ညီမလေးရေ...
၂၀၁၇ က အစ်မအတွက် ခရီးသွားနှစ်လို့ ပြောရအောင်ကို ခရီးတွေ ဆက်တိုက်ထွက်နေရလို့ စာရေးချိန် အတော်နည်းခဲ့တယ်။ ညီမလေးဆီကိုတောင် စာမပို့ဖြစ်တာ အတော်ကြာခဲ့ပြီနော်။ စိတ်ကရှိပေမယ့် ချမရေးဖြစ်တာပေါ့လေ။ ညီမလေးကိုတော့ အမြဲသတိရဖြစ်ပါတယ်။
ညီမလေးရေ ခရီးတွေ သွားရင်း လူအမျိုးမျိုးနဲ့ ခင်မင်ရင်းနှီးရာက ဒေသအသီးသီးက လူတွေရဲ့ စိတ်ရင်းနဲ့ ဓလေ့တွေကို သိခဲ့ရတယ်။ ပိုကျေနပ်မိတာတွေရှိသလို ရှောင်ရန်လေးတွေကိုလည်း သင်ယူခဲ့ရတာပေါ့။
ကောင်းတာတွေ အမြဲလုပ်တတ်တာက သူတော်ကောင်း၊ သူတစ်ပါးကိုပါ ကောင်းတာလုပ်ခွင့်ရအောင် လမ်းပြပေးတာက သူတော်ကောင်းထက် သူတော်ကောင်းတဲ့။
မကောင်းတဲ့ အမှုတွေ ပြုမူတတ်တာက လူမိုက်၊ ကိုယ်ပါမက ကိုယ့်ဘေးက သူကိုပါ မကောင်းတဲ့ အမှု ပြုမူဖြစ်ဖို့ တိုက်တွန်းရင်တော့ လူရိုင်းပါတဲ့။
ဒီနေ့မနက် တရားနာရင်း သိခဲ့ရတာလေးတွေကို ညီမလေးဆီ မျှဝေချင်တယ်။
အစ်မတို့က လူ့ပတ်ဝန်းကျင်ထဲ သွားလာလှုပ်ရှားနေရလေတော့ ဆန်းစစ်အကဲဖြတ်ပြီး အချင်းချင်း ပေါင်းသင်းနိုင်ဖို့ပေါ့။
ဗုဒ္ဓမြတ်စွာက လူမိုက်ဆိုလျှင် ရှောင်သွေလွဲလို့ မမှီဝဲနဲ့ ကင်းအောင်နေလို့ မင်္ဂလသုတ္တန်မှာ ဟောကြားခဲ့တယ်မလား။ ကိုယ်တိုင်လည်း လူကောင်းဖြစ်အောင် ပြီးတော့ ကိုယ့်ပတ်ဝန်းကျင်က မိတ်ဆွေကိုလည်း ဘယ်သို့ဆိုတာ သိနိုင်ဖို့က အရေးကြီးတယ်လေ။
ညီမလေးရေ ခေတ်နဲ့ အညီ သွားလာရင်း၊ ခေတ်ထဲမှာ နေထိုင်ရင်းနဲ့ သူတော်ကောင်းကနေ သူမိုက်ဖြစ်ပြီး သူရိုင်းပါ ဖြစ်ကုန်တာတွေ များလှပေါ့လေ။
ဒါကြောင့် ကောင်းမှု မှန်သမျှ ပြုဖြစ်အောင် ပြုပါ။ မကောင်းမှု မှန်သမျှ မပြုဖြစ်အောင် ရှောင်ကျဉ်ပါ။
အများကောင်းကျိုးဖြစ်ဖို့ရာ တိုက်တွန်းကြိုးစားပါ။
စိတ်ကောင်းရှိဖို့ရာ အမြဲကြိုးစားပါနော်။
ဘယ်သူ မိုက်မိုက် ညီမလေး မမိုက်ရဘူး။
ဘယ်သူ ရိုင်းရိုင်း ညီမလေး မရိုင်းရဘူး။
ဘယ်သူကောင်းကောင်း ညီမလေးက ပိုကောင်းရမယ်။
ညီမလေးကို သူတော်ကောင်းထက် သူတော်ကောင်း ဖြစ်စေချင်လို့ပါ။
ချစ်တဲ့
ခင်နှင်းကြည်သာ
13-07-2017
Nice pictures! Up voted, following. If you like you might support me back, I am taking part in the open mic contest:
https://steemit.com/photography/@piyarshraval/images-for-nature-photography-hd