ညှော်ကြမယ်ဗျိုး
ညှော်ကြမယ်ဗျိုး
“အမေရယ် တစ်ခါတလေ ငါးလေးများ ကြော်ကျွေးပါဦး”
“သြော် … ငါ့သားများ သမီးများ ငါးစားချင်သလား အမေဈေးသွားမှာပေါ့”
“ငါးကို ကြီးကြီးလေး ဝယ်နော်အမေ။ အကောင်လိုက်ကြော်စားချင်တာ”
“ဟာ အစ်ကိုကြီးကလည်း ငါးဆိုတာ မွှေစားမှကောင်းတာ”
“အလိုရှင် … ငါးရံ့လိုကြီးကြီးဝယ်လာ ကျွန်မကတော့ ခေါင်းပဲစားမှာ”
“ငါးသလောက်ကြီးကြီး ပေါင်းစားမှ ကောင်းတာ”
သားသမီးတွေ တစ်ယောက်တစ်ခွန်းငြင်း ထသတ်ကုန်ကြ
“ကဲ ဟေ့ … တော် … တော် … သင့်တာဝယ်ခဲ့မယ်။ ဝယ်ဖို့လည်း ပိုက်ဆံရှိမှ။ လိုချင်တာလည်း ဈေးမှာ ရှိမှ။ အိမ်မှာ ထိုင်ကျယ်မနေကြနဲ့။ ငါးကြီးကြီးဝယ်မယ်ဆိုတော့ ဘယ်သူဈေးကိုလိုက်ပြီး ကူဆွဲမှာလဲ”
“သမီးမအားဘူး”
“သားလည်း မအားဘူး”
အမေက တစ်ယောက်တည်းထွက်လာ
“အဒေါ်ရေ ငါးကြင်းကြီးတွေ ကြီးလည်းကြီး လတ်လည်းလတ်”
“အေးကွယ် တစ်ကောင်လုံးချိန်”
“ထူးလှချည်လား အဒေါ်ရယ်။ ခါတိုင်း အစိတ်သားဆိုလွန်ရော”
“ဒီနေ့တော့ သားတွေ သမီးတွေ စုံနေသကွယ်”
ငါးကောင်လုံးစားနိုင်တာ ဘာမှတ်သလဲ။ ဆွဲခြင်းထဲ လူမြင်အောင် ဘာမှတောင် ဝယ်မဖုံး ကြွားကြွားကြီး ကိုင်လာ။
“အစ်မရေ ငါးကောင်လုံးပါလား”
“အေးဟဲ့”
အိမ်ကိုရောက်တော့ ငါးကိုင်ဖို့ ဓားကမရှိ။ အိမ်မှာရှိတာက လက်နှစ်လုံးဓား
“သားကြီးရေ … ဟိုဘက်အိမ်မှာ ဓားမသွားငှား”
“အို အမေကလည်း ရှက်တယ်ဗျ”
နေဦး ငါးအကြီးကြီး ကြော်ဖို့ ဆီကလည်း လက်နှစ်လုံးလောက် ဘယ်ဖြစ်မှာလဲ
“သမီးရေ အမေ ဆီမေ့လာလို့ ဈေးဆိုင်မှာ အကြွေးပြေးဝယ် …”
“အမေကလည်း ခက်တာပဲ … သမီး လက်သည်းနီဆိုးနေတာ မပြီးသေးဘူး”
ကဲ … အဲဒါမှ အခက်။ ငါးကောင်လုံးကြော်ဖို့ဆိုတာ ဒယ်အိုးကကြီးမှ။ အိမ်မှာရှိတာက ကြက်ဥကြော်တဲ့ ဒယ်ပြား
“သားငယ်ရေ … အိမ်ရှေ့အိမ်မှာ ဒယ်အိုးကြီးကြီး သွားငှား”
“အမေကတော့ ခက်နေပြီ … ဒီမှာ ပြီးခါနီးမှ အာရုံနောက်တယ်”
“ဘာလုပ်နေလို့လဲ”
“ဂိမ်းဆော့နေတယ်”
အမေအိုတစ်ယောက် ဓားမရှိ၊ ဆီမရှိ၊ ဒယ်အိုးမရှိ
“ဟဲ့ … မီးသွေးလည်း ကုန်နေတယ် … သွားဝယ်”
“အမေဟာလေ ဘာမှ ကြိုတင်ပြင်ဆင်ထားတာကို မရှိဘူး။ ငါးလေးတစ်ကောင် ကြော်ခိုင်းပါတယ်။ တစ်အိမ်လုံး ဘယ်သူမှ မနေရဘူး။ ပတ်ရမ်းနေတော့တာပဲ။ နေတော့ မစားတော့ဘူး။ အပြင်မှာ ထွက်စား အဲဒီလောက် အာရုံမများဘူး”
“ကိုကိုရေ ဟုတ်တယ် … ကျွန်တော်လည်း လိုက်မယ်”
“သမီးလည်း သွားတော့မယ် … မစားတော့ဘူး”
ဘယ်လိုလုပ်မလဲ
အမေကတော့ ငါးကြီးတစ်ကောင်နဲ့ မီးဖိုချောင်ထဲမှာ ဒီအတိုင်းငုတ်တုတ်
ငါးကြီးကြီးကြော်ဖို့ ဘာတွေလိုနေပါလိမ့်
၆.၃.၂၀၁၈

Release the Kraken! You got a 0.96% upvote from @seakraken courtesy of @nyein0012!