ဖုံးလွှမ်းကြသည် ဆိုသော်လည်း

in #myanmar6 years ago

FB_IMG_1528347929916.jpg


ဖုံးလွှမ်းခြင်းဆိုတာနဲ့ပါတ်သက်ပြီး စာရှာတဲ့အခါ
ဦးဟုတ်စိန်ရဲ့အဘိဓာန်မှာ....

ဆဒန (န) (√ဆဒ်+ယု)
ဖုံးလွှမ်းခြင်း။ အဖုံး။ အမိုး။ အယောင်ဆောင်ခြင်း။ သစ်ရွက်။
(nt.) a thatch; a roof; a cover.Covering, roof; a leaf...လို့ သာမန်ဖွင့်ဆိုပြီး

တိပိအဘိဓာန်မှာ...

ဆဒန (န) [ဆဒ+ယု၊
ဆာဒေတိ ဧတေနာတိ ဆဒနံ၊ ဆဒ သံဝရဏေ၊ စုရာဒိ။
ဆဒ သံဝရဏေ၊ ဆာဒိယတေ ယေန ဆဒနံ၊

(၁) (ဖုံးအုပ်ကြောင်း-မိုးကြောင်း-ဖြစ်သော အရာဝတ္ထု) အမိုး။
(၂) (သတ္တဝါတို့၏ သန္တာန်ကို) ဖုံးလွှမ်း-ဖုံးကွယ်-တတ်သော အကုသိုလ်ဒုစရိုက်တရား။
(၃) ဖုံးလွှမ်း-ဝတ်ရုံ-ခြင်း၊ အတုပြု-အယောင်ဆောင်-အရေခြုံ-ခြင်း။
(၄) ဖုံးအုပ်ရာ-မိုးရာ-ဖြစ်သော၊ အရပ်။

စသဖြင့်ခွဲဖွင့်ဆိုထားတယ်။

အထက်က လေးချက်မှာ။
အရာဝတ္ထု နဲ့ အရပ်ဒေသ ကိုတော့ပြောစရာမရှိပေမယ့် အကုသိုလ်ဒုစရိုက် တရားနဲ့ အတုပြုအရေခြုံတာမှာ
ပြောစရာတချို့ရှိနေတော့ပြောပြချင်ပါတယ် အကျဉ်းပေါ့လေ။

ဖုံးလွှမ်းဝတ်ရုံခြင်းဆိုတဲ့ကိစ္စမှာ
ကျနော်တို့ ကျား မစတဲ့လိင်ရှိသူအားလုံးဟာ
ငယ်စဉ်ကတည်းက လှို့ဝှက်အပ်လို့ ဖုံးအုပ်ရမဲ့အရာတွေကို ဖုံးအုပ်နေထိုင်ကြခြင်းဟာ ယဉ်ကျေးမှုတရပ်လို့
လက်ခံပြီး ပုဆိုး အင်္ကျီ ထမိန် ဘောင်းဘီ စတာတွေနဲ့
ဝတ်ဆင်ဖုံးအုပ်ကြသလို
ရဟန်းသံဃာများကျတော့ သင်္ကန်းကို သုံးဆောင်
ဝတ်ရုံ ဖုံးလွှမ်းဝတ်ရုံကြတယ်ပေါ့ဗျာ။

အဲသလိုဖုံးလွှမ်းကြရာမှာ
လှို့ဝှက်အပ်တာတွေဖုံးလွှမ်းရုံသက်သက်မဟုတ်ဘဲ
အပူ အချမ်း နဲ့ မှက် ခြင် ယင် ဘေးတွေကနေ
ကာကွယ်ဖို့ပါ ထိရောက်စေတာမို့ ဝတ်ဆင်
ဖုံးလွှမ်းအပ်တယ်လို့ ပြောရမှာပါ ။

အဲဒီမှာဘဲ အတုပြု အယောင်ဆောင် အရေခြုံတဲ့ကိစ္စ
ဆိုတာမျိုးကျ မဖြစ်သင့်ဘူးလို့ ပြောရမှာပါ။

ကြားဘူးကြမယ်ထင်ပါတယ်
သိုးရေခြုံတဲ့ဝံပုလွေပုံပြင်မျိုး အဲဒီပုံပြင်မှာက
သိုးတွေရဲ့ အကျိုးစီးပွားကို ပျက်စီး စေလိုစိတ်နဲ့
သိုးအရေခြုံတဲ့ ဝံပုလွေရဲ့စိတ်ကို မြင်မိကြမယ်
ထင်တာမို့အထွေအထူးတော့မပြောတော့ပါဘူး။

Facebook ထဲမှာလက်ရှိဖြစ်နေတဲ့အဖြစ်တခုရှိတယ်
အဲဒါက ဓမ္မစစ်ကိုလိုလားတဲ့ လူတစ်စုဟာ ဓမ္မစစ်များကို အဓမ္မအယူတွေက မဖုံးလွှမ်းစေရအောင် ရည်သန်ပြီး ဓမ္မ အဓမ္မစီစစ်ချက်တွေကို သက်ဆိုင်ရာ အာဏာပိုင်တွေဆီကို တင်ပြကြတဲ့အခါ
အဲဒီသတင်းကိုကြားသိကြတဲ့ ဆိုင်ရာအဓမ္မ အုပ်စုတွေကလူတချို့ဟာ ဖုံးလွှမ်းထားအကောင့် တနည်းပြောရင်
Fake Account တွေသုံးပြီး တိုက်ခိုက်နေတာကို
တွေ့လာရတယ်။

ပြောရမယ်ဆိုရင် မကောင်းတဲ့ဖုံးလွှမ်းမှုပေါ့

Fake Account တိုင်းကို မကောင်းဘူးလို့ မဆိုလိုပေမဲ့
သူတပါးကို အနှောက်အယှက်ပေးဖို့ဆိုရင်တော့
မသင့်တဲ့ ဖုံးလွှမ်းခြင်းလို့ပြောရမှာပါ။

နောက်တစ်ခုက သတ္တဝါတွေရဲသန္တာန် ကို ဖုံးကွယ်တတ်တဲ့
အကုသိုလ်ဒုစရိုက် ဆိုတဲ့ကိစ္စ ဒါကတော့ရှိလာတောင်
ဆိုင်ရာကုသိုလ်များနဲ့ အစားထိုးဖြေဖျောက်သင့်တာကို နားလည်ကြမှာပါ။
ရဟန်းတွေ ရဲ့ မဂ်ဖိုလ် ကိစ္စတွေမှာ ဖုံးလွှမ်းအပ်တာ
တစ်ပါးသူကို မပြောအပ်တာ ရှိသလို
ဝိနည်းကိစ္စ တွေမှာတော့ သင့်ရောက်လာတဲ့ အပြစ်အာပတ်တွေကို မဖုံးလွှမ်းအပ်ဖူး
ဆိုင်ရာဒေသနာအလိုက်ကုစားကြမယ်လို့
အတိအလင်းညွှန်ကြားသလို လူတွေမှာလည်း
မိမိဖုံးလွှမ်းထားမိတဲ့အလိုဆိုး တွေရှိနေမယ်ဆိုတောင်
သင့်တော်တဲ့နည်းများနဲ့ပယ်ဖျောက်ပြီး အကုသိုလ် အလိုဆိုးတရားများ ဖုံးလွှမ်းနေခြင်းကိုပယ်ရှားသင့်ပါတယ်။

ပြောသာပြောရတာ ဖုံးလွှမ်းချင်သူက တော့
ဖုံးလွှမ်းဖို့ကြိုးစားနေကြတာပါဘဲ တခါက
ကျော်ငယ်က ရေးဘူးတယ် Deep Web ဆိုတာ
On line လောကထဲက ဖုံးကွယ်နေထိုင်သူတွေအကြောင်းပေါ့မြေအောက်ကွန်ယက်လို့လည်းခေါ်တယ်
မြေအောက်ကွန်ယက် ဆိုတာ သမားရိုးကျ Google လို ရှာဖွေရေး စနစ်နဲ့ ရှာမတွေ့နိုင်တဲ့ အခြား တစ်ဖက်မှာ ရှိတဲ့ On line နယ်ပယ်တခုပေါ့လေ
အဲသလိုမျိုးဘဲ Fb မှာလည်းရှိတတ်တယ်
ရက်ပိုင်းအတွင်းကဘဲ ရိပ်သာတစ်ခုက တရားသမားတစု
Secret Group တခုလုပ်နေတာကိုကြားမိတယ်
ဘာအတွက်လည်းတော့မသိဘူး
ကျနော်အမြင်အရ ကောင်းတဲ့တရားဆိုတာက
မဖုံးလွှမ်းအပ်ဖူး ဖုံးလွှမ်းနေတာရှိရင်တောင်ဖေါ်ထုတ်အပ်တယ်လို့ မြင်မိတယ် သူတို့စိတ်နဲ့သူတို့ဆိုတော့လည်း တားမြစ်ဖို့ခက်တာမို့ထားလိုက်တော့တယ်။

စဉ်းစားကြည့်မိတယ်
ဖုံးလွှမ်းသင့်တာကိုမဖုံးလွှမ်းရင်
ဖုံးလွှမ်းသင့်တဲ့အရာကို မဖုံးလွှမ်းတတ်ရင်
မဖုံးလွှမ်းသင့်တာကို ဖုံးလွှမ်းမိရင် ဘာဖြစ်မလည်းပေါ့
အဖြေကအများကြီးထွက်လာတယ်။

ဗဟုသုတအဖြစ် ပေါ့ဗျာ

သူတပါးအား မပြောကြားအပ်သော အရာကြီး ၉-ပါး
ဆိုပြီး ဟိတောပဒေသကျမ်းမှာ ပြဆိုထားတာရှိတယ်
အဲဒီအကြာင်းတရား ကိုးပါးကို ထင်ရှားစွာ ထုတ်ဖေါ်
မပြောရ မလုံခြုံက ပျက်စီးကျိုးမဲ့ ဖြစ်တတ်သည် လို့
သတိပေးထားတာပေါ့ အောက်မှာကြည့်ဗျ

(၁) အာယု- မိမိနေရအံ့သော အသက်အပိုင်းအခြား၊
(၂) ၀ိတ္တ- မိမိပိုင် စည်းစိမ်ဥစ္စာ ရတနာဟူသမျှ၊
(၃) ဂေဟဆိဒ္ဒ- မိမိ၏ အိမ်၌ မလုံခြုံသော နေရာနှင့်
အပြစ်အဆာ ဟူသမျှ၊
(၄) မန္တ- လျှို့ဝှက်အပ်သော တိုင်ပင် ဆွေးနွေးမှုများ၊
(၅) မေထုန- ကိုယ့်မယားအား သံဝါသမှု စပ်ရှက်ရာ
ပုံနည်းနှင့် ပြုသောနေရာဌာန၊
(၆) ဘေသဇ္ဇနယ- ခဲခက်စွာ ဖေါ်စပ်အပ်သော ဆေးစွမ်းကောင်းများ၊
(၇) တပ- မိမိ၏ ချိုးခြံစွာသော အကျင့်၊
(၈) ဒါန- လှူဒါန်း ပေးကမ်းခြင်း၊
(၉) အပမာဏ- မိမိအား သူတပါးတို့က ပမာမထား မလေးစားပုံ အခြင်းအရာ။

အထက်ကကိုးချက်ကိုဘဲမှတ်ချက် ထပ်ပေးတယ်
တပ,နှင့် ဒါန,တို့အတွက်ကိုမူ မိမိအား သူတပါးတို့က အထင်အမြင်ကြီးလာအောင် ဖြစ်စေ၊ ဂုဏ်ပကာသနကို ဖေါ်လို၍ ဖြစ်စေ၊ မပြောဆိုအပ်၊ ဖုံးလွှမ်းအပ်၏
ထင်သေး မြင်သေး ဖြစ်တတ်သည် ဟူ၏၊
"ပတ္တိဒါန"အမျှပေးဝေရေး အတွက်ကိုမူကား ထင်ရှားစွာပြောဆိုအပ်၏ဟု မှတ်လေလို့ပေါ့

ပြောစရာက ထပ်ပေါ်လာတယ် စာရှည်တာသည်းခံပေးပါဗျာ။

(၆)ဘေသဇ္ဇနယ ဆိုတဲ့ ဆွေးစွမ်းကောင်းနည်းကို
မပြောအပ်ဖူး ဖုံးလွှမ်းအပ်တယ်လို့ဆိုရာမှာ
ဖုံးလွှမ်းမိလို့ အကျိုးမဲ့ ဖြစ်ရတဲ့ အကြောင်းတခုကို
ငယ်ငယ်ကဖတ်ဖူးတယ် မှတ်မိသလိုပြောပါမယ်

အမှတ်မမှားဘူးဆိုရင် လူရှည်တောင်တန်းမိုးယဉ်ဆိုတဲ့ ဆရာကဆွဲတဲ့ကာတွန်းလေးပေါ့

တခါကရွာတစ်ရွာမှာ ဆေးဆရာမိသားစုရှိတယ်
တရက်မှာ ဆေးဆရာဟာသတင်းတခုကြားတယ်
သူနဲ့ရွာနီးချုပ်စပ်မှာကူးစက်ရောဂါတခုကျနေတယ်လို့
ဒါနဲ့သွားစုံစမ်းတဲ့အခါ သူကုနိုင်တဲ့ရောဂါလို့သိလိုက်တယ် ဖေါ်စပ်ရမဲ့ ဆေးအမယ်တွေက
သူ့ရွာအနီးမှာ များစွာမရှိတော့ အခြားတနေရာမှာ
သွားရှာပြီးဆေးဖေါ်ရောင်းပြီး သူဋ္ဌေးဖြစ်အောင်
လုပ်မယ်လို့အကြံရလာတယ်
အကြံနဲ့အိမ်ပြန်လာတဲ့ဆေးဆရာကို သားဖြစ်သူက
ဆေးနည်းပေးဖို့တောင်းတယ် အဖေက မပေးဘူး
ဖုံးလွှမ်းထားတယ် ဘာလို့ဆို ခက်ခဲတဲ့ဆေးနည်း
ဆိုတာက ဖုံးလွှမ်းထားရမယ်လို့ သူနားလည်လို့ပါ
သူ့သားကိုပေးလိုက်ရင် သူ့သားကတဆင့် အခြားလူဆီ
ပျံ့နှံ့သွားမှာစိုးလို့ မပြောဘဲ ဆေးအမယ်ရှာ ခရီးထွက်ပါတယ်။
ဆေးအမယ်ရပြန်လာတဲ့အခါ ငါ့ချမ်းသာပြီဆိုတဲ့
အတွေးနဲ့ပေါ့ ဒါပေမဲ့ သူ့ရွာကိုရောက်တော့
သူမြင်လိုက်ရတာ လူမရှိတော့တဲ့ရွာပျက်ကြီး
သူသွားနေတဲ့ကာလမှာဘဲ ကူးစက်ရောဂါကတိုက်စားလို့ရွာလုံးပြုတ်နေပြီ
တကယ်လို့ သူသာဆေးနည်းကိုမဖုံးလွှမ်းခဲ့ဘူးဆိုရင်
အနည်းဆုံးတော့ သူ့မိသားစုဟာရှင်ကျန်နိုင်တယ်
အခုတော့ ဖုံးလွှမ်းမိတဲ့အပြစ်က သူ့အတွက်
မထင်ရက်အောင် နှိပ်စက် ခြင်းဘဲရလိုက်တယ်။

နောက်တစ်ခုက မသိုမှီးတတ်လို့ မဖုံလွှမ်းအပ်တဲ့နေရာမှာ ဖုံးလွှမ်းမိသူရဲ့ အဖြစ်တခု

တခါကတောင်ပေါ်ဒေသမှာ လူတစ်ယောက်က
ဆားတစ်ခဲရလာတယ်
တောင်ပေါ်ဒေသဆိုတာ ဆားဆိုတာ အဖိုးတန်ချိန်ကပေါ့
ဆားခဲရလာတဲ့လူဟာ သူရလာတဲ့ ဆားကို သူတပါးက
ယူသွားမှာစိုးလို့ ဖုံးလွှမ်းထားမယ်ဆိုတဲ့ အသိနဲ့
တောင်ကျချောင်းရဲ့ရေတံခွန်တစ်ခုအောက်မှာ
သွားပြီးဖုံးလွှမ်းတယ် ဝှက်တယ်ပေါ့ဗျာ
အဲသလိုဝှက်ပြီး သူလိုတဲ့အခါသွားယူတော့
ဆားခဲက မရှိတော့ဘူး အရည်ပျော်ဆုံးရှုံးလိုက်ရပြီ

တကယ်လို့သာ သူဆားခဲရခံ့ချိန်က မဖုံးလွှမ်းမသိုဝှက်ဘဲ နီးစပ်ရာလူများကိုမျှဝေခဲ့မယ်ဆိုရင်
ဆားကုန်သွားတောင် သူ့စေတနာအကျိုးအဖြစ်
အများရဲ့မေတ္တာကိုတော့ရမှာပါ အခုတော့..

အဲဒီလိုဘဲ

ကောင်းသောစကား ကောင်းသောတရားဆိုတာကို
လှို့ဝှက် ဖုံးလွှမ်း ပျက်စီးစေမှာထက်စာရင်
ဖွင့်ဖေါ်ထုတ်ပြရင်း အများအကျိုးကိုဖြစ်စေတာက
ပိုအဆင်ပြေမယ်လို့မြင်မိပါတယ်

ဘာဘဲဖြစ်ဖြစ်ပါလေ

လူဆိုတာကိုယ့်အထွာနဲ့ကိုယ်ချည်းမို့

ဖုံးလွှမ်းအပ်တဲ့အရာဆိုပေမယ့်လည်း
မဖုံးလွှမ်းအပ်တဲ့အခြေအနေနဲ့ နေရာမျိုးမှာ
ဖုံးလွှမ်းဖို့ သင့် မသင့် စဉ်းစားကြဖို့
လက်ညောင်းခံ လျှာရှည်လိုက်ပါတယ်ဗျာ

-မှတ်စုကြမ်း  #AungOo

Coin Marketplace

STEEM 0.16
TRX 0.15
JST 0.028
BTC 57847.79
ETH 2291.52
USDT 1.00
SBD 2.46