သူမ သို့ မဟုတ်

in #life7 years ago (edited)

မြန်မာပြည်ဟာ ကျည်ဆယ့်သုံးချက်သင့်ပြီးနောက်
အလံတော်ကို ရုပ်၊ မြေမြုပ်သဂြိုလ်ခံလိုက်ရတယ်။
image
ဆူးချွန်သွေးမစဲ သက္ကရာဇ် နီရဲရဲကြားမှာ
သူမကို ကျွန်တော်တို့ ပြန်ရလိုက်တယ်။
အို . . . မြန်မာပြည်ပိုင်ဘုရားသခင်၏
တစ်ဦးတည်းသော သမီးတော်
ရဲရင့်ခြင်းကို ပန်းလိုပန်ပြီး
ကျွန်တော်တို့ဆီ ပြန်လာခဲ့ပြီ။

သူမဟာ လွတ်လပ်ခြင်းရဲ့ တမန်တော်
သူမဟာ ငြိမ်းချမ်းရေးရဲ့ နတ်ဘုရားမ
သူမဟာ ခိုင်ကျည်ခြင်းရဲ့ သင်္ကေတ
ဆူးထက်မြမြကြားက ရုန်းကြွလာတဲ့ နှင်းဆီနီတစ်ပွင့်
ကမ္ဘာကြီးကို သူမရဲ့လက်သေးသေးလေးတွေနဲ့ ကိုင်လှုပ်ခဲ့တယ်။
image
သူမရဲ့အသံပါးပါးလေးကတစ်ဆင့်
ကျွန်တော်တို့ အားလုံးရဲ့ ရင်ထဲကအသံကို ကမ္ဘာကြီးက ကြားသွားခဲ့တယ်။
သူမရဲ့အရေးအကြောင်းတွေ ဝန်းရံနေတဲ့ မျက်ဝန်းတောက်တောက်တွေ့ကတဆင့်
ကျွန်တော်တို့အားလုံး လက်ဖြန့်တောင်းဆိုနေတဲ့ ဆာလောင်မှုတွေကို ကမ္ဘာကြီးက လှမ်းမြင်သွားတယ်။

"ကျွန်မကို အသုံးချပါ"တဲ့။
သေချာတယ်။
သူမဟာ ထိုးဝါးတွေ ဝိုင်းရံခံနေရတဲ့ ကောက်ရိုးတစ်မျှင်ပဲ။
သေချာတယ်။
သူမတို့ သားအဖဟာ
မြန်မာပြည်အတွက် ဝဋ်ကြီးကြီးပါလာကြတဲ့ သူတွေ. .
image
ဘယ်သူ့ကိုမှ မတိုက်ခိုက်တဲ့သူမကို
ဘယ်သူကမှ ဒူးထောက်ကျသွားအောင် မစွမ်းဆောင်နိုင်ဘူး။
မီးမြှားအစင်းစင်းကို ရင်ဖွင့်ခံယူ
နှစ်ပေါင်းနှစ်ဆယ်ကျော်ကြာ သက္ကရာဇ်အချုပ်အနှောင်တွေကြား
သူမဟာ သံမဏိမ, ဆန်ဆန်
ခြင်္သေ့ခံ ခံခဲ့တယ်။

သူမဟာ ၁၅၀၀ကို စွန့်ခဲ့ရတယ်
သူမဟာ ၅၂၈ကို ပစ်ခဲ့ရတယ်
သူမဟာ သူမကိုယ်သူမ ဆန့်ထုတ်
အဲ့ဒီ့လက်ခုတ်မိုးလေးအောက်
ကျွန်တော်တို့ အားလုံးကို အရိပ်မိုးချင်သူ
သူမအပြုံးဟာ မိခင်ဆန်တယ်။
image
ဒီမိုကရေစီကို စာလုံးပေါင်းဖို့
ကျွန်တော်တို့စသင်ခဲ့ရတဲ့ အ,သုံးလုံးဟာ
သူမရဲ့ နာမတော်ပဲ။
သူမဟာ ပြန်လည်ထမြောက်လာတဲ့ ဗိုလ်ချုပ်
ဦးစောပေါင်းများစွာ ထိပ်ဆုံးရောက်နေတဲ့ ကာလမှာ
သွေးမထွက်တဲ့ ကျည်ချက်တွေ
သူမရင်ဘတ်မှာ အစင်းစင်းစိုက်ဝင်နေလိမ့်မယ်။

သူမဟာ မဗေဒါ
ဘယ်လှိုင်းဆင်းဆင်း ဘယ်လှိုင်းတက်တက်
ပန်းပန်မပျက်ခဲ့ဘူး။
သူမရဲ့ ဘယ်ဘက်လက်ဟာ ချစ်ခြင်းမေတ္တာဖြစ်ပြီး
ညာဘက်လက်ဟာ သတ္တိဖြစ်တယ်။
သိလား
တစ်ခေတ်လုံးက အစိမ်းဝတ်တွေ သူမနာမည်ကြားရုံနဲ့ ဆတ်ခနဲ ဆတ်ခနဲ တုန်တယ်။

သူမဟာ ဘယ်တော့မှ မအိုတဲ့ ခွပ်ဒေါင်းပျိုဖြစ်တယ်။
သူမရဲ့အမည်နာမဟာ အရေးတော်ပုံရဲ့ ဆောင်ပုဒ်၊
သူမရဲ့ ပုံရိပ်သွင်ဟာ မျှော်လင့်ချက်ဆီမှာ ကိုယ်ထင်ပြတယ်။
သူမရဲ့ ဝိဥာဉ်တော်ဟာ တစ်ခေတ်လုံး တုန်ခါသွားစေမယ့် တိုက်ပွဲခေါ်သံဖြစ်တယ်။
image
စေတန်တွေ အုပ်မိုးနေတဲ့ခေတ်ဆိုးကြီးထဲ
အကြောက်တရားကို ဓါးလိုမိုးထားတဲ့ ခေတ်ဆိုးကြီးထဲ
သူမဟာ မုန်တိုင်းတွေကို ဆန်
အလင်းတွေကို ပန်ပြီး
ကျွန်တော်တို့ဆီပြန်လာပါလိမ့်မယ်။

သူမဟာ ကျွန်တော်တို့ရဲ့ အလံတော် ဖြစ်တယ်။
သူမဟာ ကျွန်မတို့ရဲ့ အလံတော် ဖြစ်တယ်။
သူမဟာ ကျွန်ုပ်တို့ရဲ့ အလံတော် ဖြစ်တယ်။

Zawphyowai
msc 082

Sort:  

Good post thank for post!

ဟုတ်

မင်္ဂလာပါ

ဟုတ်ကဲ့ပါ

အမေစုဟုခေါ်သည်
လေးစားပါတယ်ဗျာ

Coin Marketplace

STEEM 0.17
TRX 0.16
JST 0.029
BTC 59696.83
ETH 2363.30
USDT 1.00
SBD 2.55