ဂဏာန်း

in #myanmar8 years ago

အိမ်ထောင်ပြုရန်စိတ်မဝင်စားသော သားဖြစ်သူအား မိဘများက မိန်းမယူရန်အတင်းတိုက်တွန်းသည်။ သားဖြစ်သမှာ အသက်သာကြီးလာပြီး ယခုအထိ ရည်းစားပင်မထားဖူးသောကြောင့် မိဘများက စိတ်ပူနေသည်။အသက်က အတော်လေးရလာသောကြောင့် အိမ်နီးနားချင်းမျတ်ဆွေဖြစ်သူ၏ သမီးကလေးမေရီနှင့်နေရာချထားပေးဖို့ သားဖြစ်သူကို စည်းရုံးရသည်။ မိဘများမှာလည်း အသက်ကြီးလာပြီဖြစ်သောကြောင့် မြေးချီချငိနေပြီ။
ဖြစ်သည်။ မိဘများ၏အလိုသဘောကို မဆန့်ကျင်ချင်သည့်အဆုံး သားဖြစ်သူက မေရီနှင့် လက်ထပ်ဖို့ စဉ်းစားပေးပါမည်ဟု ကတိပေးလိုက်သည်။ တနေ့တော့ ဖခင်ဖြစ်သူက အကြံတခုရသည်။ သားဖြစ်သူကို နည်းအသစ်ဖြင့် စည်းရုံးမည်ဟူသော စိတ်ကူးဖြင့် ဖခင်ဖြစ်သူက ဂဏာန်းအကြီးကြီးတကောင်ဝယ်ကျွေးသည်။ ဂဏာန်းကိုမြင်မြင်ချင်း သားဖြစ်သူက စိတ်ပျက်သွားတော့သည်။
'' အာာ အဖေကလည်း သားမှဂဏာန်းမစားတတ်တာ''
'' ဒီမယ်သား မိန်းမယူတော့မယ်လို့စဉ်းစားရင် မင်းမကြိုက်တာကြိက်တာ စားတတ်တာ မစားတတ်တာတွေအပေါ်မှာ စောဒကတက်ခွင့်မရှိဘူး။ စားကိုစားရတော့မယ်။ ဒါသင်ခန်းစာအမှတ် ၁ ပဲ။ ''
သားဖြစ်သူမှာ ကြိတ်မှိတ်သည်းခံကာ ဂဏာန်းကိုစားဖို့ပြင်သည်။
'' အဲ့ဒါကြောင့် မိန်းမ မယူချင်ဘူးပြောတာပေါ့အဖေရာ ''
ဖခင်ဖြစ်သူက သားစကားကို မကြားဟန်ပြုကာ စကားဆက်ပြောသည်။
'' ငါ့သားမှတ်ထားကွ မိန်းမယူတယ်ဆိုတာ ဂဏာန်းစားရသလိုပဲ။ ကြည့်တော့သာ အကောင်ကြီးကြီး အသားပြည့်ပြည့် ။ တကယ်တမ်းကျတော့ စားရတာကတဝက် ပစ်ရတာကတဝက်ပဲ။ ဒါကိုလည်း မင်းလက်ခံရလိမ့်မယ် ။ မင်းက ဂဏာန်းစားရတော့မှာကိုး။ ''
သားဖြစ်သူမှာ အတော်လေးစိတ်ညစ်သွားသည်။
'' အဖေတို့ ဘာသဘောနဲ့ မိန်းမယူခိုင်းရတာလဲ မစဉ်းစားတတ်အောင်ပဲ။ '' သို့သော် စားကိုစားရတော့မည်ဖြစ်၍ ဗန်းအကြီးကြီးထဲက ဂဏာန်းအကြီးကြီးကို ကိုင်ဖို့ပြင်သည်။
'' အင်းး ငါ့သားက အခုမှ ဂဏာန်းစစားတော့ ဘယ်ကဘယ်လိုကိုင်ရမှန်းမသိသေးဘူးကိုး။ မှတ်ထားအုံးငါ့သား။ မိန်းမယူတယ်ဆိုတာ ဂဏာန်းစားရသလိုပဲ။ ဘယ်ကဘယ်လိုကိုင်ရမှန်းမသိရင် ဘယ်လိုစစားရမှန်းမသိရင် ဂဏာန်းရဲ့အရသာကို အပြည့်အဝမခံစားရနိုင်ဘူး။ ဒီမှာကြည့် အရင်ဆုံး ခြေထောက်တွေကို ချိုးပစ်လိုက်ရတယ်။ ''
ဖခင်ဖြစ်သူက ဂဏာန်းခြေထောက်တချောင်းကို ဂျွတ်ကနဲချိုးရင်း စကားပြောသည်။ ကျန်ခြေထောက်များကိုလည်း တဂျွတ်ဂျွတ်ဖြင့်ချိုးရင်း သားဖြစ်သူမျက်နှာကိုလည်း အကဲခတ်လိုက်သည်။
'' အဖေရာ ဒီလိုအဆူးမာတွေများတဲ့ ဂဏာန်းကို ဘယ်လိုလူတွေများကြိုက်ကြသလဲ။ သားတော့ အတော်စိတ်ညစ်တာပဲ။ ချိုးရတာလည်း မာသေး။ အဆူးစူးမှာလည်းကြောက်ရသေး။မိန်းမယူတာဟာ ဂဏာန်းစာသလိုဆိုရင်ဖြင့် သားတော့ ထွက်ပြေးမိမလားပဲ ''
ထိုအခါ ဖခင်မှ ခပ်ပြုံးပြုံးဖြင့် ခေါင်းညိတ်သည်။ ပြီးနောက် ကပ်ကြေးဖြင့် ခြေထောက်တချောင်းကိုခွဲ၍ အထဲမှ ရှောကနဲထွက်လာသောအသားမျှင်တုံးကြီးကို သားဖြစ်သူအားပေးလိုက်သည်။
'' စားကြည့်စမ်းသား။ မိန်းမယူတယ်ဆိုတာ ဂဏာန်းစားရသလိုပဲ။ ဘယ်လိုခွာရမယ်ဆိုတဲ့ ကိုင်ပုံကိုင်နည်းသိရင် ချိုမြိန်ခြင်းကိုလည်း ခံစားရလိမ့်မယ်။ စားကြည့်လိုက်စမ်းသား ''
သားဖြစ်သူက ဂဏာန်းခြေထောက်ထဲမှ အသားမျှင်ကို တကိုက်ကိုက်လိုက်သည်။ ပြီးနောက်နောက်တကိုက် ကိုက်ကြည့်သည်။ ခေါင်းခါသည်။
'' အဖေရာ ပုစွန်ထုတ်အရသာနဲ့ ဘာမှလည်း မကွာပါဘူး။ ဒါနဲ့များ ဘာကြောင့် ခက်ခဲတဲ့အလုပ်ကို လုပ်နေမတုန်း။ ''
ဖခင်ဖြစ်သူက ဘာမှပြန်မပြောဘဲ နောက်ထပ်ခြေထောက်တချောင်းကို သားဖြစ်သူအားထပ်ပေးလေသည်။ ဒီတခါတော့ဖြင့် ရှာလကာရည် ကြက်သွန်ဖြူ ငြုပ်သီးစိမ်းထောင်းတို့ဖြင့် အချိုးကျဖော်စပ်ထားသော အချဉ်ရည်နည်းနည်းတို့ပေးလိုက်သည်။ သားဖြစ်သူမှာ ထူးကဲလှသော အရသာကြောင့် မျက်စိများပင်ပြူးကျယ်သွားတော့သည်။
'' အိုးး ဒီလိုတော့လည်း အရသာက ထူးတာပဲဗျို့။ အချဉ်လေးနဲ့မှ အရသာပေါ်တာကိုးအဖေရ ။ ဒါပေမယ့် ပစ်ရတဲ့ အခွံတွေကများတော့ ဂဏာန်းစားရတာ မတန်ပါဘူးအဖေရာ။ မိန်းမ မယူလို့ မရဘူးလားဟင် ''
ထိုသို့ပြောပြီးနောက် သားဖြစ်သူသည် ခြေထောက်များကို တချောင်းပြီးတချောင်း သူ့ဘာသာသူခွဲစားလေသည်။ ပါးစပ်နဲ့ဂဏာန်း အဆက်မပြတ်စားနေသော သားဖြစ်သူအားကြည့်၍ ဖခင်က ကျေကျေနပ်နပ်ပြုံးသည်။
'' ဒီမယ်ငါ့သား မိန်းမယူတယ်ဆိုတာ ဂဏာန်းစားသလိုပဲ။ ဂဏာန်းအကောင်လိုက်ကြီးကိုမြင်ပြီး ကန့်လန့်သွားနေတဲ့အကောင်အဖြစ်မြင်မယ်။ အဆူးတွေနဲ့ဘယ်လိုစားရမလဲလို့ထင်မယ်။ အခွံတွေဒီလောက်မာတော့ အထဲမှာ အသားမရှိဘူးလို့လည်း ထင်မယ်။ တကယ်တမ်းစားကြည့်တော့လည်း ပစ်ရတာကတဝက် စားရတာကတဝက်လို့မြင်မယ်။ ပစ်ရတဲ့ အခွံဖိုးကို ဆိုင်ရှင်ဆီကနေ ပြန်တောင်းလို့မရတော့ မတန်ဘူးလို့ ထင်မယ်။ ဒါပေမယ့်ငါ့သား မှတ်ထား။ ဒါဟာ ကိုယ်ဝယ်စားလိုက်တဲ့ ဂဏာန်းရဲ့ ကောင်းမွေဆိုးမွေပဲ။ အဲ့တော့ စားလိုက်ရတဲ့ အသားရဲ့အရသာကြောင့် ပစ်လိုက်ရတဲ့အခွံတွေကို လူတွေက မမြင်တတ်ကြတော့ဘူး။ အဓိကက ကိုယ်ဝယ်စားလိုက်တဲ့ ဂဏာန်း ကိုယ်ရွေးခြယ်လိုက်တဲ့ဂဏာန်းဟာ စံချိန်မီဖို့တော့လိုတာပေါ့ကွာ။ ကဲရော့ရော့ အသားတွေပြည့်နေတဲ့ ဂဏာန်းကိုယ်ထည်ကို စားကြည့်ပါအုံး။ ဥတွေအသားတွေပြည့်နေတဲ့ ကိုယ်ထည်ကိုစားပြီးသွားရင်တော့ ပစ်လိုက်ရတဲ့အခွံတွေအတွက် မတန်ပါဘူးလို့ မင်းပြောမှာမဟုတ်တော့ဘူး။ နောက်ပြီးရင် တခြားလူတွေကိုလည်း ဂဏာန်းစားကြည့်ပါလို့ မင်းတိုက်တွန်းတော့မှာ ''
သားဖြစ်သူမှာ ဖခင်စကားကိုပင် မကြားတော့သည့်အလား ဏာန်းကို သဲကြီးမဲကြီးစားနေလေသည်။
ဖခင်ဖြစ်သူက အောင်နိုင်သောအပြုံးဖြင့်ပြုံးပြီး သားဖြစ်သူအား ကြည့်လိုက်လေသည်။ ထို့နောက် အချဉ်ရည်ခွက်အားသားရှေ့ကိုတိုးပေးပြီး သားအားမေးလိုက်လေသည်။
'' မင်း အဖေတို့သဘောကျတဲ့ မိန်းကလေးကို ယူတော့မယ်မဟုတ်လားငါ့သား ''
သားဖြစ်သူမှာ ပြုံးဖြီးဖြီးကြီးဖြင့် ထိုသို့ပြန်ပြောလိုက်လေသည်။
'' မိန်းမယူတယ်ဆိုတာ ဂဏာန်းစားရသလိုပဲဆိုရင်ဖြင့် ဒီလကုန်စီစဉ်ပေးပါတော့ဗျာ '' တဲ့လေ။

စုမွန်သွယ်
MSU - 057

Photo credit - http://www.rubensgrocery.com/alaskan-king-crabs/

King Crab.jpg

Sort:  

ပညာပေးအရမ်းတော်တဲ့ အဖေ

ဟား ဟား ဟား တယ်တော်တဲ့ အဖေပါလား ဗျာ
ဒါပေမဲ့ ကိုယ်ရောဂါနဲ့ ကိုယ်မို့လားမသိ သတ်ပုံ တွေက ထောက်ထောက်နေတယ်

သတ်​ပုံ​လေး ဂရုစိုက်​ရင်​ ပိုပြီး ​ကောင်းမွန်​သွားမယ်​ ထင်​မိ..

ဒီ ပိုစ့်ဖတ်​ပြီး ကျွန်​​တော်​ ဆုံးဖြတ်​လိုက်​ပြီ။
ငယ်​ငယ်​က​နေကြာ​စေ့ခွာရမာပျင်းလာရင်​အခွံမခွာပဲအကုန်​စားပြစ်​တတ်​တဲ့ အကျင့်​ရှိတယ်​။
ဂဏာန်းကိုလဲအ​ကောင်​လိုက်​မျိုချ​တော့မယ်​။
😂
#good idea

ပထမ ပ၇ိုမိုးရှင်းအတွက်ရေးထားတဲ့ပိုစ်က ရက်လွန်သလောက်ဖြစ်နေလို့ အသစ်ကိုအမြန်ပြန်ရေးချလိုက်ရလို့ ပြန်မစစ်အားဘူးဖြစ်သွားတာပါ။ သီးခံဖတ်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ် ရှင့် :)

ဖတ်​ရတာအရမ်း​ကောင်းပါတယ်

Coin Marketplace

STEEM 0.05
TRX 0.32
JST 0.082
BTC 65746.89
ETH 1791.48
USDT 1.00
SBD 0.44