အမှန်း

in #zappl6 years ago (edited)

" အမုန်း၏အခြားဘက်၌ … "

အခန်း (၂၆)

(၁)

" ကဲ … ရပါပြီရှင် "

မွန်း ပြုံး၍ ကောင်းကင် ကို ပြောလိုက်သည် … ။ ထို့နောက် ထမင်းဘူးလေးတစ်ဘူးကို ခုံပေါ်တင်လိုက်သည် … ။

" ဒါဘာလဲ မွန်း "

ကောင်းကင် က ထမင်းဘူးကိုကြည့်ပြီး မွန်း ကို မေးလိုက်သည် … ။

" အဟမ်း … ဒါက မွန်း ထမင်းဘူး "

မွန်း က ပြုံးပြီး ပြောလိုက်သည် … ။

" မွန်း ထမင်းဘူး … ဟုတ်လား "

" အင်း … အထဲမှာဘာပါလဲဖွင့်ကြည့်လိုက်ပါအုံး "

ကောင်းကင် မွန်း ၏ စေခိုင်းချက်အရ ထမင်းဘူးကို ဖွင့်လိုက်သည် … ။ ထို့နောက် အထဲမှအရာကိုကြည့်ကာ အားရပါးရ ရယ်လေသည် … ။

" ဘာရယ်တာလဲ … ကောင်းကင် နော် … မွန်း က သူလုပ်ခိုင်းလို့လဲလုပ်ပေးရသေးတယ် "

" မွန်း ကလဲ … ကျွန်တော်က ကလေးမှမဟုတ်တာ ပန်ဒါတော့မလုပ်နဲ့ပေါ့ … ဒါပေမဲ့ ချစ်စရာကောင်းတယ် … ကျေးဇူးတင်ပါတယ် "

ကောင်းကင် က ရယ်ချင်သည့်စိတ်ကို ထိန်းထားသည့် မျက်နှာဖြင့် ပြောသည် … ။

" ကောင်းကင် လက်က သိပ်အဆင်မပြေသေးတော့ မွန်း စားလို့လွယ်မဲ့ဟာလေးပဲ ရွေးလုပ်လိုက်တာ "

" ဟုတ်ကဲ့ပါ … တကယ်ကျေးဇူးတင်ပါတယ် "

" ကိစ္စမရှိပါဘူး ကောင်းကင် ရယ် … ဒါနဲ့ မွန်း အစ်ကို့အတွက်လဲလုပ်ထားတယ် "

မွန်း က ပြောပြီး လရောင် ကို ထမင်းဘူးတစ်ဘူး ထုထ်ပေးလိုက်သည် … ။ လရောင် က အချိန်မဆိုင်းဘဲ ထိုထမင်းဘူးကို ဖွင့်ကြည့်လိုက်သည် … ။

" မွန်း က ကိုကို့ကျတော့ အသည်းပုံလုပ်ပေးတယ် "

ကောင်းကင် က ပြုံးစစနှင့် မွန်း ကို ပြောလိုက်သည် … ။

" အာ … ဒါ ဒါကလေ အစ်ကို က အကြီးမို့လို့ "

" အကြီးမို့လို့အသည်းပုံလုပ်ပေးတယ်ပေါ့ "

" ညီညီ … မွန်း ကို မစနဲ့တော့ … ဗိုက်ဆာတယ်ဆိုစားတော့လေ "

လရောင် ဝင်ဟန့်လိုက်တော့မှ ကောင်းကင် က ခေါင်းကုတ်ပြီး မွန်း ကို ရီပြသည် … ။

" စားတော့လေ ညီ "

" ဟင့်အင်း … ကိုကို တို့သွားမှစားမယ် "

" ဒါဆို ကိုကို တို့ သွားမယ် … ညီ တစ်ယောက်ထဲ ဖြစ်တယ်မဟုတ်လား "

" အင်း "

လရောင် နှင့် မွန်း ကောင်းကင် ကို နှုတ်ဆက်ကာ ထမင်းစားခန်းထဲမှ ထွက်လာခဲ့ကြသည် … ။

(၂)

မွန်း နှင့် လရောင် ထမင်းစားခန်းထဲတွင် ကောင်းကင် ကို ထားခဲ့ပြီး ခြံထဲသို့ ဆင်းလာခဲ့သည် … ။

" ကျေးဇူးတင်ပါတယ် မွန်း "

အဆက်အစပ်မရှိ ပြောလိုက်သော လရောင် ၏ စကားကြောင့် မွန်း ကြောင်သွားသည် … ။

" ဘာကိုလဲ အစ်ကို "

" ညီညီ့ ကို ရယ်အောင်လုပ်ပေးလို့ … သူ အဲ့ဒီလိုမရယ်တာကြာပြီ … ဒီနေ့မှ မွန်း ကျေးဇူးကြောင့် အဲ့ဒီလိုအပြုံးမျိုး ပြန်တွေ့ရတာ "

" မွန်း ဘာမှလုပ်မပေးရပါဘူး အစ်ကို ရယ် "

လရောင် က ဘာမှပြန်မပြောပဲ မွန်း ကို ဖက်လိုက်သည် … ။

" အစ်ကို ဘာလုပ်တာလဲ … သူများတွေမြင်ကုန်မယ် "

မွန်း လရောင် လက်ထဲမှ ရုန်းထွက်ပြီး ပြောလိုက်သည် … ။

" ကိုယ့်အိမ်ထဲမှာပဲဟာ … မြင်မြင်ကွာ "

" ဟာ … အစ်ကို နော် "

မွန်း က ပြောပြီး ခြံထဲသို့ဆင်းပြေးသွားသည် … ။

" မွန်း ကိုယ့်ကိုစောင့်အုံး "

လရောင် မွန်း ကိုခေါ်ပြီး မွန်းနောက်မှ ပြေးလိုက်လာခဲ့သည် … ။

(၃)

" ကိုယ်ကိုယ်တိုင်က ဆရာဝန်ဖြစ်ပြီး ဘယ်သူ့ကိုဘယ်လိုကုရမယ်ဆိုတာ သိပေမဲ့ … ညီညီ့ ကိုကျ အရင်လိုပုံမှန်ပြန်ဖြစ်အောင် ဘယ်လိုလုပ်ပေးရမလဲမသိတော့ဘူး မွန်း ရာ "

လရောင် ခဲလုံးတစ်လုံးကို ရေကန်ထဲ ပစ်ရင်း မွန်း အား လှမ်းပြောလိုက်သည် … ။ မွန်း က ချက်ချင်း စကားမပြန်သေးပဲ အတန်ကြာအောင် ငြိမ်သက်နေသည် … ။ ပြီးမှ

" ခရီးလေးဘာလေးထွက် … သူ့အကြောင်းကို သူပြန်မစဉ်းစားနိုင်အောင် အလုပ်များများရှုပ်ပေးပေါ့ အစ်ကို ရယ် "

ဟု ပြန်ဖြေသည် … ။ မွန်း စကားဆုံးသွားသောအခါ လရောင် က ခပ်နွမ်းနွမ်းပြုံးလိုက်သည် … ။

" အစ်ကို ကြိုးစားကြည့်ပြီးပြီ … နန်း ဆုံးပြီးကတည်းက သူ့ကိုဘယ်မှခေါ်လို့မရဘူး "

" ဒါဖြင့် … မွန်း ကြိုးစားကြည့်ရမလား "

မွန်း က သွက်လက်စွာဖြင့် မေးလိုက်သည် … ။ လရောင် က အတန်ကြာအောင် စဉ်းစားနေပြီးနောက်

" အင်း ပြောကြည့်လေ … သူလက်ခံရင်အစ်ကိုတို့သွားကြတာပေါ့ … မွန်း ပါလိုက်ခဲ့ "

ဟု ပြောသည် … ။

" အိုကေ … ဒါဆို အခုသွားပြောတာပေါ့ "

မွန်း က ပြောပြီး နေရာမှထကာ အိမ်ထဲဝင်ရန် ပြင်လိုက်သည် … ။

(၄)

မွန်း အိမ်ထဲနောက်တစ်ခေါက် ပြန်ဝင်လာသောအခါ တစ်အိမ်လုံး အပ်ကျသံပင်မကြားရလောက်အောင် တိတ်ဆိတ်နေသည် … ။

" ကောင်းကင် ဘယ်မှာပါလိမ့် "

မွန်း စိတ်ထဲမှ တွေးလိုက်ကာ ကောင်းကင် ကို တွေ့ခဲ့သည့် ထမင်းစားခန်းဆီသို့ လျှောက်လာခဲ့သည် … ။

" မမ "

တစ်စုံတစ်ဦးက မိမိပုခုံးကို လှမ်းကိုင်လိုက်သဖြင့် မွန်း လန့်သွားကာ အနောက်သို့ ပြန်လှည့်ကြည့်လိုက်သည် … ။ အိမ်အကူဟု ထင်ရသော ကောင်မလေးတစ်ယောက်က မွန်း ဘေးတွင် ခပ်ရို့ရို့ရပ်ကာ မွန်း ကို ကြည့်နေသည် … ။

" မွန်း ကို ခေါ်တာ ညီမ လား "

မွန်း က ထိုကောင်မလေး ကို ပြုံးပြပြီး မေးလိုက်သည် … ။

" ဟုတ်ပါတယ် မမ "

" ဘာပြောမလို့လဲဟင် "

မွန်း မေးခွန်းကို ထိုကောင်မလေးက ဖြေရခက်သွားဟန်ဖြင့် ချပ်ချင်းပြန်မဖြေသေးပဲ ခတ္တတိတ်ဆိတ်သွားသည် … ။ ပြီးမှ ခေါင်းကုတ်လိုက်ပြီး

" မမ ထမင်းစားခန်းထဲသွားမလို့လား "

ဟု မေးသည် … ။

" ဟုတ်တယ် … ဘာဖြစ်လို့လဲဟင် "

" ဟိုလေ … အစ်ကိုလေး က ဘယ်သူမှဝင်မလာစေနဲ့လို့မှာထားလို့ပါ … မမ လိုချင်တာရှိရင် အစ်ကိုလေး ထမင်းစားပြီးရင် ကျွန်မသွားယူပေးပါ့မယ် "

" သြော် … ရပါတယ် … မွန်း က ကောင်းကင် နဲ့ တွေ့ဖို့လာတာ … သူထမင်းစားနေတယ်ဆိုရင်လဲ ပြီးမှတွေ့တော့မယ် "

" ဟုတ်ကဲ့ မမ "

ထိုကောင်မလေး က မွန်း ကို နှုတ်ဆက်ပြီး နေရာမှထွက်သွားသည် … ။ ထိုကောင်မလေး ထွက်သွားသောအခါ မွန်း ထမင်းစားခန်းဆီသို့ အသာချောင်းကြည့်လိုက်သည် … ။ ထမင်းစားခန်းထဲတွင် ကောင်းကင် က မွန်း နှင့် စကားပြောခဲ့သည့် နေရာမှာပင်
ကျောက်ရုပ်ကဲ့သို့ မလှုပ်မယှက် ထိုင်နေသည် … ။

" အဆင်မှပြေရဲ့လားမသိဘူး "

မွန်း စိတ်ထဲမှတွေးလိုက်ကာ ထမင်းစားခန်းထဲဝင်ရန် ပြင်လိုက်သည် … ။

" ဟင် … ကောင်းကင် ငိုနေတာလားမသိဘူး "

မွန်း ကောင်းကင် နောက်ကျောကိုကြည့်ကာ တွေးလိုက်မိခြင်း ဖြစ်သည် … ။

(၅)

" ကောင်းကင် "

မွန်း ထမင်းစားခန်းအဝမှနေ၍ ကောင်းကင် ကို လှမ်းခေါ်လိုက်သည် … ။ မွန်း အသံကြားသောအခါ ယခင်က ငြိမ်သက်နေသော ကောင်းကင် ဆတ်ကနဲ လှုပ်ရှားသွားကာ နေရာမှထ၍ မွန်း ကို လှမ်းပြုံးပြကာ

" မွန်း … ရောက်နေတာကြာပြီလား "

ဟု မေးသည် … ။

" အင်း ကောင်းကင် … အဆင်ပြေရဲ့လား "

" ပြေပါတယ် … မွန်း ကျွန်တော့်ကိုဘာပြောမလို့လဲ "

ကောင်းကင် ပြောမှ မွန်း သတိဝင်လာကာ

" ဟုတ်သားပဲ … မွန်း တို့ခရီးထွက်မလို့ "

ဟု ပြောသည် … ။

" ခရီး … အင်း သွားလေ "

" ကောင်းကင် ပါ လိုက်ခဲ့လေ "

ကောင်းကင် က စဉ်းစားနေဟန်ဖြင့်

" ကျွန်တော်က ဘာဖြစ်လို့လဲ "

ဟု မေးသည် … ။

" မွန်း ရယ် … မွန်း ကိုကို ရယ် … အစ်ကို လရောင် ရယ် ပါမှာ … ကောင်းကင် ပါ လိုက်ရင်ပိုကောင်းတာပေါ့ "

မွန်း စကားအဆုံးတွင် ကောင်းကင် က ခေါင်းကုတ်လိုက်ပြီး

" ကျွန်တော်မလိုက်ချင်ဘူး မွန်း ရယ် "

ဟု ခပ်ညည်းညည်း ပြောလိုက်သည် … ။

" ဘာဖြစ်လို့လဲ ကောင်းကင် ရဲ့ "

" အင်း … ကျွန်တော်လိုက်ချင်စိတ်မရှိဘူးဖြစ်နေတယ် မွန်း တို့ပဲသွားကြပါ "

" ဒါပေမဲ့ … "

" ကျွန်တော်အပေါ်ထပ်တက်တော့မယ် "

ကောင်းကင် က မွန်း စကားမဆုံးခင် ဖြတ်ပြောလိုက်ပြီး ထမင်းစားခန်းထဲမှ ထွက်သွားသည် … ။

(၆)

" မွန်း ကို … ညီညီ က တကယ် အဲ့ဒီလိုပြောလိုက်တယ်ပေါ့ "

လရောင် က အံ့သြစွာ မေးလိုက်သည် … ။

" ဟုတ်တယ် … ကောင်းကင် ကို ကြည့်ရတာ တစ်ခုခုကို စိတ်ထိခိုက်သွားသလိုပဲ "

" အင်း … ခရီးသွားတာနဲ့ပတ်သက်ပြီး သူ့မှာ psycho ရှိတယ် … လက်ကလဲ ခရီးသွားတုံးကထိခိုက်မိတာဆိုတော့ လန့်နေတာဖြစ်မယ် … စိတ်မပူပါနဲ့ အစ်ကို ခေါ်ကြည့်လိုက်မယ် "

လရောင် က မွန်း လက်ကို ဆုပ်ကိုင်ပြီး ပြောလိုက်သည် … ။

" ဒါဆို မွန်း အိမ်ပြန်တော့မယ် "

" အစ်ကို လိုက်ပို့ပေးမယ်လေ "

" ရပါတယ် … အစ်ကို ကောင်းကင် ကိုသာ ဂရုစိုက် "

မွန်း က ပြောပြီး လရောင် ပါးကို ခပ်ဖွဖွနမ်းလိုက်သည် … ။

" ဖုန်းခေါ်လိုက်မယ် အစ်ကို "

ခြံထဲမှနေ၍ လှမ်းအော်ပြောလိုက်သော မွန်း ကို ကြည့်ကာ လရောင် နှစ်နှစ်ခြိုက်ခြိုက် ပြုံးလိုက်မိသည် … ။

(၇)

လရောင် ခပ်ဟဟပွင့်နေသော တံခါးကို ဖြတ်၍ ကောင်းကင် ၏ အခန်းထဲသို့ ဝင်လာခဲ့သည် … ။

" ညီ … ကောင်းကင် "

လရောင် အခန်းထဲတွင် ကောင်းကင် ၏ နာမည်ကို ခပ်ကျယ်ကျယ်ခေါ်လိုက်သည် … ။ သို့သော် တုံ့ပြန်မှု မရှိဘဲ ငြိမ်သက်နေသည် … ။ လရောင် အထိတ်တလန့်ဖြင့် အခန်းမီးကို ဖွင့်ကြည့်လိုက်သည် … ။ ရှုပ်ပွနေသောအိပ်ရာ နှင့် ဖတ်လက်စ စာအုပ်များကလွဲ၍ အခြားတစ်စုံတစ်ရာ ထူးခြားမှုမရှိ … ။

" ဒီကောင်လေး ဘယ်တွေများသွားနေပါလိမ့် "

လရောင် စိတ်ထဲမှတွေးလိုက်ကာ အောက်ထပ်သို့ဆင်း၍ ထမင်းစားခန်းထဲ ဝင်လာခဲ့သည် … ။

" ညီ … ကောင်းကင် "

တုံ့ပြန်သံမကြားရ … ။ သို့သော် … အမှောင်ထဲတွင် တစ်စုံတစ်ယောက် အသက်ရှူနေသံကို ကြားရသဖြင့် လရောင် မီးခလုတ်ကို ဖွင့်ကြည့်လိုက်သည် … ။

" ညီ … ကောင်းကင် "

လရောင် မီးဖွင့်ကြည့်လိုက်ရာ အရက်ပုလင်းခွံများ ရှုပ်ပွနေသည့် စားပွဲခုံပေါ်တွင် ခေါင်းမှောက်ကာ အိပ်ပျော်နေသော ကောင်းကင် ကို တွေ့လိုက်ရသည် … ။

" ဒီကောင်လေးတော့ကွာ "

လရောင် စိတ်ထဲမှပြောကာ ကောင်းကင် ကို အသာလှုပ်နှိုးလိုက်သည် … ။

" ညီ … ထ ထ … အခန်းထဲသွားရအောင် "

လရောင် နှိုးလိုက်သောအခါမှ ငြိမ်သက်နေသော ကောင်းကင် လှုပ်ရှားလာသည် … ။

" ကိုကို "

ကောင်းကင် က လရောင် ကို ခပ်တိုးတိုးခေါ်လိုက်သည် … ။

" အင်း … ဘာဖြစ်လို့လဲ ညီ "

" ကျွန်တော် အားလုံးရှေ့မှာ ဘာမှမဖြစ်သလို ဟန်ဆောင်နေရတာပင်ပန်းနေပြီ … ထပ်ပြီး ဟန်မဆောင်တော့လို့မရဘူးလား "

ကောင်းကင် စကားကြောင့် လရောင် တွေဝေသွားသည် … ။ သို့သော် ကောင်းကင် မရိပ်မိစေရန် ပြုံးလိုက်ပြီး စကားလမ်းကြောင်း လွှဲလိုက်သည် … ။

" ညီ … ပင်ပန်းနေရင်အိပ်တော့ … နိုးလာရင် အရာအားလုံးက အသစ်ဖြစ်နေလိမ့်မယ် … ညီလေး ရှေ့မှာ ကိုကိုတစ်ယောက်လုံးရှိတယ် ဘာမှစိတ်မပူနဲ့ "

" မေမေ့ ကို အရမ်းသတိရတာပဲ ကိုကို ရယ် "

ကောင်းကင် က ပြောပြီး စားပွဲခုံပေါ်တွင် ခေါင်းကိုပြန်မှောက်ချလိုက်သည် … ။

(၈)

" ညီ … မေမေ နိုးနေပြီ … သွားတွေ့လိုက်အုံး "

" ဟုတ်ကဲ့ … ကိုကို "

လရောင် စကားဆုံးသောအခါ ကောင်းကင် မိခင်ဖြစ်သူ အခန်းရှိရာသို့ ပြေးသွားသည် … ။

" မေမေ "

ကောင်းကင် မိခင်ဖြစ်သူကို ခေါ်ပြီး နဖူးကို ခပ်ဖွဖွနမ်းလိုက်သည် … ။

" သက်သာရဲ့လား မေမေ "

ကောင်းကင် ၏ မိခင်ဖြစ်သူ က ခပ်ဖွဖွပြုံးပြီး ခေါင်းညိတ်ပြသည် … ။

" သား ကိုကို ရော "

" အပြင်မှာရှိတယ် မေမေ "

" မေမေ့ဆီခဏလွှတ်လိုက်နော် "

" ဟုတ် "

ကောင်းကင် မိခင်ဖြစ်သူအား ပြန်ဖြေပြီး အခန်းအပြင်သို့ ထွက်လာခဲ့သည် … ။

" ကိုကို … မေမေ ခေါ်နေတယ် "

ကောင်းကင် မိခင်ဖြစ်သူထံ လရောင် ကို ခေါ်ပေးပြီး အခန်းအပြင်တွင် တိတ်ဆိတ်စွာ ရပ်နေမိသည် … ။

(၉)

" ညီ အဆင်ပြေရဲ့လား "

လရောင် က ကောင်းကင် ပုခုံးကို ခပ်ဖွဖွဖက်ပြီး မေးလိုက်သည် … ။

" ကိုကို "

" အင်း … ညီလေး "

" ကျွန်တော်တို့ မေမေ့ကို တကယ်ဆုံးရှုံးရတော့မှာလား "

ကောင်းကင် ပြောလိုက်သော စကားကြောင့် လရောင် တိတ်ဆိတ်သွားမိသည် … ။ သို့သော် ကောင်းကင် စိတ်ဓာတ်မကျစေရန် အတတ်နိုင်ဆုံး ပြုံးလိုက်ပြီး

" ပေါက်ကရ ညီ ရယ် … မေမေ ပြန်ကောင်းလာမှာပေါ့ "

ဟု ပြောလိုက်သည် … ။

" ကိုကို ကတိပေးလား "

" ပေးတယ် ညီလေး … တကယ်ဘာမှမဖြစ်စေရဘူး "

" ကိုကို့စကားကို ညီ ယုံမယ်နော် "

" အေးပါ … ညီ ရယ် "

လရောင် ပြန်ဖြေပြီး ကောင်းကင် ကို တင်းတင်းကြပ်ကြပ် ဖက်ထားလိုက်မိသည် … ။ ထိုစဉ် အရေးပေါ်ခေါင်းလောင်းသံ မြည်လာပြီး လူနာခန်းဆီသို့ ဆရာဝန် ဆရာမများ ပြေးလာကြသည် … ။

" ကိုကို "

" နေအုံး ညီ … ဘာဖြစ်တာလဲ ကိုကို သွားကြည့်အုံးမယ် "

လရောင် ကောင်းကင် ကို ပြောပြီး ဆရာဝန်များနောက်မှ ပြေးလိုက်သွားမိသည် … ။

(၁၀)

" ညီလေး ကို ကျွန်တော် ကောင်းကောင်းစောင့်ရှောက်ပါ့မယ် မေမေ "

လရောင် မိမိခန္ဓာကိုယ်ကို လာရောက်ထိကပ်လာသော အနွေးဓာတ်တစ်ခုကြောင့် မျက်စိများကို အားယူ၍ ဖွင့်ကြည့်လိုက်သည် … ။

" နိုးပြီလား ကိုကို "

ကောင်းကင် က စိုးရိမ်နေဟန်ဖြင့် လရောင် ကို မေးလိုက်သည် … ။

" ဦးဒေါက်တာကြီး သူများကျန်းမာရေးကိုပဲဂရုစိုက်နေတာ … ကိုယ့်ကိုယ်ကိုယ်ကျ စက်ရုပ်ထင်နေတယ် "

ကောင်းကင် က ပြောပြီး လရောင် နဖူးပေါ်တွင်တင်ထားသော ရေပတ်ဝတ်ကို ဖယ်လိုက်သည် … ။

" ကိုကို ဖျားနေတာလား "

လရောင် က လေသံဖြင့် မေးသည် … ။

" ဟုတ်ပ့ါဗျာ … ကျွန်တော်အတွေ့မြန်လို့ … ဒါတောင် အဖျားက ၁၀၄ ရှိတယ် … ညကြီးမိုးချုပ် ကိုကို က အပြင်ထွက်ပြီးဘာလုပ်နေတာလဲ "

ကောင်းကင် အမေးကို လရောင် က ချက်ချင်းပြန်မဖြေသေးပဲ စဉ်းစားနေသည် … ။ ပြီးမှ

" အင်း … ကိုကို အတွေးလွန်ပြီး အိပ်ပျော်သွားတာဖြစ်မယ် "

ဟု ပြောသည် … ။

" ညီ … ယော ကို ဖုန်းဆက်ခေါ်ထားတယ် ခဏနေလာလိမ့်မယ် … သူမလာခင်အထိတော့ ကိုကို နားနေအုံး "

" အင်း "

" ညီ မျက်နှာသွားသစ်လိုက်အုံးမယ် … ကိုကို ဘယ်မှမထပဲ လှဲနေ "

ကောင်းကင် က ပြောပြီး အခန်းထဲမှ ထွက်သွားသည် … ။

(၁၁)

" ဟိတ်ကောင်လေး … ရာသီဥတုကအေးတယ် အထဲမဝင်ပဲ အပြင်မှာဘာလုပ်နေတာလဲ "

ယော အိမ်အပေါ်ထပ်မှ ဆင်းလာလာချင်း အပြင်တွင်ထိုင်နေသော ကောင်းကင် ကို တွေ့သဖြင့် နှုတ်ဆက်လိုက်ခြင်းဖြစ်သည် … ။

" အေး ယော … ရောက်လာပြီလား "

ကောင်းကင် က ယော ကို ပြုံးပြပြီး ပြန်နှုတ်ဆက်သည် … ။

" အေးတယ်လေ အထဲဝင် … ရင်ကြပ်နေအုံးမယ် "

" အင်းပါ အခုမှထိုင်တာ … ဒါနဲ့ ကိုကို့ဆီသွားပြီးပြီလား "

ကောင်းကင် က စကားလမ်းလွှဲပြီး မေးလိုက်သည် … ။

" သွားပြီးပြီ "

" အခြေအနေဘယ်လိုလဲ "

" ဒီတိုင်းရိုးရိုးအအေးပတ်တာ … ငါ ဆေးထိုးပေးခဲ့တယ် "

" အေးပါ … ကျေးဇူးပဲကွာ "

ကောင်းကင် က ယော ပုခုံးကို ခပ်ဖွဖွပုတ်လိုက်သည် … ။

" ထားပါတော့ … မင်းကအပြင်ထွက်ပြီးဘာလုပ်နေတာလဲ "

" ငါလား … ငါ စဉ်းစားနေတာ "

" ဘာတွေဒီလောက်စဉ်းစားနေတာလဲ "

" မနက်ဖြန် မေမေ့နှစ်ပတ်လည်နေ့လေ … ငါ ဘာလုပ်ပေးရမလဲစဉ်းစားနေတာ … ငါအပြစ်ရှိနေသလို ခံစားရလို့ "

ကောင်းကင် အသံက ပြောရင်း တိမ်ဝင်သွားသည် … ။

" မင်းအပြစ်မရှိပါဘူးကွာ … မင်းအမေရှိနေတုန်းက မင်းကောင်းကောင်းဆက်ဆံခဲ့တာပဲ "

" ဒါပေမဲ့ … ငါနောက်ဆုံးနှုတ်စကားတောင်မပြောလိုက်ရဘူး "

" ကိုယ့်ကိုယ်ကိုယ်အပြစ်မတင်ပါနဲ့ကွာ … "

ကောင်းကင် က ပြန်မဖြေပဲ အသာခေါင်းညိတ်ပြသည် … ။

" အထဲဝင်ပြီးနားတော့ … တစ်ညလုံးမအိပ်ရသေးဘူးမဟုတ်လား … မနက်ဖြန်ငါလဲလိုက်ခဲ့ပေးမယ် "

" ကျေးဇူးပဲကွာ "

ကောင်းကင် က ပြောပြီး နေရာမှထသွားသည် … ။

290518851
Khons

Coin Marketplace

STEEM 0.23
TRX 0.21
JST 0.036
BTC 97927.80
ETH 3429.21
USDT 1.00
SBD 3.22