ဝါသနာ နှင့် စေတနာ(၂)

in #myanmar7 years ago

FB_IMG_1484498227222-picsay.jpg

ဝါသနာ နှင့် စေတနာ(၂)
❇❇❇❇❇❇❇❇❇❇


Credit to google image

စာသင်ကြားခြင်းလုပ်ငန်းကို စ,တင်လုပ်ကိုင်ခဲ့သည့် အချိန်မှစတင်၍ ယနေ့အချိန်အထိ သင်ကြားပေးခဲ့ရသည့် တပည့်မျိုးစုံ ရှိခဲ့သလို၊ ဆရာပေါင်းစုံနှင့်လည်း ထိတွေ့ဆက်ဆံခဲ့ရပေသည်။ အများအားဖြင့် ကျွန်တော့်ထက် အသက်အရွယ်ကြီးသည့် သမ္ဘာရင့်၊ဝါရင့် ဆရာကြီး၊ဆရာမကြီးများ ဖြစ်ကြပေသည်။ သို့သော် တစ်ချို့သော ဆရာများမှာမူ ကျွန်တော်နှင့် သက်တူရွယ်တူများ ဖြစ်ကြသည်။ ယနေ့အချိန်တွင်မူ ကျွန်တော့်သင်ကြားပေးခဲ့ရသည့် တပည့်အချို့သည်ပင်လျှင် ဆရာ၊ဆရာမများအနေဖြင့် ဝင်ရောက်လုပ်ကိုင်နေကြပေပြီ။

ဝါသနာအကြောင်း ဆက်လက်ပြောဆိုချင်ပါသည်။ ကျွန်တော့်အတွက် စာသင်ကြားခြင်းကို ဝါသနာပါသည့်လုပ်ငန်းအနေဖြင့် လုပ်ကိုင်ဆောင်ရွက်နေခြင်း ဖြစ်ပါသည်။ သင်ကြားရသည့် ဘာသာရပ်မှာလည်း ကျွန်တော် ဝါသနာပါခဲ့သည့် အင်္ဂလိပ်စာ ဖြစ်နေသဖြင့် ဝါသနာနှစ်ထပ်ကွမ်း ဖြစ်ပါသည်။ ဝါသနာပါသည့်လုပ်ငန်းဖြစ်သဖြင့် ကျေနပ်မှုအပြည့် ရှိပါသည်။ သို့သော် ဝါသနာမပါဘဲ အခြေအနေ၊အကြောင်းအမျိုးမျိုးကြောင့် ဆရာတစ်ယောက်အနေဖြင့် ရပ်တည်နေသူများကိုလည်း တွေ့ကြုံခဲ့ဖူးပါသည်။ ထိုသို့သော ဆရာများမှာ သင်ကြားပေးခြင်းကို ဝါသနာမပါကြသလို၊ မိမိကိုယ်မိမိ တိုးတက်မှုရှိစေရန် လေ့လာသင်ယူခြင်းလည်း မရှိကြပါ။ ကလေးများထက် အနည်းငယ် ပိုသိ၊ပိုတတ်၊ ပို၍အတွေ့အကြုံရှိနေသည့် အနေအထားဖြင့်သာ ကျေနပ်နေကြသည်။ အင်္ဂလိပ်စာ သင်ခန်းစာများကို ဖတ်ပြ၊ ဘာသာပြန်ပြရုံဖြင့် ဆရာ့တာဝန် ကျေပြီဟု ခံယူထားကြသူများ ဖြစ်သည်။ သင်ကြားမှုကို ဝါသနာမပါသဖြင့် ကျောင်းသားများနှင့် လိုက်လျောညီထွေရှိသည့် သင်ကြားမှုများ ဖန်တီးနိုင်ခြင်း မရှိသလို၊ ဘာသာရပ်အပေါ်၌လည်း ဝါသနာမပါသဖြင့် ထပ်မံလေ့လာခြင်းလည်း မရှိတော့ပေ။

ထိုသို့သော အခြေအနေမျိုးတွင် ထိုဆရာမှာ သူတပည့်များအပေါ် မည်သို့ပင် စေတနာထားစေကာမူ အကျိုးဖြစ်ထွန်းမှု၊ ထိရောက်မှု နည်းပါးသွားပေသည်။ တွေ့ကြုံခဲ့ရဖူးသည့် ထိုသို့သော ဆရာများအကြောင်း အနည်းငယ် ပြောပြချင်မိပါသည်။ ပုဂ္ဂိုလ်ရေးအရ မပါဘဲ သင်ကြားမှုအပိုင်း နှင့် ခံယူချက်အပိုင်းကို ပြောပြမှာဖြစ်ပါသည်။ အစိုးရကျောင်းတစ်ကျောင်းရှိ ဆရာတစ်ဦး၏ သင်ကြားပုံမှာ စာသင်ချိန်ကို သုံးပိုင်း,ပိုင်း၍ သင်ကြားသည်။ ပထမ ဆယ့်ငါးမိနစ်အချိန်တွင် သူသင်တာကို နားလည်သည်ဖြစ်စေ၊ နားမလည်သည်ဖြစ်စေ၊ ငြိမ်၍နားထောင်စေသည်။ ဒုတိယ ဆယ့်ငါးမိနစ်တွင် သူသင်လိုက်သည်များကို တစ်ခေါက်ပြန်ဖတ်ခိုင်းသည်။ တတိယ ဆယ့်ငါးမိနစ်တွင်မူ လုပ်ချင်ရာလုပ်နိုင်သည်ဟု ပြောဆို၍ သင်ကြားပေးသည်ကို မျက်မြင်တွေ့မြင်ခဲ့ရဖူးပေသည်။ ထိုသို့သော သင်ကြားမှုပုံစံကို မည်သို့ထင်ပါသနည်း။ ကလေးများမှာ ၎င်း၏ ဘာသာရပ်အား ကျွမ်းကျင်တတ်မြောက်လိမ့်မည်ဟု ယူဆပါသလား။ မည်သို့သော အခြေအနေမျိုး ဖြစ်နေပါစေ။ ထိုသင်ကြားမှုပုံစံမျိုးတော့ မဖြစ်သင့်ဟု ယူဆမိပါသည်။


Credit to google image

ကြုံတွေ့ခဲ့ရသည့် အခြားဆရာတစ်ဦးမှာ အထက်တန်းပြဆရာတစ်ဦး ဖြစ်သော်လည်း စာသင်လျှင် အထူးထုတ်စာအုပ်ကိုင်၍ သင်ကြားသည်။ ကလေးများ စာမေးလျှင် အထူးထုတ်စာအုပ်ကို ကြည့်ပြီးမှ အဖြေပေးသည်။ အထူးထုတ်စာအုပ်များထဲတွင် မပါဝင်သည့် အကြောင်းအရာများဖြစ်နေလျှင် ထိုအကြောင်းအရာမှာ အရေးမကြီး၍ ကြည့်စရာ၊ သိစရာမလိုကြောင်း ပြောဆိုလေ့ရှိသည်။ ထိုသို့သော ဆရာအမျိုးအစားမှာလည်း ဝါသနာ၊ စေတနာပါသည်ဟု ပြော၍ ရနိုင်ပါသလား။ ကလေးများ၏ သင်ယူလိုစိတ်၊ တတ်မြောက်လိုစိတ်ကိုပင် အဟန့်အတားဖြစ်စေမည်မှာ အသေအချာပင် ဖြစ်ပေသည်။

အခြားသော သင်ကြားပေးသည့် ဆရာများ၏ ပညာရပ်နှင့် ပတ်သက်သည့် ဝါသနာ၊ စေတနာများအကြောင်း ထပ်မံ၍ မပြောပြတော့ပါ။ ဤမျှလောက်ဆိုလျှင် ကျွန်တော်ပြောပြချင်သည့် အကြောင်းအရာ ပေါ်လွင်လောက်ပြီဟု ယူဆမိပါသည်။

နိဂုံးချုပ်ပါတော့မည်။ သင်ကြားပေးခြင်းကို လုပ်ဆောင်နေကြသည့် ဆရာများမှာ မိမိတို့အတွက်သာမက ကလေးများ၏ အနာဂတ်ကို မျှော်တွေး၍ ဝါသနာပါခဲ့သည်ဖြစ်စေ၊ မပါသည်ဖြစ်စေ၊ ဆရာတစ်ယောက်အနေဖြင့် အကောင်းဆုံးသော လုပ်ဆောင်ချက်များ၊ စေတနာများဖြင့် ပုခုံးထမ်းတင်ပေးသင့်ပါကြောင်း ရေးသားဖော်ပြလိုက်ရပါသည်။

ဖတ်ရှုပေးသည့်အတွက် ကျေးဇူးပါ။

@mgmgkse
MSC-011

Sort:  

ဆရာမလုပ်ချင်လို့ တပ်ထဲဝင်တယ်၊ သင်တန်းပြီးပြီးချင်းပဲ သင်တန်းဆရာလုပ်ရတယ်၊ အဲဒကစလို့ နည်းပညာတစ်ခုပေါ်လာတိုင်း တတ်လွယ်မြင်လွယ်တယ်ဆိုပြီး ဦးဆုံးသင်၊ပြန်ပို့ချနဲ့လုံးလည်လိုက်လာတာ၊ ခုထိပါပဲ၊ ဆရာဆိုတာ တာဝန်ကြီးလွန်းလို့၊ မလုပ်ချင်တာပါ၊ စာသင်တာသက်သက်လို့အများမြင်ကြပေမယ့်၊သူတို့လေးတွေ ဘဝဆုံးဖြတ်ချက် မှန်ကန်တည့်မတ်အောင် ဝန်းရံပေးရတဲ့နေရမှာတော့ အခယာပဲ၊ ဒါကြောင့်ဆရာဆိုတာ ကလေးများအတွက် တစ်နှစ်စာ၊ တစ်ခဏအရေးသာမက တစ်သက်စာ တစ်ဘဝအရေးပဲ့ကိုင်ပေးရသူတွေဖြစ်တယ်ဆိုတာ နားလည်လာကြရင်တော့ ဆရာ့ကျေးဇူးအထူးသိတတ်သူတွေဖြစ်လာမှာပါ။

ဟုတ်ကဲ့ဆရာ၊ ကျေးဇူးအထူးပါ။

အ​တွေ့အကြုံများမျှ​ဝေ​ပေးလို့​ကျေးဇူးပါ..Sayar

ထပ်တူပါခင်ဗျာ

ထို့ကြောင့် ဆရာဟုခေါ်သည်။

နာ ၃ နာနှင့် ဆရာ။ ဝါသနာ စေတနာ အနစ်နာ

မှန်ပါတယ်ခင်ဗျာ

အထူးထုတ်ကြည့်ပြောတဲ့ဆရာတော့ တွေ့ဖူးပါတယ် ဆရာပြောသလိုပါဘဲ

တော်သေးတာပေါ့ ဆရာတွေပဲပြောသွားပီး ကျနော်တို့မပါလို့ ကျေးဇူးပါဆရာမောင်း

ဆရာများ၏စေတနာကိုအမြဲယုံကြည်ပါတယ်လေးစားပါတယ်ရှင့်

Resteemed your article. This article was resteemed because you are part of the New Steemians project. You can learn more about it here: https://steemit.com/introduceyourself/@gaman/new-steemians-project-launch

သာမန်ထက်ပိုသိမှ ဆရာခေါ်ထိုက်မှာလေ

ဗဟုသုတရလို့ ကျေးဇူးပါဆရာ

Coin Marketplace

STEEM 0.16
TRX 0.15
JST 0.028
BTC 57647.49
ETH 2274.93
USDT 1.00
SBD 2.50