France vs Croatia review

in #busy8 years ago

ကမ္ဘာပေါ်မှာ ဘောလုံးနဲ့ ပတ်သက်ပြီး အကြီးမားဆုံး အားကစားပြိုင်ပွဲကြီးလဲဖြစ် ၊ လေးနှစ်မှသာ တစ်ကြိမ် ကျင်းပတဲ့ ကမ္ဘာ့ဖလား ပွဲကြီးရဲ့ ဖိုင်နယ်ကတော့ ရောက်ရှိလာပါပြီ။ ပြင်သစ်နဲ့ ခရိုအေးရှားဆိုတဲ့ ကမ္ဘာ့အကောင်းဆုံး နှစ်သင်းဟာ ကမ္ဘာပေါ်မှာ ဘယ်အသင်းက အကောင်းဆုံးလဲ ဆိုတဲ့ ပုစ္ဆာကို ရုရှားနိုင်ငံ မော်စကိုမြို့တော်ရဲ့ လုဇ်နီကီ ကွင်းကြီးထဲမှာ တနင်္ဂနွေနေ့ည (၉း၃၀)နာရီ အချိန်မှာ အဖြေညှိကြတော့မှာပါ။
ခရိုအေးရှားဟာ ဒီကမ္ဘာ့ဖလားမှာ (၁၂)ဂိုးသွင်းပြီး (၅)ဂိုး ပြန်ပေးခဲ့ ရပါတယ်။
ပြင်သစ်ကတော့ အုပ်စု(C)မှာ ဒိန်းမတ်၊ပီရူး ၊သြစတြေးလျ အသင်းတို့ကို ကျော်ဖြတ်ခဲ့သလို ရှုံးထွက်အဆင့်မှာ နာမည်ကြီး အာဂျင်တီးနား၊ ကွားတားမှာ ဥရုဂွေး၊ ဆီမီးမှာ ဘယ်လ်ဂျီယန်လို အသင်းကောင်းကို တစ်ဂိုးထဲနဲ့ ကျော်ဖြတ်ခဲ့ပါတယ်။
ဖိုင်နယ်အထိ (၆)ပွဲမှာ တိုက်စစ်က (၁၀)ဂိုး သွင်းထားနိုင်ပြီး (၄)ဂိုး ပြန်ပေးထားရပါတယ်။
ဖြတ်သန်းလားပုံတွေအရ ခရိုအေးရှားနည်းပြ ဇလက်ကိုဒဲလစ်ဟာ (၄-၁-၄-၁)ကစားကွက်နဲ့ ခင်းကျင်းဖွယ် ရှိနေပြီး ပြင်သစ် နည်းပြကြီး ဒေးရွှန့်ကတော့ (၄-၂-၃-၁) ပုံစံမျိုး ပွဲထုတ်ဖွယ် ရှိနေပါတယ်။ ဂိုးသမား နေရာမှာ ခရိုအေးရှားရဲ့ ဆူဘာဆစ်ဟာ ပွဲချိန်တွင်း ရော ပယ်နယ်တီ ကာကွယ်မှုတွေမှာပါ အကောင်းဆုံး ဆိုတဲ့ အနေထားမှာ ရှိနေပါတယ်။ ထို့အတူ ပြင်သစ်ရဲ့ လောရစ်ကလည်း တည်ငြိမ်မှု ရှိပြီး လက်စွမ်းလည်း ကောင်းမွန်ပါတယ်။ နောက်တန်းမှာ ဗီဒါ၊ စထရီနစ်နဲ့ လိုဗာရန်တို့နဲ့ စုဖွဲ့ထားတဲ့ ခရိုအေးရှားနဲ့ ပြင်သစ်ရဲ့ ဗာရန်း-အမ်တီတီ၊ ဟာနန်ဒက်ဇ်နဲ့ ပါဗတ် တို့လူစုဟာ စုစည်းမှုကောင်းနေတာ အထင်ကြီးစရာ စွမ်းဆောင်ရည်တွေ ပြသထားပါတယ်။
ကွင်းလယ်မှာတော့ ရာကီတစ်-မိုဒရစ် စတဲ့ ခရိုအေးရှားရဲ့ ဘာဆာ-ရီးယဲလ် ကွင်းလယ်အတွဲဟာ ထိပ်တန်းအဆင့် ရှိနေပါတယ်။ ပြင်သစ် ကွင်းလယ်မှာလည်း ပေါ့ဂ်ဘာ-ကန်တေ တို့ဟာ အဖျက်ရော ကစားကွက် ဖန်တီးမှု အပိုင်းပါ အတွဲ ညီညီနဲ့ အကောင်းဆုံး ကစားပြ နိုင်တဲ့ ပြီးပြည့်စုံတဲ့ ကွင်းလယ် အတွဲမျိုးပါ။
ခရိုအေးရှားရဲ့ တိုက်စစ်မှာ ပါရီဆစ်၊ရီဘစ်နဲ့ မန်ဇူကစ်တို့ဟာ အချိတ်အဆက် မိမိနဲ့ ကစားနိုင်သလို အတိုး-အလှုပ်တွေနဲ့လည်း ပြိုင်ဘက် ခံစစ်ကို တောက်လျှောက် ဖြိုခွဲနိုင်ပါတယ်။ ပြင်သစ်မှာလည်း ဂျရူးက လွဲလို့ လျင်မြန်ပြီး ဂိုးသွင်းသေချာတဲ့ လိပ်နင်ဂျာလေး ဘာပေးနဲ့ ခြေစွမ်းအကောင်းဆုံး ဖြစ်နေတဲ့ ဂရက်ဇ်မန်းတို့ ကို ပိုင်ဆိုင် ထားပါတယ်။
ခရိုအေးရှားဟာ တိုက်စစ်မှာ စထရီနစ်၊ ပါရီဆစ်နဲ့ မန်ဇူကစ်တို့ရဲ့ ဘယ်တောင်ပံကို အားကိုးပြီး တိုက်စစ်ကို ဘယ်တောင်ပံ ဘက်က ပြုလုပ်ထားပါတယ်။ ပါရီဆစ်ရဲ့ အလိမ်အခေါက်၊ မန်ဇူကစ်ရဲ့ အတွေ့အကြုံ ရင့်ကျက်မှုနဲ့ အဆုံးသတ် တည်ငြိမ်မှုတွေဟာ ပြိုင်ဘက် ခံစစ်အတွက်တော့ အိပ်မက်ဆိုးတွေပါပဲ။
ပြင်သစ် ဘက်ကို ကြည့်ရင်လည်း ပါဗက်၊ဘာပေး၊ ဂရက်ဇ်မန်းတို့ ချိတ်ဆက်ထားတဲ့ ညာတောင်ပံကနေ အဓိက တိုက်စစ် လမ်းကြောင်းကို တိုက်စစ် စတင်ခဲ့ပါတယ်။
ဒါကြောင့် ခရိုအေးရှားက ဘယ်တောင်ပံ၊ ပြင်သစ်က ညာတောင်ပံ အားသာတဲ့အတွက် ဒီပွဲမှာ နှစ်သင်း အားသာတဲ့ နေရာနှစ်ခု ထိပ်တိုက် တွေ့နေပါတယ်။ ပါရီဆစ်ကို ထိန်းရမယ့် ပြင်သစ် ဖူးလ်ဘက် ပါဗက်ရော ဘာပေးကို မလွတ်တမ်း လူကပ်ရမယ့် ခရိုအေးရှား ဖူးလ်ဘက် ထစရီနစ်ပါ တိုက်စစ် ပံ့ပိုးခွင့် သိပ်ရမှာတော့ မဟုတ်ပါဘူး။ ဒီလို အနေထားမျိုးမှာ နှစ်သင်း ကွင်းလယ်ပိုင်းရဲ့ လုပ်ရည်ကိုင်ရည်က ဘယ်အသင်း ပွဲကို ထိန်းချုပ် ခွင့်ရသွားမလဲဆိုတာကို ဆုံးဖြတ် ပေးပါလိမ့်မယ်။
ပေါ့ဂ်ဘာဟာ ကွင်းလယ်ကနေ ဘောလုံးလက်ခံပြီး ဂရက်ဇ်မန်း ပြိုင်ဘက် ခံစစ်ကြောင်း ထဲနေရာယူလို့ရအောင် တိုက်စစ်ကို လိုက်ပါ ချိတ်ဆက်ပေးတယ်။ ဂရက်ဇ်မန်း ပြိုင်ဘက် ခံစစ်ကြာင်းထဲ ညပ်နေရင် တောင်ပံဘက်က ဘာပေးဆီ တိုက်ရိုက် ဘောလုံးပေးပို့တယ်။ အခုဖိုင်နယ်ပွဲဟာ ပြင်သစ်နဲ့ ခရိုအေးရှားရဲ့ ကမ္ဘာ့ဖလားလုပွဲသာ မကပဲ ဘာပေးနဲ့ မိုဒရစ်ရဲ့ ရွှေဘောလုံးဆု ပြိုင်ဆိုင်ပွဲလည်း ဖြစ်နေတာကြောင့် ပိုမို စိတ်လှုပ်ရှားစရာ ကောင်းနေပါတယ်။ဒီကမ္ဘာ့ဖလားပွဲမှာ ပြင်သစ်က ရှုံးထွက်ပွဲစဉ် (၃)ပွဲလုံးကို မိနစ် (၉၀)အတွင်း အပြတ်ဖြတ်နို်င်ခဲ့ပြီး ခရိုအေးရှားကတော့ အဆိုပါ (၃)ပွဲလုံးကို မိနစ် (၁၂၀)အပြည့် ကန်ခဲ့ရသလို နှစ်ပွဲကိုတော့ ပယ်နယ်တီ အဆုံးအဖြတ်နဲ့ကျော်ဖြတ်ခဲ့တာပါ။ ဖိုင်နယ်ပွဲ မတိုင်မီမှာလည်း ပြင်သစ်ဟာ နားရက် တစ်ရက် ပိုရထားတာကြောင့် ခရိုအေးရှားက ပွဲပိုပမ်းနေပါတယ်။ အစဉ်အလာ ပိုင်းမှာလည်း အခု ဖိုင်နယ်ဟာ ပြင်သစ်အတွက် နောက်ဆုံး ကမ္ဘာ့ဖလား (၆)ကြိမ်အတွင်း (၃)ကြိမ်မြောက် ဖိုင်နယ် တက်ခဲ့တာလည်း ပြီး ခရိုအေးရှား အတွက်တော့ ဒါဟာ ပထမဆုံး ဖိုင်နယ်ပါ။
images.jpeg
photo credit - http://bit.ly/2zCz4Bm

Coin Marketplace

STEEM 0.04
TRX 0.32
JST 0.101
BTC 62489.76
ETH 1781.01
USDT 1.00
SBD 0.38