သူငယ်ချင်း
ဘဝမှာအတူတူပျော်ဘူးတဲ့သူတွေကိုမေ့သွားရင်တောင်အတူတူငိုခဲ့ဘူးတဲ့သူတွေကိုမေ့မသွားနိုင်ဘူးဆိုတာကို ကိုယ်စာအုပ်တစ်အုပ်မှာဖတ်ဘူးခဲ့တယ်။ဒီလိုဆိုရင်အတူတူပျော်ဘူး ငိုခဲ့ဘူးတဲ့ ကိုယ့်ရဲ့သူငယ်ချင်းတွေကို ကိုယ်ဘယ်လိုမေ့နိုင်မှာလဲ။
ကျောင်းသွားဖို့တစ်အိမ်ဝင်တစ်အိမ်ထွက်လူလိုက်စုပီး လူမစုံရင်စုံအောင်စောင့်ပေးတတ်တဲ့ကိုယ်တို့တွေက ကျောင်းကခေါင်းလောင်းထိုးသံကြားမှ အပြေးအလွှားသွားခဲ့ကြတယ်။အိပ်ချိန်ကလွဲပီးအတူတူရှိခဲ့ကြတဲ့ ကိုယ့်သူငယ်ချင်းက စာမေးပွဲကြီးပီးရင် ရောက်လာမယ့်နွေရာသီကျောင်းပိတ်ရက်ကို ကြိုပီးရင်ခုန်ခဲ့ကြသေးတယ်။နွေရာသီမှာကျရောက်မယ့် သင်္ကြန်ပွဲတော်အတွက်လည်းတိုင်လည်းတိုင်ပင်ခဲ့ကြတယ်။၁၂လရာသီပွဲတော်တွေထဲကမှ သင်္ကြန်ပွဲကကိုယ်တို့တက်ညီလက်ညီဆင်နွဲခဲ့ကြတဲ့ပွဲပေါ့။
ကိုယ်တွေကသင်္ကြန်ဆိုရင်ပျော်လွန်းလို့ မိုးရွာရင်တောင်ထီးဆောင်းပီးရေပက်ခဲ့ကြသူတွေပါ။သင်္ကြန်တွင်းတစ်တွင်းလုံး ရေကစားလို့မဝခဲ့ကြတဲ့ကိုယ်တို့တွေက သင်္ကြန်အတက်နေ့ညတွေဆိုတစ်အိမ်တက်ဆင်းရေလိုက်ပက်ခဲ့ကြတယ်။ရေပက်ခံဖို့ဆင်းမလာတဲ့အိမ်တွေဆို အိမ်အောက်ကနေရေတွေပက်တင်ကြတာ အိပ်ယာတွေစိုရွဲကုန်လို့ နောက်နေ့မနက်အတိုင်ခံခဲ့ရတဲ့နှစ်တွေမနည်းဘူးပေါ့။
သစ်ရွက်လှုပ်တာကိုကြည့်ပီးရင်ခုန်ဖို့ထက် သစ်ကိုင်းတွေလှုပ်ပီးသရက်သီးတွေကြွေကြဖို့ကိုပိုပီးရင်ခုန်တတ်ခဲ့ကြတယ်။လေတိုက်တိုင်းကြွေကြတတ်တဲ့ ကိုယ်တို့အိမ်ရှေ့ကသရက်ပင်ကြီးအောက်မှာသရက်သီးကြွေကြမယ့်အချိန်ကိုကစားရင်းစောင့်ခဲ့ကြတယ်။သရက်သီးတွေကြွေလို့အပြေးအလွှားသွားကောက်တိုင်း ဘယ်တော့မှသရက်သီးမရခဲ့တဲ့ကိုယ့်ကို ခွဲဝေကျွေးခဲ့ကြတဲ့ ကိုယ့်ရဲ့သူငယ်ချင်းတွေက ငပျင်းလေးလို့အမြဲပြောတတ်ခဲ့ကြသေးတယ်။
တစ်ဖွဲ့လုံးမှာလူကောင်သေးသေးလေးမို့ ဘယ်လိုကိစ္စမျိုးမှာမဆိုကိုယ့်ကို ညှာညှာတာတာဆက်ဆံတတ်ကြတဲ့သူငယ်ချင်းတွေကိုဗိုလ်ကျရင်းနဲ့ကိုယ်က သူတို့ကိုငယ်နိုင်လိုဖြစ်လာခဲ့တယ်။ကျောင်းစာတွေလက်ညောင်းလို့မရေးချင်တတ်တဲ့ကိုယ့်ကို စာတွေဝိုင်းရေးပေးခဲ့ကြတဲ့သူတွေပါ။သာသည်နာသည်မတွက်တတ်ခဲ့ကြတဲ့သူငယ်ချင်းလေးတွေက ကျောင်းတွေပြန်ဖွင့်ရင်တစ်ခန်းတည်းအတူတူတက်ရဖို့ကြိုပီး တိုင်ပင်တတ်ကြတယ်လေ။
ကျောင်းတွေပြန်ဖွင့်ခါနီးအချိန်မှာတော့ အထက်တန်းကျောင်းကိုပြောင်းရမယ်ဆိုတဲ့ ကိုယ့်အဖေရဲ့စကားအဆုံးမှာကိုယ်နဲ့ကိုယ့်သူငယ်ချင်းတွေငိုလိုက်ရတာ။နောက်နှစ်ဆိုပြန်ဆုံကြမှာပဲလို့ အမေကြီးကနှစ်သိမ့်ပေမယ် ကိုယ်တို့ရဲ့ဝမ်းနည်းမှုတွေရပ်မသွားခဲ့ပါဘူး။
ကျောင်းဖွင့်လို့ကိုယ်အထက်တန်းကျောင်းကိုပြောင်းခဲ့ချိန်မှာ ကိုယ့်သူငယ်ချင်းတွေကရွာကျောင်းမှာကျန်ခဲ့တာပေါ့။ရွာကျောင်းမှာတုန်းက ကျောင်းတက်ခေါင်းလောင်းထိုးသံကြားမှ အိမ်ကနေအပြေးအလွှားသွားခဲ့ကြပေမယ့် အထက်တန်းကျောင်းဆိုတာကိုရောက်ခဲ့တဲ့ကိုယ်ကတော့ ကျူရှင်ဆိုတာကြီးထပ်တိုးလာခဲ့သေးတယ်။ကျောင်းသွားခါနီးတိုင်းမျက်ရည်ကျတတ်တဲ့ကိုယ့်ကို အမေက သူငယ်ချင်းတွေကိုသတိရရင်စာပိုကြိုးစားပေါ့သမီးရယ်လို့ပြောခဲ့တယ်။မှတ်မှတ်ရရ အဲဒီနှစ်ကစာမေးပွဲတိုင်းမှာ ကိုယ်အမှတ်တွေအများကြီးနဲ့ပေါ့။
လူတစ်ယောက်ကို ကိုယ်ကအရမ်းသတိရနေရင် အဲဒီလူကလည်းကိုယ့်ကိုသတိရနေတတ်တယ်ဆိုလို့ ကျလုဆဲဆဲမျက်ရည်တွေကို ကိုယ်သိမ်းခဲ့တယ် ကိုယ့်သူငယ်ချင်းတွေ ကိုယ့်ကိုလွမ်းလို့မငိုစေချင်
ဘူးလေ။
ဒီဇင်ဘာကျောင်းပိတ်ရက်မှာတော့ ကိုယ့်ကိုရွာကိုအလည်ပြန်ပို့ပေးဖို့ အမေ့ကို ကိုယ်ပူဆာခဲ့တယ်။အမေ့ဆီကကျောက်းပိတ်ရက်ရွာပြန်မယ်ဆိုတဲ့စကားကိုကြားရတဲ့နေ့ကတည်းက ညအိပ်တိုင်းရွာမှာသူငယ်ချင်းတွေနဲ့ကစားဖို့ အိမ်မက်တွေမက်တဲ့အထိကိုယ်ပျော်လိုက်တာ။ကိုယ်ပြန်လာမှာကိုစောင့်နေတဲ့သူငယ်ချင်းတွေက ကိုယ်နဲ့စိမ်းများသွားမလားဆိုပီးစိတ်ပူခဲ့ပေမယ့် ရွာကိုပြန်ရောက်တဲ့နေ့မှာပဲကိုယ့်ဆီကိုအပြေးလာခဲ့ကြတဲ့သူငယ်ချင်းတွေကြောင့်စိတ်သက်သာသာနဲ့ကိုယ်ပျော်ခဲ့ရတယ်။ကိုယ်မြို့ကျောင်းမှာအဆင်ပြေပါ့မလား မြို့ကျောင်းကသူငယ်ချင်းတွေက သူတို့လိုကိုယ့်အပေါ်စိတ်ရှည်နိုင်ပါ့မလားဆိုးပီး စိုးရိမ်နေခဲ့ကြတယ်တဲ့လေ။
နောက်နှစ်တော့ကျောင်းအတူတူတက်ရတော့မှာပါဆိုပီးပျော်ခဲ့ကြပေမယ့် စာသင်နှစ်ပီးခါနီးအချိန်မှာတော့ ကိုယ့်အဖေကနောက်ထပ်မြို့တစ်မြို့ကိုပြောင်းရွေ့ခဲ့ရလို့ ကိုယ်သူတို့နဲ့အရွယ်ရောက်မှ ပြန်တွေ့ခဲ့ရတယ်။
ငယ်သူငယ်ချင်းတစ်ယောက်ရဲ့မင်္ဂလာဆောင်တော့မယ်ဆိုတဲ့သတင်းကိုကြားတော့မှ ကိုယ်တို့အသက်တွေမငယ်ကြတော့ဘူးဆိုတာသတိထားခဲ့မိတယ်။သူငယ်ချင်းတွေဆုံတိုင်း ဘယ်သွားမယ်ဘာစားမယ်ဆိုပီးတိုင်ပင်ခဲ့ကြပေမယ့် ဒီတစ်ခေါက်ဆုံမယ့်အချိန်မှာတော့ ဘာဝတ်မယ် ဘယ်မှာအလှပြင်မယ်ဆိုတာကို တိုင်ပင်ရတော့မှာပေါ့။
အချိန်တွေဘယ်လောက်ကြာခဲ့ကြာခဲ့ပြန်တွေ့တဲ့အချိန်တိုင်းမှာနွေးနွေးထွေးထွေးဆက်ဆံပေးခဲ့ကြတဲ့ ကိုယ့်ရဲ့သူငယ်ချင်းတွေကိုအရမ်းကျေးဇူးတင်ပီးချစ်မိပါတယ်။
ကိုယ်ဘယ်လိုဆိုးခဲ့ဆိုးခဲ့အပြုံးမပျက်ခဲ့ကြတဲ့ ကိုယ့်ရဲ့သူငယ်ချင်းတွေကို မာယာရောင်စုံနဲ့လူတွေကြားမှာရှင်သန်နေရတဲ့အချိန်တွေမှာ အရမ်းလွမ်းတာပဲ။
Author @Leeshang
MSC 230
အရေးအသားကောငိးတယ်ဗျာ
ကျေးဇူးတင်ပါတယ်ဗျာ
စာဖတ်ပြီး သူငယ်ချင်းတွေတောင် သတိရသွားတယ်။
ငယ်သူငယ်ချင်းတွေကအကောင်းဆုံးပဲလေ
လွမ်းသွားတယ်ငယ်သူငယ်ချင်းတွေကိုလေ။
အင်း ဟုတ်တယ်
ရွာကသူငယ်ချင်းတွေကို လွမ်းမိတယ်
ရွာကကလေးဘဝကပိုပျော်စရာကောင်းတယ်
ကိုယ်တိုင်ရေးလုံးခြင်းတ္တုသစ်လားကွာ
ဘာလား
ငယ်ငယ်တုန်းကဘဝတွေပြန်သတိယစေပါတယ်
မမြင်တာမဆုံတာကြာပေမယ့် ခုထိလွမ်းရတုန်း
Nice post bro
thank
Fighting အားပေးနေပါတယ်။
အချို့ငယ်သူငယ်ချင်းတွေ ရှာမတွေ့တော့ဘူး . . ခုချိန်ထိ သတိရနေတုန်းပဲ
တစ်နေ့တော့ဆုံနိုင်မှာပါ
ကလေးဘဝ တုန်း က သူငယ်ချင်းတွေကို သတိရလိုက်တာဗျာ