နှမျောတွန့်တိုခြင်း
နှမြောတွန့်တိုခြင်း
💫💫💫💫💫💫
( ၁ )
နှမြောတွန့်တိုခြင်းသည်လည်း ပျက်စီးဆုံးရှုံးစေသည့် ရောဂါတစ်မျိုးဖြစ်သည်။ ” ငါအလ္လာဟ်အရှင်မြတ်က ပေးကမ်းချီးမြှင့်တော်မူထားသော စည်းစိမ်ဥစ္စာကို နှမြောတွန့်တိုသဖြင့် မသုံးစွဲဘဲ နေသူများငည် ယင်းသို့မသုံးစွဲဘဲနေကြခြင်းကို အကောင်းဆုံးဟု မယူဆကြလေနှင့်။ ဤသို့ မသုံးမစွဲဘဲ ပစ္စည်းဥစ္စာကို စုဆောင်းထားခြင်းသည် လွန်စွာဆိုးရွားလှသည်။ အကြောင်းမှာ မိမိနှမြောတွန့်တိုသည့်ပစ္စည်းဥစ္စာကို လည်ဂုတ်ကို ဖမ်းချုပ်သည့်သံကြိုးအဖြစ် လည်ပင်းတွင် စွပ်ခြင်းခံရပေမည် ” ဟု ဗျာဒိတ်တော်လာရှိသည်။
တမန်တော်မြတ် ( صلی اللّٰہ علیہ وسلم ) က ” နှမြောတွန့်တိုခြင်းသည် လွန်လေပြီးသော အုမ္မသ်အမျိုးသားအုပ်စုများအား ဖျက်ဆီးပစ်သောကြောင့် သင်တို့သည်လည်း မိမိကိုယ်မိမိ နှမြောတွန့်တိုခြင်းမှ ရှောင်ရှားကြရမည် ” ဟု မိန့်တော်မူခဲ့သည်။
( အဗူဒါဝူးဒ်ကျမ်း ၊ နစာအီကျမ်း ၊ စုနနိကုဗ်ရာကျမ်း )
စင်စစ် နှမြောတွန့်တိုခြင်းသည် ပစ္စည်းဥစ္စာကို ချစ်ခင်မြတ်နိုးခြင်းဖြစ်သည်။ ပစ္စည်းဥစ္စာ၏အချစ်သည် နှလုံးသားကို ဒုန္နယာလောကီဘက်သို့ အာရုံစိုက်စေပြီး ၊ ယင်းသို့သော ဒုန္နယာလောကီဘက်သို့ အာရုံစူးစိုက်ခြင်းကြောင့် အလ္လာဟ်အရှင်မြတ်အား ချစ်ခင်ခြင်းကို လျော့ပေါ့စေသည်။ နှမြောတွန့်တိုသူသည် ဒုန္နယာလောကီသက်တမ်းကုန်ဆုံး၍ ဒုန္နယာလောကမှ ထွက်ခွာသည့်အခါ မိမိချစ်ခင်မြတ်နိုးသည့် ပစ္စည်းဥစ္စာ၏ အစုအပုံကို ယူကြုံးမရဖြစ်သောအကြည့်ဖြင့်ကြည့်ကာ ဒုန္နယာလောကကြီးကို မစွန့်ခွာလိုသော်လည်း စွန့်ခွာလျက် အာခိရသ် တမလွန်ခရီးနှင်ရပေသည်။ ထို့ကြောင့် အလ္လာဟ်အရှင်မြတ်နှင့် တွေ့ဆုံရမည်။ ဖူးမြော်ရမည်ကိုပင် မနှစ်ခြိုက်မလိုလားဘဲ ဖြစ်နေတတ်သည်။ ဟဒီးဆ်ဩဝါဒတော်တစ်ရပ်တွင် ” အကြင်သူသည် ကွယ်လွန်ခါနီးအချိန်တွင် အလ္လာဟ်အရှင်မြတ်နှင့် တွေ့ဆုံရန် မလိုလားပါက ၎င်းသူသည် ဂျဟန္နမ်ငရဲဘုံသို့ လားရမည့်သူဖြစ်သည် ” ဟု လာရှိသည်။
ထိုနည်းတူပင် အချို့သော ချမ်းသာကြွယ်ဝသူတို့သည် ရက်ရက်ရောရော ပေးကမ်းစွန့်ကြဲတတ်ကြသည်။ သို့ရာတွင် ဤသို့ပေးကမ်းစွန့်ကြဲခြင်းမှာ မိမိအား လူအများက ရက်ရောသူအဖြစ် အသိအမှတ်ပြုကြရန်အတွက်ဖြစ်သည်။ ၎င်းသူတို့သည် မည်သည့်ရည်ရွယ်ချက်ဖြင့်မဆို ရက်ရောကြသောကြောင့် ရက်ရောပေးကမ်းသူများဖြစ်ကြသည်။ သို့သော်လည်း ယင်းသို့သောပုဂ္ဂိုလ်တို့ကိုလည်း ပစ္စည်းဥစ္စာကို ချစ်ခင်စွဲမက်သူများဟု ဆိုနိုင်သည်။
ထို့ကြောင့် နှမြောတွန့်တိုခြင်းရောဂါကို ကုစားရန် လိုအပ်သကဲ့သို့ ပစ္စည်းဥစ္စာကို ချစ်ခင်စုံမက်ခြင်းရောဂါကိုလည်း ကုစားရန် လိုအပ်သည်။
သတိပြုသင့်သည်မှာ … ပစ္စည်းဥစ္စာအား ချစ်ခင်စုံမက်ခြင်းဖြင့် အလ္လာဟ်အရှင်မြတ်အား အောက်မေ့တသခြင်းကို မေ့လျော့စေသည်။ ပစ္စည်းဥစ္စာသည် မုစ်လင်မ်အတွက် စမ်းသပ်မှုတစ်ခုဖြစ်သည်။ တမန်တော်မြတ် ( صلی اللّٰہ علیہ وسلم ) က ” လူတစ်ဦး ကွယ်လွန်သေဆုံးတော့မည်ဆိုလျှင် ဖှရစ်ယှ်သဟ် ကောင်းကင်တမန်တော်များက ကွယ်လွန်သွားသည့် ပုဂ္ဂိုလ်သည် မည်သည့်အရာကို ချန်လှပ်ခဲ့သနည်း။ အကယ်၍ ဒုန္နယာလောကီသက်တမ်းတွင် ပစ္စည်းဥစ္စာကို သုံးစွဲ၍ အာခိရသ် တမလွန်ဘဝအတွက် စုဆောင်းထားပါက ကွယ်လွန်သေဆုံးချိန်တွင် မိမိရှေ့သို့ ပို့ဆောင်သည့် ကုသိုလ်စဝါးဗ်များ လက်ဝယ်ရချိန်ရောက်တော့မည်ကိုသိကာ ပီတိဖြစ်ရတော့သည်။ ဤသို့မဟုတ်ဘဲ ဤဒုန္နယာလောကတွင် အသက်ရှင်နေထိုင်စဉ်ကာလ၌ ပစ္စည်းဥစ္စာကို သုံးစွဲ၍ နောင်တမလွန်အတွက် စုဆောင်းခြင်းမရှိခဲ့ပါက ကွယ်လွန်ခါနီးတွင် ပူပန်ရမည်။ သေဆုံးရန်မှာလည်း လွယ်ကူမည်မဟုတ်။ ပစ္စည်းဥစ္စာကို ချစ်ခင်စုံမက်သူ ပျက်စီးပါစေ ၊ ဆုံးရှုံးပါစေ ၊ ဆူးစူးပါကကလည်း နှုတ်ပေးမည့်သူ မရှိပါစေနှင့်ဟု ကောင်းကင်တမန်များက ကျိန်ဆဲကြလိမ့်မည် ” ဟု မိန့်တော်မူခဲ့သည်။
( သိရ်မိဇီကျမ်း )
ပစ္စည်းဥစ္စာသည် စက်ဆုပ်ဖွယ်ရာမဟုတ်
ပစ္စည်းဥစ္စာသည် စက်ဆုပ်ဖွယ်ရာ ရွံရှာစရာမဟုတ်ပေ။ ဒုန္နယာလောကသည် အာခိရသ် လောကုတ္တရာအကျိုးများကို ဖန်တီးသည့်နေရာဖြစ်သည့်အတွက် လူတိုင်းသည် ခန္ဓာကိုယ်တည်းဟူသော မြင်းပေါ်တွင် စီးနင်းလျက် အာခိရသ်တမလွန်ဘက်သို့ ခရီးနှင်နေကြသူများဖြစ်သည်။ အာခိရသ် တမလွန်ခရီး နှင်နေရာတွင် မိမိတို့စီးနင်းနေကြသည့် ခန္ဓာကိုယ်တည်းဟူသော အစီးအနင်းအတွက် အစာရေစာလိုအပ်သည်။ ယင်းအစာရေစာကို ပစ္စည်းဥစ္စာမရှိဘဲ မရယူနိုင်ပေ။ အစာရေစာ ပြတ်လပ်သွားပါက အစီးအနင်းသည်လည်း ရှေ့သို့ ခရီးနှင်နိုင်မည်မဟုတ်ပေ။ အူမ မတောင့်ဘဲ သီလစောင့်နိုင်မည်မဟုတ်။ ထို့ကြောင့် သီလစောင့်နိုင်ရန် အူမ တောင့်ဖို့ အရေးကြီးသည်။ အူမ တောင့်ရန်မှာလည်း ပစ္စည်းဥစ္စာသည် အရေးပါလှသည်။
ရောင့်ရဲတင်းတိမ်ပါ
ပစ္စည်းဥစ္စာသည် လိုအပ်သည်ထက် များပြားစွာရှိပါက ယင်းများပြားလှသောပစ္စည်းဥစ္စာသည် ပျက်စီးဆုံးရှုံးစရာ အကြောင်းရင်းဖြစ်သည်။ အကြောင်းမှာ ခရီးတွင် လိုအပ်သည်ထက်ပို၍ စားနပ်ရိက္ခာများ သယ်ဆောင်လာပါက ဝန်များပြီး ခရီးထွက်ရာတွင် ခက်ခဲမှုများနှင့် ရင်ဆိုင်ရပေမည်။ တမန်တော်မြတ် ( صلی اللّٰہ علیہ وسلم ) က ကြင်ယာတော် အုမ္မုလ်မုအ်မိနီးန် မိခင်မွန် ဟဇ်ရသ် အာအိယှဟ် ဆွဒ္ဒီးကဟ် ( رضی اللّٰہ عنہا ) သခင်မအား ” အို - အာအိယှဟ် ၊ အာခိရသ် တမလွန်တွင် အသင်မသည် ကျွန်ုပ်နှင့်တွေ့ဆုံလိုပါက ခရီးသည်တစ်ဦးသည် ခရီးတွင် လိုအပ်သမျှ ရိက္ခာပစ္စည်းကိုသာ သယ်ဆောင်သကဲ့သို့ အသင်မသည်လည်း ဒုန္နယာလောကီသက်တမ်းတွင် လိုအပ်သမျှ ရိက္ခာနှင့်ပင် ရောင့်ရဲတင်းတိမ်ပါ။ မိမိအင်္ကျီကို ဖာထေး၍ ဝတ်ဆင်ပါ။ ဖာထေး၍ မဝတ်ရသေးဘဲ ( ဟောင်းနွမ်းရုံမျှဖြင့် ) မစွန့်ပစ်ပါနှင့်။ အို - အလ္လာဟ်အရှင်မြတ် ၊ ကျွန်တော်မျိုးတို့၏ အသိုင်းအဝိုင်းရှိ ပုဂ္ဂိုလ်များကို ပစ္စည်းဥစ္စာ ( ရိုဇီရိက္ခာ ) လိုအပ်သမျှသာ ပေးသနားတော်မူပါ။ များစွာ ပေးတော်မမူပါနှင့်။ ဤသို့မဟုတ်ပါက အားလုံး ပျက်စီးဆုံးရှုံးကုန်ကြပေလိမ့်မည် ” ဟု မိန့်တော်မူခဲ့သည်။
( မုစ်လင်မ်ကျမ်း ၊ သိရ်မိဇီကျမ်း ၊ အိဗ်နိမာဂျဟ်ကျမ်း ၊ အဟ်မဒ်ကျမ်း )
” လိုအပ်သည်ထက်များနေလျှင် မကောင်း ”
إن شآءاللّه تعالى
( ၂ ) ဆက်လက်ရေးသား တင်ပြပါမည်။
✍
ရှမ်းပြည်သားလေး Sai Hak Khay
