LEADER
ကျနော်တို့လူ့ပါတ်ဝန်းကျင်တွင် စိတ်ဓါတ်ပိုင်းဆိုင်ရာမှ အစပြုပြီး အသိပညာ,အတတ်ပညာ,ကိုယ်ကျင့်တရားနှင့် သိက္ခာပိုင်းဆိုင်ရာများတွင် ကျနော်တို့လို သာမန်လူများမှ အတုယူရသည့်တိုင်အောင် စံနမူနာထားရသည့် ပုဂ္ဂိုလ်များ အမြောက်အများရှိနေကြသည်ကို ဝမ်းသာဖွယ် တွေ့မြင်နေရပါသည်။ထိုသူများသည် နယ်ပယ်အသီးသီး နေရာဌာနအသီးသီးတွင်လည်း လက်အောက်ငယ်သားများအား ဦးစီးဦးဆောင်ပြုကြရမည့် ခေါင်းဆောင်ကောင်းများအဖြစ် သိက္ခာရှိစွာ ရပ်တည်နေကြသည်ကို တွေ့မြင်ရသည်မှာလည်း ဂုဏ်ယူဖွယ်ရာ ကောင်းလှပါသည်။ခေါင်းဆောင်ကောင်းတစ်ဦး၏ စွမ်းဆောင်ရည်များသည် လူသားတိုင်းမစွမ်းဆောင်နိုင်သော အရည်အသွေးများဖြစ်ပြီး လက်အောက်ငယ်သားများ အားကျအတုယူဖွယ် ရှိစေရန် ဖြောင့်မှန်သောစိတ်ဓါတ်မှအစ လုပ်ရည်ကိုင်ရည် နှင့်အသိပညာဗဟုသုတအဆုံး ပြည့်စုံကြွယ်ဝရန်လည်း လိုအပ်လှပါသည်။လူသားတိုင်း ခေါင်းဆောင်တစ်ဦးဖြစ်ရန် မလွယ်ကူနိုင်သလို လက်ရှိလူအများ အားကိုးအားထားပြုကြရသည့် ခေါင်းဆောင်များ၏ အချိန်အတိုင်းအတာတစ်ခုအထိ အပင်ပန်းခံကာ ကြိုးစားအားထုတ်ခဲ့ကြသည့် အရည်အချင်းများသည်လည်း အသိအမှတ်ပြု လေးစားဖွယ် ကောင်းလှပါသည်။
အထက်လူကြီးများကိုဖားပြီး လက်အောက်ငယ်သားများကို ဖိနှိပ်ကာ အုပ်ချုပ်နေကြသော,မိမိကိုယ်ကျိုးအတွက်သာကြည့်ပြီး ဘယ်သူသေသေ ငတေမာရင်ပြီးရောဟူသည့် စိတ်ဓါတ်များရှိနေကြသော,မိမိထက် အသိပညာမှအစ အစစအရာရာ အားနည်းနေကြသည့် လက်အောက်ငယ်သားများအား ဖေးမကူညီရမည့်အစား ဆီလိုအပေါက်ရှာသကဲ့သို့ အပြစ်မရှိအပြစ်ရှာကာ မိမိကိုယ်ကိုသာ ဂုဏ်ဖော်နေကြသော ခေါင်းဆောင်များ အများအပြားရှိနေကြသည့် ယနေ့ခေတ်ထဲတွင် သီလ သမာဓိ ပညာ နှင့်ပြည့်စုံကာ လက်အောက်ငယ်သားများကို ကျောသား ရင်သား မခွဲခြားဘဲ တရားမျှတစွာ ဦးစီးဦးဆောင်ပြုနေကြသည့် ခေါင်းဆောင်များလည်း အပြိုင်အဆိုင်ရှိနေကြသည်မှာ ကျနော်တို့အားလုံး အနာဂါတ်အတွက် ဝမ်းသာဖွယ်ရာ,အားကိုးအားထားပြုဖွယ်ရာ ဖြစ်နေပါသည်။
မည်သည့်အဖွဲ့အစည်း လုပ်ငန်းခွင်များတွင်မဆို ခေါင်းဆောင်နှင့် လက်အောက်ငယ်သား ဖေးမကူညီမှုရှိစွာဖြင့် နားလည်မှုလက်ကိုင်ထားကာ လုပ်ကိုင်နေမှသာ လုပ်ငန်းတစ်ခုသည် ပျော်ရွှင်ချမ်းမြေ့ စွာနှင့် ပြီးမြောက်နိုင်မည်ဖြစ်ပြီး တိုးတက်အောင်မြင်မှုများလည်း ရရှိနိုင်မည်ဖြစ်ပါသည်။"ရှေ့ဆောင်နွားလား ဖြောင့်ဖြောင့်သွားမှ နောက်နွားစဉ်ဆက် ဖြောင့်ဖြောင့်လိုက်မည်"ဟူသော စကားပုံရှိနေသော်လည်း မိမိသွားရာလမ်းစဉ်အတိုင်း ဖြောင့်မှန်စွာမလိုက်တတ်သော လမ်းမှားရောက်နေသော တပည့်များနှင့်ကြုံတွေ့ရပါကလည်း လမ်းမှန်ရောက်အောင်ပြုပြင်ပေးခြင်း မသိနားမလည်သောအရာများအား နားလည်သိရှိစေရန် သင်ကြားပေးခြင်း ရည်ရွယ်ရာအတိုင်း မစွမ်းဆောင်နိုင်သေးသော တပည့်များ၏ ရည်ရွယ်ချက် မျှော်လင့်ချက်များအား မြေတောင်မြှောက်ပေးခြင်းတို့ဖြင့် လက်အောက်ငယ်သားများ၏အနာဂါတ် လှပအောင်မြင်ရန် ပံ့ပိုးမြှင့်တင်ပေးမည့် ခေါင်းဆောင်များသည်လည်း လူ့အဖွဲ့အစည်းတွင် များစွာလိုအပ်ပါသည်။
ကျနော်တို့ငယ်စဉ်က မိဘဆရာသမားများပြောပြခဲ့သော ဗိုလ်ချုပ်၏ သမိုင်းကြောင်းထဲရှိ ခေါင်းဆောင်ကောင်းတစ်ဦးမှ မိမိထက်နိမ့်ပါးသူအပေါ်ထားရှိသော မြင့်မြတ်လှသည့် စိတ်ဓါတ်အား ထင်ဟပ်ဖော်ကျူးသည့်အဖြစ်အပျက်တစ်ခုကိုလည်း ကျနော်ထည့်သွင်းဖော်ပြခြင်ပါသည်။ထိုအကြောင်းအရာမှာ ခိုက်ခိုက်တုန်အောင်ချမ်းအေးလှသည့် ဆောင်းမနက်ခင်းတစ်ခုတွင် အနွေးထည်မပါဘဲ အကြော်ရောင်းနေသော အကြော်သည်ယောက်ကျားတစ်ဦးအား ဗိုလ်ချုပ်မှကရုဏာရှေ့ထားကာ မိမိဝတ်ထားသည့်အနွေးထည်အား ချွတ်ပေးပြီး အကြော်သည်အား နွေးထွေးစေရန် ဝတ်ထားခိုင်းသည့် အဖြစ်အပျက်တစ်ခုပင်ဖြစ်သည်။ကျနော်တို့ပါတ်ဝန်းကျင်တွင် လက်အောက်ငယ်သားများ၏ ဆင်းရဲဒုက္ခကို ခေါင်းဆောင်ကောင်းတစ်ယောက်အနေနှင့် လိုက်ပါခံစားပေးသော ဗိုလ်ချုပ်ကဲ့သို့ လေးစားအတုယူဖွယ် ကောင်းလှသောစိတ်ဓါတ်များရှိသည့် ခေါင်းဆောင်များလည်းရှိကြသလို လက်အောက်ငယ်သားများ စားဝတ်နေရေးအခက်အခဲဖြစ်ကြပ်တည်းနေချိန်မှာပင် ကားတဝီဝီအထည်တလဲစီးပြီး ဆီဥထောပတ်စားနေကြသော ခေါင်းဆောင်များ အများအပြားရှိနေကြသေးသည်ကိုလည်း စိတ်မကောင်းဖွယ်တွေ့မြင်နေကြရပါသည်။

ခေါင်းဆောင်တစ်ဦးအနေနှင့် မိမိကိုယ်ကျိုးကျန်ရစ်စေရန် တပည့်များအား အပြစ်မရှိအပြစ်ရှာ တပည့်များ၏တိုးတက်မှုလမ်းကြောင်းများလည်း ပိတ်ပင်ပြီး တပည့်တွေ ဘာလုပ်လုပ် အမှားဘက်ကသာ လိုက်ကြည့်ပြီး အပြစ်တင်ရှုံ့ချနေမည်ဆိုပါက ရှေ့ဆက်လျှောက်ပြီး ဦးစီးဦးဆောင်ပြုရမည့် လက်အောက်ငယ်သားများ၏ အနာဂါတ်သည်လည်း မလှပနိုင်သလို ကြိုးစားခြင်စိတ်လည်း ကုန်ဆုံးသွားနိုင်ပါသည်။နောင်တစ်ချိန်တွင် မိမိနေရာကို လက်ဆင့်ကမ်းဆက်ခံမည့် တပည့်များအား အသိပညာကြွယ်ဝအောင် အတတ်ပညာတိုးပွါးအောင် စိတ်ဓါတ်တွေ တည်ကြည်ခိုင်မာအောင် လမ်းညွှန်ပေးမှသာ တိုင်းပြည်အနာဂါတ်အတွက် လူတော်လူကောင်းများ အစဉ်အမြဲပေါ်ထွက်လာမည် ဖြစ်ပါသည်။ခေါင်းဆောင်များအနေနှင့် နည်းလမ်းမမှန် တရားမျှတမှုမဲ့နေပါက တိုင်းပြည်အနာဂါတ်အတွက် အရည်အချင်းရှိသူများ တဖြည်းဖြည်းဆုံးရှုံးရသလို တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရန်အတွက်လည်း များစွာထိခိုက်နစ်နာစေနိုင်ပါသည်။"ယနေ့လူငယ် နောင်ဝယ်လူကြီး"ဆိုသည့် စကားအတိုင်း ကျနော်တို့ လို လက်အောက်ငယ်သားများအားလုံးသည်လည်း မိမိကြိုးစားမှုအလိုက် နောင်တစ်ချိန်တွင် ခေါင်းဆောင်နေရာ,ဦးစီးဦးဆောင်ပြုရမည့်နေရာသို့ ရောက်သွားနိုင်မည်ဖြစ်၍ အရည်အချင်းရှိသော ခေါင်းဆောင်များနှင့်ကြုံတွေ့ရသည့် အချိန်များရှိလာပါက အတုယူပြီးလိုက်ပါကြိုးစားရန်လိုအပ်သလို မိမိကိုယ်တိုင်လည်း အချိန်ရှိခိုက် လုံ့လစိုက်ကာ အစဉ်အမြဲ အသိပညာဝမ်းစာများ ရှာဖွေစုဆောင်းသွားရန်လိုအပ်ပါသည်။ကျနော်တို့လို မြန်မာလူငယ်များအား လက်တွဲကူညီနေသော Steemit community မှ ဆရာများ,ခေါင်းဆောင်အစ်ကိုများနှင့် နယ်ပယ်အသီးသီး ဌာနအသီးသီးမှ အရည်အချင်းပြည့်ဝပြီး တရားမျှတစွာအုပ်ချုပ်နေကြသည့် ခေါင်းဆောင်များအားလုံးအား ဤဆောင်းပါးလေးဖြင့် ရေးသားဂါရဝပြုလိုက်ပါသည်။

Author: @thihakoko
MSC.034
10.11.2017
leader
ခေါင်းဆောင်
ခေါင်းမရှောင်ဖို့ အရေး
ရှေ့ဆောင်နွားလား ဖြောင့်ဖြောင့်
နောက်နွားတသိုက် ဖြောင့်ဖြောင့် လိုက်၏
집 에 오 다
집 에 오 다 = အိမ်ကို ပြန်လာသည်
nice writing
thanks ma pyae
ခေါင်းဆောင်ကောင်းက တစ်ကယ်အရေးကြီးပါတယ်ဗျာ
အမှန်တကယ် အရေးကြီးပါတယ် bro
ခေါင်းဆောင်နဲ့အရာရှိက မတူပါဘူးလေ
မတူညီပါဘူး ကိုစိုရေ
Good post
thank you
ဂါရပြုပါသည်
လေးစားလိုက်နာလို့
လူငယ်မှသည် လူကြီးဆီသို့
ချီတက်ကြပါစို့
ချီတက်ကြပါစို့ ကိုမိုးရေ
👏👏👏👏
good writing for us.
thanks konyi
ခေါင်းဆောင် ကောင်းက အဘက်ဘက်မှာ လိုအပ်တာပါ
နေရာတိုင်း အဖွဲ့စည်းတိုင်းအတွက် မရှိမဖြစ်ပါ ကိုသီဟရေ
good writing bro
thank you
ဒီ post လေးက creativity ဖြစ်တယ်၊ ဦးတည်ချက်၊ တင်ပြချက်နည်းလမ်းတကျ ရှိတယ်၊ creativity မို့ လိုအပ်ချက်တော့ရှိတာပေါ့၊ ဝေဖန်ချက်ဆောင်းပါး သီးခြား ရေးပေးမယ်။
ဟုတ်ကဲ့ဆရာ ကျေးဇူးတင်ပါတယ်ခင်ဗျ ။ စောင့်ဖက်ပါ့မယ်ဆရာ ။