Long Long Ago
တစ်သောင်းတန်အစုတ်ကလေးတစ်ရွက်
ငယ်ငယ်ကဆိုရင်
ရှင်ဘုရင်တွေအပေါ်
ဆင်ဖြူတော် အရူးထသူတွေလို့
မြင်ဖူးခဲ့တာပါ့ကွယ်။
ရှင်ဘုရင်တွေဟာ
အားအားရှိ ဆင်ဖြူတော်ပဲ ရှာတယ်
ရှင်ဘုရင်ချင်းဆုံရင်
ဆင်ဖြူတော်ချင်းပြိုင်သတဲ့
အိပ်ရာမဝင်ခင် ပုံပြင်တွေထဲမှာ။
ပြောရရင်
အဲဒီခေတ်က
ကျပ်တစ်သောင်းတန် ငွေစက္ကူတောင် မပေါ်သေးဘဲနဲ့။
ငါတို့ဟာ
ရှင်ဘုရင်မဟုတ်ပါဘဲ
ဆင်ဖြူတော်စကားပဲ ပြောဖြစ်နေကြ
တစ်သောင်းတန်တွေ တစ်သောင်းတန်တွေ
ဝင်တယ်
ထွက်တယ်
ဝင်တယ်
ထွက်တယ်။
ဗေဒင်ဆရာက မှာတယ်
ဆင်ဖြူတော်ဝင်မယ့်နိမိတ်မြင်သတဲ့
ချည်တစ်ခင်နဲ့ ကျိန်းမကျေစေနဲ့ဆိုလား
စဉ်းစားကြည့်တော့
ငါတို့အသိဥာဏ်တွေကိုက
ငါတို့ဘဝတွေရဲ့
ယတြာအချေခံသက်သက်ပါ ဗေဒင်ဆရာရယ်။
အိမ်ကို ပြန်မရောက်ဖြစ်တော့သူများရဲ့ ညနေ
တစ်သက်လုံးကြိုးစားယူတာတောင်
အိမ်ကို တစ်ညကလေး ပြန်မရောက်နိုင်ခဲ့သူတွေ
ကမ္ဘာမြေရဲ့ အလျားကို
ဘယ်အရာတွေကများ ဆွဲဆန့်သွားသလဲကွယ်။
ဘဝကို ညလို့ဆိုရင်
အိပ်မက်က ဘယ်နားကျကျန်ခဲ့ပါလိမ့်
ညနေထဲမှာ
မျက်ရည်ဝဲနေခဲ့ဖူးတဲ့ အခိုက်အတန့်များစွာ။
ခရီးတွေက
ခြေလှမ်းကို စုပ်ယူမြိုဝါး
လိပ်ပြာလွင့်နေသူများ လည်ပြန်
အော်သံခေါ်သံတွေနဲ့
ပုစွန်ဆီရောင် ယင်းထနေတဲ့ ညနေ။
အိမ်ကို ခဏပြန်ဖို့
သေတင်းကုပ်တံခါးကို ဆောင့်ကန်ဖွင့်
သေရည်နဲ့ ရွက်လွှင့်သွားသူတစ်ယောက်ကိုတွေ့ရင်
မထီမဲ့မြင်လည်း မပြုစေချင်ပါဘူးလေ။
ဘဝဆိုတာ ခေါစာပဲလား
ရွာသူပြုစား၊ စုန်းတောက်ခံရရင်
ခုလို မိုးချုပ်ချုပ်ဆို ပစ်ရတဲ့
စားတော်တိုက်စရာ ခေါစာ ဘဝတွေလား
အိမ်ပြန်ခဲ့ပါတော့လားဆိုတဲ့စကားထက်
နာကျင်အောင် ဆဲရေးတိုင်းထွာနိုင်တာ
ဘယ် ဘာသာစကားမှ မရှိပါဘူးကွယ်
ငြိမ်းလည်း - လွမ်းတယ်
အားလုံးလည်း လွမ်းခဲ့တယ်
မိုင်တိုင်အမှတ်အသားတွေအကြား
လိပ်ပြာလွင့်နေသူအလား
အိမ်ကိုတော့ တစ်ခေါက် ပျံချင်မိသားကွယ်
ညနေတွေ
ညနေခင်းတွေရေ...။ ။
ငြိမ်းသဇင် (ပညာရေး)
တစ်သောင်းတန်အစုတ်တစ်ရွက်ရယ်
အကြံကောင်း ဥာဏ်ကောင်းရယ်
ခုခေတ်မှာ လက်ခံရခက်နေဆဲ။
ကဗျာရေးတဲ့လက်ထဲမှာ
နှလုံးခုန်သံတချို့ဟာ
ဆင်ဖြူတော်တစ်ရွက်လို အိပ်ပျော်နေေ.......လရဲ့
မင်စွန်းနေတဲ့ တစ်သောင်းတန်လေးရေ။
ငြိမ်းသဇင် (ပညာရေး)