Buddha's Teachings

အပိုင်း (၁) အမည်ထူးခြားသည့် ကျမ်းတစ်စောင်

အမည်ထူးခြားသည့် ကျမ်းတစ်စောင်သည် မြန်မာ့စာပေ သမိုင်းတွင်လည်းကောင်း ဗုဒ္ဓစာပေ သမိုင်းတွင်လည်းကောင်း ပေါ်ထွန်းလာခဲ့ဘူးပါ၏။
ထေရဝါဒဗုဒ္ဓစာပေများ ပေါ်ထွန်းခဲ့ရာ ဣန္ဒိယပြည်နှင့် သီရိလံကာနိုင်ငံများတွင် ပေါ်ပေါက်ခဲ့သည် မဟုတ်ပါ။ မြန်မာနိုင်ငံတွင်သာ ပေါ်ပေါက်လာခဲ့ပါ၏။
ထိုကျမ်းစာမှာ ပရိတ္တဋီကာ ကျမ်းပင် ဖြစ်ပါသည်။

အမည်ထူးခြားပုံကို အနည်းငယ် ရှင်းပြလိုပါ၏။

ထေရဝါဒ ဗုဒ္ဓစာပေကျမ်းဂန်များကို လေ့လာရာတွင် ယေဘုယျအားဖြင့် သုံးမျိုးသုံးစား ရှိသည်ကို တွေ့ရပေမည်။

၁။ ဗုဒ္ဓကိုယ်တိုင် ဟောကြားတော်မူသည့် ပါဠိတော် စာပေမျိုး

၂။ ၄င်းပါဠိတော် စာပေ၏ အနက် အဓိပ္ပါယ်ကို ဖွင့်ပြသော အဋ္ဌကထာ စာပေမျိုး

၃။ မပေါ်လွင်သော အဋ္ဌကထာအဖွင့်နှင့် ၄င်းအဋ္ဌကထာ ကျမ်းစာများက မဖွင့်သဖြင့် အသိခက်သော ပါဠိတော်များကို ထပ်ဆင့် ဖွင့်ပြသော ဋီကာ စာပေမျိုး

(ဂဏ္ဌိ အနု မဓု စသည်တို့ကို မဆိုနိုင်တော့ပါ)

ဤပရိတ္တဋီကာ ကျမ်းသည်ကား မြတ်ဗုဒ္ဓကိုယ်တိုင် ဟောကြားတော်မူသော ပရိတ်တော် ပါဠိတော်များကို ဖွင့်ပြသော ကျမ်းတစ်စောင်ဖြစ်ပါလျက် အဋ္ဌကထာ အမည်မခံဘဲ ဋီကာ အဖြစ် ခံယူထားကြသည်မှာ အလွန်ထူးခြားလှသည်။

ကျမ်းဆရာပေးသောအမည်မှန်

ကျမ်းပြုဆရာ (၇)ဝါရ အရှင်တေဇောဒီပကမူ-

*ကျမ်းဦးအစ ပဏာမဂါထာ (ည) နှာ ၂၂ တွင်-
ပုဗ္ဗာစရိယ သီဟာနံ
မတာ'လမ္ဗ သမာသတော
ဗာလာနတ္ထာယ လောကာနံ
ဟိတံ ပရိတ္တဝဏ္ဏနံ။
*************

  • ကျမ်း၏နိဂုံး နှာ- ၁၁၃/၁၁၄ တို့တွင်
    -ဝိသေသတော ဗာလသောတုဇနာနံ ဟိတဘူတာစ ကတာ (ပရိတ္တဝဏ္ဏနာ) အနာယာသေန သမတ္တာ ဟူ၍ လည်းကောင်း
    -ပဉ္စဝေဿန သီလာဒိ-သမ္ပန္နေန ကတာ အယံ
    သဗ္ဗဒေဝ မနုဿာနံ-ဟိတာ (ပရိတ္တဝဏ္ဏနာ)တိ။
    ဟူ၍လည်းကောင်း
    -ယာဝ ဗုဒ္ဓေါတိ ဝေါဟာရော
    လောကေလောကေက ရာဇိနော
    တာဝ တိဋ္ဌတု လောကာနံ
    ဟိတ (ပရိတ္တဝဏ္ဏနာ)တိ။
    ဟူ၍လည်းကောင်း

ရေးသားခဲ့ပေသည်။

ကျမ်းပြု ဆရာက ပရိတ္တဝဏ္ဏန=ပရိတ်အဖွင့် ဟူ၍ သာမညအနေဖြင့်သာ ဆိုခဲ့ပါ၏။
ပရိတ်တော် ပါဠိတော်ကို ဖွင့်၍ ပရိတ္တအဋ္ဌကထာ ဟူ၍ လည်းကောင်း နောက်ပိုင်း ပညာရှင်တို့ အမည်တပ်သော ပရိတ္တ ဋီကာ ဟူ၍ လည်းကောင်း အမည်မပေး ခဲ့ပါလေ။
ဤသို့ဆိုလျင် ပရိတ္တဋီကာ ဟူ၍ မည်သူတွေက အမည်ပေး၍ လောကဝယ် ပရိတ္တဋီကာ ဟူသော အမည်ဖြင့် ကျော်ကြားရပါသနည်း။

ပရိတ္တဋီကာ အမည်ပေးခဲ့ကြသူများ

(၁) ဤကျမ်းစာ ပေါ်ထွက်လာပြီးနောက် ၆၃ နှစ် အကြာ သက္ကရာဇ် ၁၀၃၄ နှစ်၌ ရေးသားသော ရွှေဥမင် ပိဋကတ်တော်သမိုင်း ပေမူ-ဂိ ဝမ်း/ကြောင်းရေ-၂တွင်
စစ်ကိုင်း၌ ဖြစ်သော
ဝါစကော ပဒေသဋီကာ
ဓာတုကထာဋီကာအဖွင့်
ဝိနယာလင်္ကာရ
ပရိတ်ဋီကာ
နိရုတ္တိမဉ္ဇူသာ
ကစ္စာယနဘေဒဋီကာ
စသော ကျမ်းစာတို့လည်းကောင်း

ဟူ၍ ပရိတ္တဋီကာ အသုံး ရေးသားချက်ကို အစောဆုံး တွေ့ရသည်ဟု အဆိုရှိပေသည်။

(၂) ၁၁၉၃ ခု ဝါခေါင်လပြည့်ကျော် ၁၄ ရက်နေ့ ရေးသားပြီးစီးသော သာသနာလင်္ကာရ စာတမ်း နှာ-၁၇၆ တွင်-
တိလောကဂုရု ဆရာတော်တပည့် ခုနစ်ဝါရ ရှင်တေဇောဒီပသည် ပရိတ်ကြီးဋီကာကို စီရင်သည်။

ဟူ၍ ပရိတ်ကြီးဋီကာ မည်ကြောင်း အခိုင်အမာဆိုသည်။

(၃) ၁၂၅၀ ပြည့် နတ်တော်လဆန်း ၁၁ ရက် သောကြာနေ့ တွင် ရေးသား ပြီးစီးသော ပိဋကတ်တော်သမိုင်း စာအုပ် နှာ-၁၅၇ ၌-
၃၄၅။ ပရိတ်ကြီးဋီကာမှာ သက္ကရာဇ် ၉၉၁ ခုနှစ် နန်းတက်သော စစ်ကိုင်းမြို့ ရာဇမဏိစူဠာ ကောင်းမှုတော်ကြီး ဒါယကာ သာလွန်မင်းတရား လက်ထက် တပယင်းမြို့တောင်လက် ကန်ဖျားရွာဇာတိ ရဟန်း ၅-ဝါရ ရှင်တေဇောဒီပပြုသည်

ဟူ၍ ပရိတ်ကြီး ဋီကာ မည်ကြောင်း ဆိုသည်။

(ရှင်တေဇောဒီပ၏ ဝါတော်နှင့် ပတ်သက်၍ ကျမ်းတစ်စောင်နှင့်တစ်စောင် အဆိုမညီကြ)

ထို့ကြောင့် ကျမ်းဆရာက ပရိတ္တဝဏ္ဏန=ပရိတ်အဖွင့် ဟု သာမည ဆိုခဲ့သော်လည်း အာစရိယပ္ပရမ္ပရ' သိဿာနုတိဿ အဆက်ဆက်မှ ယခုအချိန်ထိ ပရိတ်ကြီးဋီကာ ဟူ၍ သတ်မှတ် ခေါ်ဝေါ်ခဲ့ကြပေသည်။
ဤအချက်သည် ဤကျမ်းစာ၏ ထူးခြားချက် ဝိသေသ လက္ခဏာ ဖြစ်ကြောင်း ရေးသားလိုက်ရပါသတည်း။

ဆက်ရန် > > >>>

============================
ဖတ်ညွှန်း>>>>>

1-ပရိတ္တဋီကာ
2-သာသနာလင်္ကာရ စာတမ်း
3-ပိဋကတ်တော် သမိုင်း

image image image

Coin Marketplace

STEEM 0.16
TRX 0.13
JST 0.027
BTC 58470.49
ETH 2617.16
USDT 1.00
SBD 2.39