးပြီးဖိတ်။ သတို့သား၊ သတို့သမီးတွေက နာမည်ကြီးဓာတ်ပုံစတူဒီယိုတစ်ခုခုမှာ ဝတ်စုံအမျိုးမျိုး (ငှားလို့လဲရတယ်၊ ဝယ်လို့လဲရတယ်)၊ နောက်ခံရှုခင်းအမျိုးမျိုး၊ ဆက်တင်အမျိုးမျိုးနဲ့ ဓာတ်ပုံရိုက်၊ လိုင်းပေါ်တင်။ မိတ်ဆွေသင်္ဂဟ အပေါင်းက လိုက်(like)တွေပေး၊ ကွန်မန့်တွေ(comment)ရေးနဲ့။ ဟေး.. ဟေး…. ပျော်စရာကြီး။ ဘာတွေကျွေး ပါတယ်ရှင်ဆိုပြီး မုန့်တွေကိုလဲဓာတ်ပုံရိုက်တင်။ ပရိသတ်အပေါင်းကလဲ သရေတွေကျ၊ စားချင်စရာကြီးနော် ဘာညာဝိုင်းမန့်။ အကုန်အကျလဲသက်သာ၊ အလုပ်လဲဖြစ်။ အဲ..တဖက်က တက်ရောက်မယ့်သူတွေကလဲ ဝတ်ကောင်းစားလှတွေဝတ် ဓာတ်ပုံရိုက်၊ လိုင်းပေါ်တင်။ ဘာကားလေးနဲ့ လာတာနော်။ လှရဲ့လားရှင့် ဘာညာမေး။ ကျန်တဲ့သူတွေကလဲ လိုက်(like)တွေပေး၊ ကွန်မန့်တွေ (comment)ဝိုင်းရေး။ လက်ဖွဲ့ဆိုလဲ တကယ်ကြီး ဝယ်နေစရာ မလိုဘူး။ အင်တာနက်ကနေ ကောင်းပေ့၊ ညွန့်ပေ့ဆိုတာတွေကို ကော်ပီကူး၊ ဒါလေးလက်ဖွဲ့တယ်နော် ဆိုတာလေးရေး။ ပိုက်ဆံတပြားတချပ်မှ မကုန်ဘဲ စိန်ဆွဲကြိုးတွေ၊ ဘီအမ်ဒဗလျူတွေတောင် လက်ဖွဲလို့ ရတယ်။တချက်ခုတ် အချက်ပေါင်း များစွာပြတ်ကရောပဲ။ အမွန့်စိတ်ကူးလေး မကောင်းဘူးလား။ ကြိုက်လွန်းလို့ နောက်ဆို အွန်လိုင်းမင်္ဂလာဆောင်တွေ အများကြီးအားကြီးပေါ်လာမှာ အမွန်မြင်ယောင်မိသေးတော့တယ်။ ။

ငြိမ်းသခင်

(စကားချပ် ။ ။လူထုကြားမှာ ဖေစ့်ဘွတ်ခ်အသုံးတွင်ကျယ်လွန်းမက တွင်ကျယ်လာခြင်းကို စာရေးသူ၏ စိတ်ကူးယဉ်မှု သက်သက် ဖြစ်ပါသည်။)

ကျေးရွှေတမာ မဂ္ဂဇင်း

image
မတ်လ ၂၀၁၈

Sort:  

Congratulations! This post has been upvoted from the communal account, @minnowsupport, by min21thant from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, theprophet0, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.

If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.

Coin Marketplace

STEEM 0.04
TRX 0.33
JST 0.097
BTC 62970.54
ETH 1745.73
USDT 1.00
SBD 0.39