ရေစက်သွန်းချ အမျှဝေသည်
ကျွန်တော်တို့ငယ်စဉ်ကတဲက မိဘများက အလှူအတန်းများလုပ်ကြသည့်အခါ ရေစက်ချပြီးအမျှဝေသည့် ဓလေ့ရှိခဲ့ပါသည်။ သို့သော် ဘာကြောင့်ရေစက်ချသလဲ ဘာကြောင့်အမျှဝေကြသလဲ ဘာမှမသိပါ။ သူများအမျှဝေလျှင် သာဓု သာဓု သာဓု အော်ရသည်မှာ အမော။ အသက်ကလေးရလာပြီး စာလေးပေလေးဖတ်တော့မှ မိမိတို့လှူဒါန်းခဲ့သမျှ ဝတ္တုပစ္စည်းအားလုံးတို့အား တွယ်တာစိတ်မရှိ၊ စွန့်လွှတ်လိုက်သည့် သဘောဟု နားလည်လာပါသည်။ မိမိတို့ ပြုလုပ်လိုက်သည့် အလှူဒါနကို ဤမြေပံသု၊ သီလာထုလည်း၊ သက်သေအမှု တည်စေသော်ဝ် ဟု အမျှဝေလင်္ကာ ရွှတ်ဆိုကြသည့်အတိုင်း ဤမဟာပထဝီမြေကြီးအား သက်သေထူသည့် အမှတ်လက္ခဏာဟုလည်း ယူဆမိသည်။
ရေစက်သွန်းချခြင်းကို မြန်မာ့သမိုင်းစဉ်တွင် ပုဂံခေတ်၌ အစောဆုံးပြုလုပ်ခဲ့ကြောင်း ကျောက်စာအထောက်အထား များအရသိရပါသည်။ ပုဂံခေတ်တွင် ရေးထိုးခဲ့သော ကျောက်စာများတွင် ရေသွန်း၊ ရေစင်တော်ချဟု အဓိပ္ပာယ်ရသည့် ပုဂံခေတ်သုံးစကားလုံးများဖြစ်သော ရိယ်သောန် ၊ရိယ်စင်တဝ် ခ စသည့် စာစုများကို တွေ့ရှိကြရပေသည်။ ပုဂံကျောက်စာများတွင် ရေစင်တော်ချ၊ ရေစင် တော်သွန်း ဟူသည့် စကားစုများကို အသုံးများခဲ့သည်။
မြန်မာသက္ကရာဇ် ၄၇၄ ခုနှစ်၊ ပုဂံခေတ်တွင် ရာဇကုမာရ် မင်းသားသည် ဖခင် ကျန်စစ်သားမင်းကြီး သေအံ့မူးမူးဖြစ်နေချိန်တွင် မြတ်စွာဘုရားရှင် ရွှေဆင်းတုရုပ်ပွားတော်ကို ဖခင်ထံမှောက်သို့ ပင့်ဆောင်လာခဲ့ပြီး ဖခင်ကျန်စစ်သားမင်းကြီးအား ဆရာရဟန်းတော်တို့ ထံမှောက်တွင် ကိုယ်တော်တိုင် ရေစက်သွန်းချ လှူဒါန်းစေခဲ့သည်။ ထျုကောင်းမှုကို ရေးထိုးမှတ်တမ်းပြုထားသည့် ရာဇကုမာရ်ကျောက်စာတွင် ထိုရောတည်း မင်းနှစ်ကျို့ရကား ကောင်းလှေင့်တည်း ကောင်းလှေင့်တည်း မိန့်၍ သင်ကြီးမဟာထေရ်၊ သင်ကြီးမုဂ္ဂလိ ပုတ္တ တိဿထေရ်၊ သင်ကြီး သုမေဓ ပဏ္ဍိတ်၊ သင်ကြီး ဗြဟ္မပါလ်၊ သင်ကြီး ဗြဟ္မဒိဝ်၊ သင်ကြီး သောန်၊ သင်ကြီး သင်္ဃသေနဝရ ပဏ္ဍိတ်တ၊ ထိုသခင်တို့ အမှောက် တည်း မင်းရေသွန်း၏။ ဟုရေးထိုးထားခဲ့ပေသည်။ ထို ရာဇကုမာရ်ကျောက်စာ စာကြောင်း အမှတ် (၃၃) တွင် ရိယ်သောန် (ရေသွန်း)ဟူသည့် စကားလုံးကို မြင်တွေ့နိုင်ပေသည်။
ရေစက်သွန်းချသည့် ဓလေ့ကို စတင်ကျင့်သုံးစဉ် အချိန်ကတည်းကပင် အလှူရှင်သည် သွန်းလောင်းမည့် ရေကို ထည့်ရမည့် အိုးခွက်တစ်ခုခုကို ဆောင်ယူထားရမည်သာ ဖြစ်ပေသည်။ ယနေ့ခေတ်တွင် ဖန်ခွက်၊ ဒန်ခွက်၊ ပလတ်စတစ်ခွက် စတီးခွက် စသည့် ခေတ်သုံးခွက် တစ်မျိုးမျိုးဖြင့် ရေစက်ချသူများရှိသကဲ့သို့ ရွှေ၊ ငွေ၊ ကြေး၊ သတ္တုခရားငယ်များဖြင့် ရေစက်ချကြသည့်ကိုလည်း မြင်တွေ့ကြရပေသည်။
ပုဂံခေတ်ရေးထိုးသည့် ကျောက်စာများအရ ပုဂံခေတ်တွင် ရေစင်သွန်းလောင်းခြင်း အလေ့အထများကိုတွင်ကျယ်စွာ ကျင့်သုံးခဲ့ကြောင်း တွေ့ရှိရသော်လည်း မည်သည့်အိုးခွက်မျိုးဖြင့် သွန်းလောင်းခဲ့ကြသည်ကိုမူ သက္ကရာဇ် ၇၁၁ ခုနှစ်တွင် ရေးထိုးခဲ့သော မောက္ကလန်သူကြီး ဘုမ္မချတ္တရာကျောင်းကျောက်စာတွင် ရိယ်စင် ကရားတိုက်ရုယ် ဟုရေးထိုးထားသည်ကို တွေ့ရခြင်းဖြင့် ရေကရားဖြင့်သွန်းလောင်းခဲ့ကြကြောင်း သိနိုင်ခဲ့ကြပေသည်။ သက္ကရာဇ် (၆၀၀)ခုနှစ် နောက်ပိုင်းတွင် ရေးထိုးခဲ့သော ကျောက်စာ ငါးချပ်တွင် ရေစင်တော်ကရားဖြင့် သွန်းလောင်းသည်ဟု ဖော်ပြထားပေသည်။
ရေစင်တော်သွန်းအိုးကို သုံးစွဲခဲ့ကြသည့် အထောက်အထားများပါရှိသော ကျောက်စာချပ်များကို လေ့လာရာတွင် ပုဂံခေတ်သာမက ပင်းယခေတ်နှင့် အင်းဝခေတ်များတွင် ရေးထိုးခဲ့သည့် ကျောက်စာများတွင်လည်း ရေစင်တော်သွန်းအိုးကို သုံးစွဲခဲ့သည့် အထောက်အထားများကိုတွေ့ရှိရပေသည်။
၁၉၃၂ ခုနှစ် က ပုဂံမြို့၊ ပြည်စုရပ်ရှိ စေတီပျက်တစ်ဆူ၏ဌာပနာတိုက်အတွင်းမှ အိုးတစ်လုံးကို ရရှိခဲ့ရာ ရေစင်သွန်းအိုးဟု ပညာရှင်အများက ယူဆခဲံကြသည်။ယင်းအိုးသည် လည်တံရှည် အိုးတစ်လုံးဖြစ်ပြီး အိုးထိပ်တွင် ပန်းကန်ပြားတစ်ချပ်ကို မှောက်လျက်ဖုံးအုပ်ထားသကဲ့သို့ အိုးနှုတ်ခမ်းဝ ပတ်ပတ်လည်သည် ဘေးသို့ကားနေပြီး အောက်ခြေသို့ရူးထားသည်။ အိုးကိုယ်လုံးဘေးတွင် နှုတ်သီးရှည်တစ်ခုရှိရာ နှုတ်သီးသည်ရေထွက်မည့်အပေါက်ဘက်သို့ အဖျားရူးသွား၍ အောက်ပိုင်းသို့မသိမသာကွေးသွားလေသည်။
ပုဂံပြတိုက်တွင် ပြသထားသော ရေစင်တော်သွန်းအိုးဟု ယူဆရသည့် မြေအိုးနှစ်လုံးနှင့် ကြေးအိုး တစ်လုံးတို့ သည်လည်း ရေသွန်းအိုးပုံစံများပင် ဖြစ်ကြသော်လည်း ထူးခြားချက်မှာ လက်ကိုင်မပါခြင်းပင်ဖြစ်သည်။
ရေစင်သွန်းအိုး ပုံစံအိုးများကို ဘီစီ (၃၀၀၀)ခန့်က မက်ဆိုပိုတေးမီးယား (ယခုအီရတ်)ဒေသတွင် အသုံးပြုခဲ့ဟန်ရှိပြီး ပုဂံတွင် တွေ့ရသော ရေသွန်းကရားပုံစံနှင့် တူသောကရားတစ်ခုကို မက်ဆိုပိုတေးမီးယားရှိ အူရပ်(Uruk)တွင် ပညာရှင်များ တူးဖော်တွေ့ရှိခဲ့ကြသည်။ အိန္ဒိယနိုင်ငံတောင်ပိုင်း၊ မိုင်ဆိုးပြည်နယ်၊ ဗြဟ္မာ့ဂီရိဒေသမှလည်း မြေဖြင့်ပြုလုပ်ထားသော ရေသွန်းအိုးတစ်လုံးကို တူးဖော်ရရျိခဲ့ဖူးသည်။ တရုတ်နိုင်ငံတွင်တွေ့ရှိရသည့် ကင်ဒီဟုခေါ်သော အိုးသည်လည်း ရေစင်သွန်းအိုးတစ်မျိုးပင်ဖြစ်ပေသည်။
ရေစင်သွန်းအိုးများကို ပုဂံဒေသသာမက တကောင်း၊ သရေခေတ္တရာ၊ ဗိဿနိုး၊ ဟန်လင်း၊ စစ်ကိုင်းတို့မှလည်း တူးဖေါ်ရရှိခဲ့သည်။ ပျူမြို့ဟောင်း၊ ဟန်လင်းဒေသတူးဖော်ရေး လုပ်ငန်းများဆောင်ရွက်ခဲံစဉ် ၁၉၆၃ ခုနှစ်တွင် ရေသွန်းအိုးကွဲ တစ်လုံးကိုတူးဖော်တွေ့ရှိခဲ့သည်။ထိုအိုးကို ပျူလက်ရာဟု မယူဆပဲ ပုဂံခေတ်လက်ရာဟု ယူဆခဲ့ကြပေသည်။
မည်သို့ပင်ရှိစေကာမူ ရေစက်သွန်းချအမျှဝေသော ထုံးတမ်းဓလေ့သည် တကောင်းခေတ်၊ သရေခေတ္တရာခေတ်၊ ပုဂံခေတ်မှ သည်ယနေ့ထက်တိုင်မြန်မာများ ကျင့်သုံးနေကြသည့် ဓလေ့တစ်ခုဖြစ်ပေသည်။ အလှူဟူသည် မိမိရှာ ဖွေထားသော ပစ္စည်းဥစ္စာ၊ ရွှေငွေ စသည်တို့အား စွန့်လွှတ်လှူဒါန်းရခြင်းဖြစ်ရာ ၊ လူတို့သဘာဝ လောဘစိတ်ကို ချိုးနှီမ် သတ်ဖြတ်စေခြင်းလည်းဖြစ်လေသည်။ လူအများစုသည် အဆိုပါလောဘ ကြောင့်ပင်လျှင့် လိမ်ကြသည် ။ညာကြသည်။ သူအသက်ကိုသတ်၍ သူစည်းစိမ်ကိုလု ချင်ကြသည်။စစ်မက်တွေဖြစ်ပွားကြသည်။ ရုံးတွေဂတ်တွေရောက်ကြရသည်။ အမှန်မှာတော့ စည်းစိမ်ဥစ္စာဟူသမျှသည် မိမိတို့သောလွန်သောအခါ ထားခဲ့ရမည့် အရာများသာဖြစ်သည်။
မိမိမသေခင် ဆက်လက်အသက်ရှင်ကျန်ရစ်ဦးမည့်သူများနှင့် လောကအကျိုးသယ်ပိုးနိုင်မည့်သူများအတွက် အလှူဒါနများကို ပြုလုပ် ကြသင့်သည်သာဖြစ်သည်။ ထိုသို့ အလှူဒါနများပြုလုပ်ကြရန်မေ့လျော့နေကြသည်ဆိုပါက ခေတ်အဆက်ဆက် သုံးစွဲခဲ့ကြ သည့် ရေစင်သွန်းအိုးကလေးများကို အမှတ်တယ ကြည့်ရှုပြီး သတိသံဝေဂများရရှိနိုင်ကြမည်ဆိုပါလျှင်။
ရေးသားသူ-မင်းစိုးနိုင်
ကိုးကား- မြန်မာ့အလင်း ၃၊၂၊၂၀၁၅
သံဝေဂရစရာတွေ
ဆရာ နောက်ဆို စာပိုဒ်ခွဲပေးပါ။ အပြင်လိုက်ကြီးမရေးပါနဲ့။ ဆရတွေဆိုတော့ အများကနမူနာအဖြစ်ကြည့်နေကြတာ။
ကျေးဇူးဆရာ massenger ကပြန်ကူးရတာမှာ စာတွေမသေမသပ် ဖြစ်ဖြစ်နေတာ သတိထားမိပါတယ်။ ဆရာ့လို power point ကလည်းမ ကျွမ်းကျင်တော့ 
သမိုင်းကြောင်းတွေဆိုမဖတ်ဖြစ်တာကြာပါပြီ ဆရာ့ကျေးဇူးကြောင့် အခုဖတ်ရတယ် ကျေးဇူးပါဗျာ