ပြန်တမ်းတမိသော

in #myanmar8 years ago (edited)

"ပြန်တမ်းတမိသော"

Steemit Myanmar မှ သူငယ်ချင်းမိတ်ဆွေများအားလုံး မင်္ဂလာပါဗျ။ဒီနေ့ တစ်နိုင်ငံလုံး ဆယ်တန်းတွေဖြေတယ်ဆိုတော့ ဆယ်တန်းတုန်းကဖြတ်သန်းခဲ့ရတဲ့ဘ၀ကို ပြန်မြင်ယောင်လာမိပါတယ်။
image

ကျွန်တော် ဆယ်တန်းရောက်တော့ ရွာနဲ့ မြို့ပေါ်ကအထက်တန်းကျောင်းဟာ ၇မိုင်လောက်ဝေးပါတယ်။နေ့ဓဒူဝကျောင်းတက်ရမယ် ကျူရှင်တွေတက်ရမယ်ဆိုတော့လဲ တစ်နေ့တစ်နေ့ပင်ပန်းပြီးစာမလုပ်နိုင်မှာကြောင့် အိမ်ကမိဘတွေက မြို့ပေါ်မှာဘဲနေဖို့စီစဉ်ပေးကြပါတယ်။တစ်ခြားသူတွေလို ဆွေမျိုးရင်းချာကလဲမရှိတော့ အသိဘုန်းကြီးကျောင်းမှာနေပြီး ကျောင်းတက်ဖို့ ဖြစ်သွားပါတယ်။

ဘုန်းကြီးကျောင်းနေရတယ်ဆိုပေမယ့် ဘုန်းကြီးကစည်းကမ်းကြီးတော့ နေ့တိုင်း ၄နာရီခွဲဆိုထရပါတယ်။အဲအချိန်မှာ ကိုယ့်ထမင်းကိုချက်စားတာဆိုတော့ အိပ်ယာထတာနဲ့ ထမင်းတွေပြီးအောင်ချက်ရတာပေါ့။ဘုန်းကြီးကလာစားဆိုပေမယ့်လဲ ကိုယ်က ဘာမှမလုပ်ပေးဘဲနဲ့ မစားချင်တာကြောင့် ကိုယ်ကိုတိုင်ချက်စားတာလဲပါပါတယ်။ဒါပေမဲ့လဲ တစ်ခါတစ်လေ ကပ္ပိယကြီးဆီက တောင်းစားခဲ့ရတဲ့ ဟင်းပေါင်းအရသာကတော့ ဘာဟင်းနဲ့မှမတူးဘူးဗျ။ဒီလိုနဲ့ ၆နာရီခွဲလောက်ဆိုတာနဲ့ ကျူရှင်ကိုပြေးရတာပေါ့။၈နာရီလောက်ကျတော့ ဘုန်းကြီးကျောင်းပြန်လာပြီး ကျောင်းသွားဖို့အတွက် ပြင်ဆင်ရပါတယ်။ညနေဆိုကျောင်းကပြန်လာ ကျူရှင်ပြန်ပြေး ည၈နာရီလောက်မှ ဘုန်းကြီးကျောင်းပြန်ရောက်။ဒါတွေဟာ ဆယ်တန်းတုန်းက နေ့ဓဒူဝအလုပ်တွေပေါ့။
image
ဘုန်းကြီးကျောင်းနေတယ်ဆိုတော့လဲ ဘုန်းကြီးက တစ်နေ့သုံးကြိမ်လောက် ကျောင်းကိုပတ်ပြီး လိုက်ကြည့်တာ။အားနေလို့ ဆော့နေတာများတွေ့လို့ကတော့ တုတ်တစ်ချောင်းနဲ့လာရိုက်တာ။ကိုယ်တွေလဲ အရိုက်ခံရတဲ့အထဲပါခဲ့တာပေါ့ ။ကိုရင်တွေက စာဝါမတက်လို့ ကိုယ်တွေကျတော့ စာမကျက်လို့ဆိုပြီး ရိုက်တာ။မနက်ဆိုလဲ မနိုးဘဲ အိပ်နေလို့ကတော့ တောင်မွှေးကြီးနဲ့ တံခါးကိုလာခေါက်ပြီဆိုတာနဲ့ အကုန်လုံးကြောက်ကြောက်နဲ့ထရတော့တာဘဲ။တစ်ခါတစ်လေဘုန်းကြီးမရှိတဲ့ရက်များဆိုရင် ကြောင်မရှိတော့ ကြွက်သောင်းကျန်းသလိုပါဘဲ။ညနေဘက်ဆို ကိုရင်တွေကထမင်းစာတတ်တော့ သူတို့အတွက် ထမင်းပိုချက်ရတာကပါသေးဗျာ။ဒီအချိန်မှာပြန်တွေးရင်တော့ အမှတ်ရစရာတွေပါဘဲ။

ဆယ်တန်းတုန်းက သင်ရတာနောက်တစ်ခုရှိသေးတယ်ဗျ။ကျောင်းမဖွင့်ခင် နွေရာသီအချိန်ပေါ့။ကျူရှင်ကို ဦးစီဖွင့်တဲ့ဆရာက ကရာတေးမြန်မာ့လက်ရွေးစင်ဟောင်းဆိုတော့ ကျောင်းသားတွေစာတွေနဲ့ချည်းဆိုတော့ စိတ်ပင်ပန်းမှုကိုလဲလျော့အောင်ဆိုပြီး ကရာတေးကို ၁နေ့ ၁နာရီသင်ရတယ်ဗျ။အဲဒါက သင်တန်းချိန်တစ်ခုအနေနဲ့ထည့်ပေးထားတာပေါ့ဗျာ။အခြေခံလေးတွေတော့ရလိုက်တာပေါ့။ကျောင်းဖွင့်တော့ အချိန်နည်းသွားတော့ မသင်ပေးနိုင်တော့ဘူးပေါ့ဗျာ။ဆယ်တန်းတုန်းကအမှတ်တရတွေထဲက တစ်ခုပါဘဲ။

ဒီလိုနဲ့ ဆယ်တန်းဖြေဖို့ ၁လလောက်လိုတဲ့အချိန်ကျတော့ စာတွေကများ နွေရာသီကအစ သစ်ရွက်တွေကကြွေ စိတ်တွေက ရူးချင်ချင်ဖြစ်လာပြီ။ညနက်တဲ့အထိစာတွေလုပ်ရတော့ အိပ်ရေးတွေမ၀၊အစားအသောက်တွေပျက် ဒီလိုအခြေအနေတွေကို ကျောင်းသားတိုင်းကြုံတွေ့ ရတဲ့အခက်အခဲတွေပါဘဲ။ဒီအချိန်မှာပြန်စဉ်စားရင်တော့ အခုဖြေကြမဲ့ကျောင်းသားတွေကိုလဲ စာနာမိပါတယ်။ အဲဒီအခက်အခဲ ဒုက္ခတွေကလဲ စားမေးပွဲနောက်ဆုံးရက်ဆိုရင် ယူပြစ်သလိုပျောက်သွားတာပါဘဲ။ အခုဆယ်တန်း စားမေးပွဲကို ဖြေမယ့် ညီငယ် ညီမငယ်တွေလဲ အကောင်းဆုံး ကြိုးစားမှုတွေနဲ့ ဖြေနိုင်ကြပါစေဗျာ။တိုက်ဆိုင်မှုကြောင့် ဆယ်တန်းတုန်းကဘ၀လေးကို ပြန်လည်တမ်းတရုံသာ ရေးခြင်းပါ…….။

အားလုံးကိုကျေးဇူးတင်ပါသည်။
image

Photo Credit: Google Image
Writer- Thant Zin Soe (@tharpauk)
MSC 134

Sort:  

စာမေးပွဲခန်းထဲရောက်တော့အစကမေ့။ချာလပတ်ရမ်း။ဟိဟိ။ခေါင်းတွေမူး။ပြီးတဲ့နေ့ကျတော့မုန့်ဖိုးတောင်းဖြေနိုင်နိုင်မဖြေနိုင်နိုင်။

အဲလိုတွေ များသောအားဖြင့် ကြုံရပါတယ် အိမ်သာသွားချင်သလိုလိုလဲဖြစ်တယ် hee hee

ကျွန်တော်တို့ ဆယ်တန်းဖြေတုန်းက ရွာကနေ မြို့နယ်ရှိရာကို သွားဖြေရတာဗျ ။ ထမင်းတွေဘာတွေစားတော့ ဆိုင်မှာစားတာပေါ့ဗျာ။ အဲဒါ သင်္ချာဖြေမဲ့နေ့က ထမင်းဆိုင်က ရေဘူးနဲ့ ထန်းရေဘူး မှားချထားတာလေ ။ ဘယ်ရမလဲ ကျွန်တော်တို့လည်း မပြောပဲ ကစ်ပစ်လိုက်တာပေါ့ မူးကြောင်ရူးကြောင်နဲ့ စာမေးပွဲသွားဖြေတာ အောင်တော့အောင်လိုက်တယ်ဗျို့။ ကိုသားပေါက်ရေးမှပဲ ဆယ်တန်းကျောင်းသားဘဝကို သတိရတယ်ဗျို့။ဗရုတ်ကျခဲ့တာလေ။

တော်တယ်ဗျာ မှာသောက်တာတောင်ဖြေနိုင်တယ်ဆိုတော့ မှားမသောက်ရင်ပြောမနေနဲ့တော့ ဟုတ်တယ်မလား hee hee

ကိုယ်တွေတုန်းကပညာသင်ဖို့အခက်အခဲတွေကိုလက်တွေ့ကျကျရင်ဆိုင်ရပုံတွေကိုတင်ပြရင်း..အခုခေတ်ကလေးတွေအနေနဲ့သိအောင်၊အပိုင်းလေးခွဲပီးရေးပါလား။ကျမလဲရေးမယ်။အတွေ့အကြုံတမျိုးစီဝေဌကြတာပေါ့။

ခုလိုထောက်ပြတဲ့အတွက် ကျေးဇူးပါဗျ

You got a 0.68% upvote from @mercurybot courtesy of @tharpauk!

ကျောင်းနဲ့အိမ်ဝေးတဲ့ ဒုက္ခ မသေးလှဘူးဗျ

ဟုတ်တယ်မစုရေ

ဪ...သူလည်း ကိုဟိန်းတို့လိုပဲ ကျောင်းသားဘဝ ပြန်တမ်းတနေပြန်တာပဲ
ကျနော်တောင် ပြန်သတိရမိနေရပြီ😞😞😞

တိုက်ဆိုင်သွားလို့ပါဗျ

Coin Marketplace

STEEM 0.04
TRX 0.32
JST 0.076
BTC 63447.16
ETH 1663.05
USDT 1.00
SBD 0.42