** တွဲဘက်ကျောင်းဆရာ ကိုဗေဒါ **

in #myanmar9 years ago (edited)

22154450_1096916290443792_861492372609877198_n (1).jpg
သီတင်းကျွတ် ကျောင်းပိတ်ရက် တစ်နေ့ ဆရာကိုဗေဒါတစ်ယောက် အခန်းအောင်းကာ စိတ်ပြေလက်ပျောက် လိုင်းဖွင်း facebook သုံးနေလေသည်။
" ဆရာ .........."
" ဆရာ ရှိလား ………… "
Fb သုံးရင်း ဖုန်းလေးကို အပေါ်အောက် ဆွဲပွတ်ရင်း စိတ်ဝင်စားစရာ သတင်းတစ်ပုဒ်ဖတ်နေစဉ် အိမ်ရှေ့တံခါးဆီမှ ခေါ်သံကြားလိုက်သဖြင့် လိုင်းပိတ်လိုက်သည်။ ကျောင်းသူတစ်ယောက်နှင့် ဇနီး တို့ စကားပြောသံကြား၍ ထကြည့်လိုက်ရာ ( ၉ )တန်း ကျောင်းသူလေး လှသဉ္ဇာ ဖြစ်နေသည်။ ညနေမိုးချူပ်ခါနီးမှ ဘာကိစ္စရှိလို့လာတာပါလိမ့်။ ကျောင်းပိတ်ရက်မှာ ဘယ်လိုအကြောင်းကိစ္စ ဖြစ်ပေါ်လာပါလိမ့်။ တကယ်တမ်း၌ ကျောင်းသား ကျောင်းသူများသည် ဆရာ၊ ဆရာမများ၏ အိမ်သို့လာခဲလှသည်။
အခု…..လှသဉ္ဇာ လို ကျောင်းသူမျိုး လာတယ်ဆိုတော့ ပိုလို့ပင်စဉ်းစားစရာ ဖြစ်နေပြန်သည်။ တကယ်တော့ လှသဉ္ဇာ သည် စိတ်မနှံ့သော ရွာအနောက်ပိုင်းမှ ဒေါ်သူဇာခိုင် ၏ သမီးဖြစ်နေသောကြောင့်ပင်။
33076_2014050210141400_IMG_20140502_084415.jpg
ဆရာဗေဒါတို့ ဇနီးမောင်နှံသည် ပြီခဲ့သောနှစ်နှစ်ကမှ သာယာကုန်းကျေးရွာ တွဲဘက်အထကကျောင်းသို့ တာဝန်ဖြင့် ရောက်လာခြင်းဖြစ်သည်။ သာယာကုန်းရွာသည် အိမ်ခြေ(၂၀၀)ကျော်ရှိ၍ အရှေ့အနောက် လမ်းတစ်ကြောင်းတည်းရှိသည်။ တောင်မြောက် လမ်းတဖက်တချက်စီ၌ ခြေတန်ရှည်အိမ်များ သရက်၊ ပိတောက်စသော အရိပ်ရသစ်ကြီးပင်များ အစီအရီဖြင့် ရွာတန်းရှည်လျားကာ စည်းကားပြီး နေချင်စဖွယ်ကောင်းလှ၏။ အနီးအနား ပတ်ဝန်ကျင်ရွာများမှ အထက်တန်း ကျောင်းသူ ကျောင်းသားများသည် သာယာကုန်း တွဲဖက်အထကကျောင်းသို့လာ၍ ပညာသင်ကြားကြသည်။ ရွာသူရွာသားများသည် လယ်ယာလုပ်ငန်းကို အဓိကလုပ်ကိုင်ကြသည်။ တစ်ချို့သောသူများသည် စာရင်းငှါး၊ တောင်ယာခုတ်၊ ပိုက်ချ၊ ငါးရှာ၊ သုံးဘီးဆိုင်ကယ်မောင်း စသဖြင့် စီးပွါးရှာကြသည်။ သို့သော် ရွာအနောက်ပိုင်း၌ တခုခုဖြစ်လျှင် အရှေ့ပိုင်းနေသူများ တော်ရုံနှင့်မသိကြ။ အရှေ့ပိုင်း၌ တခုခုဖြစ်လျှင်လည်း အနောက်ပိုင်းသားများ မသိကြပါ။ သာယာကုန်းရွာသားများသည် တစ်ယောက်ချင်းဆိုလျင် ရင်းနှီး သင့်မြတ်ကြသော်လည်း အလှူအတန်းများ၊ ရပ်ရွာအရေး၊ ကျောင်းရေးကန်ရေး စသောကိစ္စများကို အပိုင်းလိုက် လုပ်ကြပြီဆိုလျှင် ညီညွတ်မှုမရှိကြပေ။ ရှေ့ယခင်ကတည်းကပင် အရှေ့ပိုင်း၊ အလယ်ပိုင်း၊ အနောက်ပိုင်း သုံးပိုင်းသုံးအုပ်စုကွဲလျက် အပြိုင်အဆိုင်ရှိနေသည်ကို မည်သူမှ ပေါင်းစပ် ညီညွတ်အောင်လုပ်၍ မရပေ။ ထို့ကြောင်းပင် ရွာလုံးကျွတ် အစည်းအဝေးလုပ်တိုင်း တပိုင်းနှင့်တပိုင်း ပြဿနာဖြစ်ကာ စကားများကြလေ့ရှိသည်။ ဤကဲ့သို့သောရွာ၌ ဆရာဗေဒါတို့ ဇနီးမောင်နှံသည် တွဲဘက်ကျောင်းဆရာအဖြစ် ရောက်ရှိလာခြင်းဖြစ်သည်။
33081_2014050210154200_IMG_20140502_084542.jpg
ရွာအနောက်ပိုင်းမှ လှသဉ္ဇာသည် အတန်းထဲတွင် ကျောင်းသား ကျောင်းသူများရော ဆရာ ဆရာမများကပါ အမှတ်ထင်ထင် ဂရုတစိုက်ဝိုင်း၍ ကြည့်ရှုခြင်းခံရသော ကျောင်းသူတစ်ဦးဖြစ်သည်။ သူ့အမေမှာ ဒေါ်သူဇာခိုင်ဆိုသည့် နာမည်နှင့်လိုက်အောင်ပင် ဖြူဖွေးပြီး ရုပ်ရည်ခပ်သန့်သန့်နှင့် ချောမောလှပသော အမျိုးသမီးတစ်ဦးဖြစ်သည်။ စိတ်မဖောက်သည့် အချိန်ကြည့်လျှင် သနပ်ခါးအဖွေးသားနှင့် မျက်နှာပြူံးရွှင်ကာ စကားကောင်းများကို ပြောဆိုတတ်သည်။ တစ်ခါ တစ်ရံ ဆရာဗေဒါ နှင့် လမ်း၌ဆုံလျှင် " သမီး လှသဉ္ဇာ ကို ဆရာတို့လက်ထဲအပ်ပြီးသား ပညာတတ်အောင်သင်ပေးဖို့ ဆရာတို့ကို အားကိုးပါတယ် " ဟူ၍ ပြောတတ်သည်။
အဲ.…စိတ်ဖောက်ပြီဆိုလျှင်တော့ ရွာရိုးကိုပေါက် အလျား အနံ လျှောက်သွားပြီး ခုနစ်သံချီဟစ်တော့သည်။ သူ့ယောက်ျား သုံးဘီမောင်းစာလေးနှင့် မိသားစု(၅)ယောက် ထမင်းနပ်မှန်အောင် မနဲချွှေတာပြီး စားနေရတဲ့အကြောင်း သူ့သား အကြီးဆုံးက မလေးရှားကို အလုပ်သွားလုပ်မည်ဆိုပြီး ထွက်သွားကတည်းက ၃-နှစ်ရှိသွားပြီ မိဘကို သိတတ်မှာကိုထား အဆက်သွယ်တောင် မရတော့သည့်အကြောင်း စသဖြင့် သူ့မိသားစုအကြောင်း ရွာထဲမှ သူမကျေနပ်သူများ၏ အကြောင်းများကိုသာ အပ်ကြောင်းထပ်အောင် အော်ပြောနေတတ်သည်။
myanmar-student.jpg
(၉)တန်းခန်းထဲ လှသဉ္ဇာ ရောက်လာသည့်နေမှစ၍ ဆရာဗေဒါ အသေအချာ အကဲခတ်ကြည့်သည်။ စိတ်မနှံ့သူ၏ သမီးမို့ ကျောင်းသား ကျောင်းသူများက မခေါ်မပြောကြ။ ဆေးဖော်ကြောဖက် မလုပ်ကြပေ။ သူထိုင်သောခုံတန်း၌ မည်သည့်ကျောင်းသူမှ မထိုင်။ လှသဉ္ဇာ ၏ ရင်ထဲ၌ သိမ်ငယ်စိတ်၊ အားငယ်စိတ်၊ ငိုချင်စိတ်များ အဘယ်မျှပြည့်ကျပ်နေမည်ကို အငှား ခံစားကြည့်သည်နှင့်ပင် ဆရာဗေဒါ့ အသည်းထဲတွင် စူးခနဲ နာကျင်နေပါသည်။

တစ်ခါလာလည်း အရောင်လွင့်နေသော ကျောင်းစိမ်းထဘီ၊ ဝါကြန့်ကြန့်ဖြစ်နေသော အင်္ကျီးလေးနှင့် ဆီမဲ့နေသော ဆံပင်ဆံစများက နားထင်စပ်မှာ ဖြာကျနေသည့် လှသဉ္ဇာ ရုပ်ပုံလွှာကား ဆရာဗေဒါ၏ မျက်လုးံအိမ်မှ ဘယ်သောအခါတွင်မှ ပျောက်ကွယ်သွားမည်မဟုတ်။
လှသဉ္ဇာ တစ်ယောက် စိတ်အားမငယ်အောင် သူကျောင်းမတက်သော ရက်များ၌ ကျောင်းသား ကျောင်းသူများအား သူ့ကို စကားပြောကြဖို ခင်ခင်မင်မင်နေကြဖို့ သူတစ်ယောက်တည်း အထီးကျန်ဆန်ဆန် မထားကြဖို့ နားလည်အောင် ပြောပြထားရသည်။ ဆရာဗေဒါ ကိုယ်တိုင်ကလည်း အခြားသူများထက် သူကို ပို၍စာမေးသည်။ စာရွတ်ပြခိုင်းသည်။ အားပေးစကားပြောသည်။ သို့သော်သူ့အမေ၏ အရိပ်မည်းမည်းကြီးက သူ့ကို အမြဲချောက်လှန့်နေသလားမသိ။ သူ့ခမျာ စကားလည်းသိပ်မပြော စာအုပ်နှင့် မျက်နှာအပ်ကာ အမြဲတမ်းပင် တုံဏှိဘာဝေ လုပ်နေသည်က များလေသည်။

" လာလေ …… လှသဉ္ဇာ အိမ်ထဲလာ "
အခန်းဝဆီမှ ဆီးခေါ်လိုက်သောအခါ သူ့မျက်နှာမှာ အပြူံးများ ဝေသွားသည်။ စာသင်နစ်တစ်ဝက်လုံး သူပြူံးတာ တစ်ခါမှ မမြင်ခဲ့ရသော ဆရာဗေဒါသည်ပင် အပြူံးများ ကူးစက်သွားလေသည်။ ပါလာသော လွယ်အိတ်ကို ဘေးမှာချထားပြီး ထိုင်ခုံပေါ်ထိုင်ထိုင်ချင်း …
" ဆရာ…နေကောင်းလား။ ကျောင်းပိတ်ကတည်းက ဆရာ့ကိုမတွေ့တာ၊ ဆရာက အမြဲတမ်း စိတ်ချမ်းသားနေတာပဲ။ ဆရာ…..ကျွန်မတို့ စာမေးပွဲ ဘယ်တော့ဖြေရမှာလဲ။ ကျမှာပါ။ ကျွန်မကတော့ ကျမှာပါ။ အို……ကျလို့မဖြစ်ဘူး။ အမေကနှင်ထုတ်လိမ့်မယ်။ အောင်ရင် သိပ်ကောင်းမယ်ဆရာ။ ဒါဆိုနောက်နစ် (၁၀)တန်းကို နစ်ချင်းပေါက် အောင်အောင်လုပ်မယ်။ အောင်ရင် ဆရာတို့လို ကျောင်းဆရာ လုပ်မယ်လေ။ ဒါပေမယ့် ဒီရွာမှာတော့ ပြန်မလုပ်ဘူး။ ကျွန်မအောင်ရင် " ညောင်ပင်သာ " ဆိုတဲ့ ရွှာကလေးမှာ ကျောင်းဆရာမ သွားလုပ်မယ်။ ဆရာလည်း အဲဒီကျရင် အလည်လာခဲ့နော်။ အို……မအောင်နိင်ပါဘူး။ ကျွန်မ စာတွေမလိုက်နိုင်ဘူးဆရာ၊ ဒါပေမယ့် ဆရာ အမှတ်(၃၀)ဆို အောင်နိုင်ပါ့မလား။ အောင်ရင် တကယ်ပြောတာ။ ညောင်ပင်သာရွှာလေးမှာ ကျောင်းဆရာမ သွားလုပ်မယ်ဆရာ။ သြော်.....ဆရာ ကျွန်မအခု မြို့ကပြန်လာတာ၊ ကျောင်းပိတ်တုန်း ကျွန်မအဖေနဲ့ မြို့ကိုလိုက်သွားတယ် ဆရာ။ မြို့မှာ အရမ်းပျော်စရာကောင်းတယ်၊ လူတွေလည်း အများကြီး၊ ကားတွေလည်း အများကြီးပဲ ဆရာရယ်။ အမလေး မောလိုက်တာ။ အစ်မရေ ရေတစ်ခွက်လောက် "
ဆရာဗေဒါဇနီးက ရေခပ်ပေးလိုက်သည်။ ရေသောက်နေသော လှသဉ္ဇာ ကို ကြည့်ကာ ဆရာဗေဒါတစ်ယောက် အံ့သြမိနေသည်။ စာသင်ခန်းထဲမှာ အာစေးထည့်ထားသူလို တေမိလို နှုတ်ဆိတ်နေခဲ့သူ၊ အခုကျတော့လည်း ရေပက်မဝင်အောင် ရွှန်းရွှန်းဝေအောင်ပြောသွားသည်။ စာသင်ခန်းထဲမှာ သိမ်ငယ် ညိုးနွမ်းနေသော မျက်နှာကား ယခုတော့ နှင်းပန်းလေးလို လန်းဆန်းလို့ပါလား။
မည်သို့ပင်ဖြစ်စေ လှသဉ္ဇာ ပြူံးရွင် တက်ကြွနေသည်ကို မြင်ရလျှင် စကားဖောင်ဖောင်ပြောသည်ကို တွေ့ရလျှင် ဆရာဗေဒါ ဝမ်းသာသည်။ သူ့ဘဝ ထာဝရပျော်ရွှင်နိုင်ပါစေဟု စိတ်ထဲက ရေရွတ်နေမိသည်။
" ဒါနဲ့……လှသဉ္ဇာ၊ ဆရာ့ဆီလာရတဲ့ အကြောင်းကိုလည်းပြောပါဦး။ ဘာအခက်အခဲများရှိနေလို့လဲ။ ပြောပါ၊ ဆရာ့ကို အားမနာနဲ့။ ကူညီနိုင်တဲ့အခက်အခဲဆိုရင် ဆရာကူညီမယ် "
ဆရာဗေဒါ မေးခွန်းမဆုံးခင်မှာပင် လှသဉ္ဇာ သည် သူ့နီညိုရောင် လွယ်အိတ်အိုလေးထဲမှ အထုပ်ကိုထုတ်၍ ဆရာဗေဒါ ရှေ့ချလိုက်သည်။
100882292.jpg
" ဆရာ …… ဆရာ့ကို ဟောဒီတဘက်လေးနဲ့ ဦးဦး ဖျားဖျား လာကန်တော့တာပါ "
အို………မြတ်စွာဘုရား။ စိတ်ထဲမှ ယောင်ယမ်းလိုက်သော ဘုရားတသံသည် ဆရာဗေဒါ၏ နူတ်ဖျားမှ ခုန်မထွက်သွား၍ တော်သေးသည်။ ဟုတ်ရောဟုတ်ရဲ့လား။ အိမ်မက်များ မက်နေတာလား။ ဘယ်လိုမှ မမျှော်လင့်ခဲ့။ ဤသို့ဖြစ်လာလိမ့်မည်ဟု ဆရာဗေဒါတစ်ယောက် ဘယ်တုန်းကမှမထင်မှတ်ခဲ့ ။

ဆရာဗေဒါ စာသင်ကြားနေသည့် သာယာကုန်း တွဲဘက်အထက်တန်းကျောင်းမှ ကျောင်းသား ကျောင်းသူ အများစုမှာ လက်ဆောင်ပဏ္ဏာများနှင့် လာပြီးကန်တော့တယ်ဆိုတာ တော်တော်နည်းလှသည်။ စာသင်ခန်းထဲမှာသာ " ဆရာ……ဆရာ " လို့ ဝတ်ကျေတန်းကျေ မနားတမ်းခေါ်နေကြသော်လည်း ကျောင်းပုရိဝုဏ်အပြင်ဘက် ရောက်သွားပြီဆိုလျှင် " ဆရာ " လို့ တစ်စက်ကလေးမှ မခေါ်တော့။ (၁၀)တန်း အောင်သွားသူများက ပိုဆိုးသည်။ လမ်းတွေ့လျှင် နှုတ်တောင်မဆက်တော့ဘဲ ခပ်တည်တည်နှင့် ရှောင်သွားကြသည်။ တချို့ဆိုလျှင် ပခုံးချင်း မတိုက်မိအောင် ကိုယ်ကပဲဦးအောင် ရှောင်ပေးလိုက်ရသည့် အခါမျိုးပင် ရှိသေးသည်။
နောက်ပြီးစေတနာ ပရပွနှင့် အားကြိုးမာန်တက် သင်ပေးလိုက်သဖြင့် ရှားရှားပါးပါး " မြန်မာစာ " ဂုဏ်ထူးလေးများ ထွက်လာ၍ ဝမ်းသာပီတီဖြင့် လူပုံအလယ်၌ " မြို့ကျောင်းကြီးကတောင် မြန်မာစာ ဂုဏ်ထူး မထွက်ဘူး။ တို့ရွာတွဲဘက်ကျောင်းလေးက ထူးထူးခြားခြား ထွက်တာကွ " ဟူ၍ ဂုဏ်ယူ ဝင့်ကြွား စကားဖောင်ဖွဲ့မဆုးံခင်မှာပင် " ဘယ်သူ့ကြောင့်မှ ဂုဏ်ထူးထွက်တာ မဟုတ်ဘူး။ ကိုယ့်ဘာသာကိုယ် ကြိုးစားလို့ထွက်တာ" ဟု ပြောဖြစ်အောင် ပြောသည့်သူက ရှိသေးသည်။
သင်စရာမလိုဘဲ မွေးကတည်းက အကုန်လုးံ တတ်လာခဲ့သည့်အလား။ ဆရာ၊ ဆရာမများ၏ အခန်းကဏ္ဍကို မေ့ဖျောက်ပစ် ဖို့ကြိုးစားကြသည်။ သည်ကြားထဲ ရွာ့မျက်နှာဖုးံ ဂုဏ်သရေရှိ လူကြီးလူကောင်း အချို့၏ သားသမီးများကလည်း မိဘ၏အရှိန်အဝါဖြင့် ကျောင်းထဲရော ကျောင်းပြင်ပမှာပါ မချေမငံသောအပြူအမူ အပြောအဆိုများနင့် ဆက်ဆံပြန်သေးသည်။ သည်လို စေတနာနားမလည်သော ကျေးဇူးတရားမသိတတ်သော တပည့်တပန်းများနှင့် အမြဲလိုလို ကြူံတွေ့နေခဲ့ရသော တွဲဘက်ကျောင်းဆရာကလေး ကိုဗေဒါမှာ အခုလို စိတ်မနှံ့သူတစ်ယောက်၏ သမီး၊ (၉)တန်းကျောင်းသူလေးတစ်ယောက်က ဆရာကို ဆရာမှန်းသိ၍ လာရောက်ကန်တော့သည့် အဖြစ်ကို မျက်ဝါးထင်ထင် တွေ့ကြုံရသောအခါ မအံ့သြပဲ မနေနိင်ပြီ။ ဝမ်းသာကြည်နူးစိတ်ကလည်း ရင်ထဲ၌ ပြည့်သိပ်၍နေလေသည်။

လှသဉ္ဇာ သည် ဆရာဗေဒါရှေ့၌ ဒူးတုပ်လျက် " ကာယကံ၊ ဝစီကံ၊ မနောကံနဲ့ ဆရာ့ကို ပြစ်မှားခဲ့ရင် ကျွန်မကို ခွင့်လွှတ်ပါဆရာ " ဟူ၍ ဦးသုးံကြိမ်ချနေစဉ် ဆရာဗေဒါမှာ ဝမ်းသာလွန်းသဖြင့် ဘာဆုတွေပေးရမှန်း မသိအောင်ဖြစ်သွားသည်။
နောက်ဆုးံတော့ " ဆရာ့ တပည့်မ ကျောင်းစာမေးပွဲသာမက ဘဝစာမေးပွဲတွေလည်း အောင်မြင်နိုင်ပါစေကွယ် " ဟု ဆုပေးစကား ပြောနေစဉ်မှာတော့ ဆရာ့မျက်လုးံအိမ်ဝယ် မျက်ရည်များ ပြည့်လျှံနေခဲ့ပြီ ။
" ဆရာ………ကျွန်မကို ပြန်ခွင့်ပြူပါ "
ကိုဗေဒါခေါင်းညိတ်လိုက်ပြီး လှသဉ္ဇာကို ခြံအပြင်ရှိ စကားဝါပင်အောက်အထိ လိုက်ပို့သည်။ ကိုဗေဒါ လက်ထဲမှာ လှသဉ္ဇာ ကန်တော့ခဲ့သော တဘက်လေးကို ကျစ်ကျစ်ဆုပ်ရင်း "သြော် သိတတ်လိုက်တဲ့ တပည့်မလေးရယ် " ဟု ရေရွတ်ကာ အမှောင်ထုသန်းလာသော ရွာလယ်လမ်းမပေါ်မှာ ဖြည်းဖြည်းချင်း ထွက်ခွာသွားသော လှသဉ္ဇာ၏ ကျောပြင်ကို အမှောင်ထုထဲ ပျောက်ကွယ်သွားသည်အထိ လိုက်၍ ငေးကြည့်နေမိသည်။
384171_271009546269234_220237744679748_711663_1324873055_n.jpg
" ဘယ်လိုလဲကျောင်းဆရာ၊ ဘာတွေငေးကြည့်နေတာတုးံ "
အလုပ်ပြန်လာသော ကိုစံရွှေ လှန်းမေးလိုက်သောအသံကြားမှ မျက်လုးံအကြည့်ရုပ်သိမ်းလိုက်သည်။
" သြော်……ကိုစံရွှေပါလား၊ ကိုစံရွှေကို ကြွားရဦးမယ်ဗျာ။ ဟောဒီ သာယာကုန်းရွာမှာရှိတဲ့ ကျောင်းသား ကျောင်းသူတွေက ဆရာကိုဆရာမှန်းသိတဲ့သူ တစ်ယောက်တစ်မှ မရှိဘူးလို့ တစ်ခါ ခင်ဗျားကို ကျွန်တော်ပြောခဲ့ဖူးတာ မှတ်မိသေးရဲလား။ အခုတော့ ကျွန်တော်ပြောတာနဲ့ တက်တက်စင်အောင် လွဲသွားပြီဗျာ။ အမယ်လေး အခုဗျာ ဟောဒီတဘက်လေးနဲ့ ဆရာကိုဆရာမှန်းသိလို့ အာစရိယဆရာကို ကျောင်းသူလေးတစ်ယောက် က လာကန့်တော့သွားပြီဗျ။ ဒီရွာမှာရှိတဲ့တပည့်တွေထဲက ဒီတပည့်မလေးကိုတော့ အလိမ္မာဆုးံတပည့်ဆိုပြီး ကျွန်တော် ကမ္ပည်းထိုးထားရမယ်ဗျ " ကြည်နူးစိတ်ကြောင့် ကိုဗေဒါ လေသံများ တတ်ကြွရွှန်လန်းနေလေသည်။
" ဘယ်အတန်းကလဲ ဘယ်သူ့သမီးလဲ ဆရာ "
" (၉)တန်းက လှသဉ္ဇာဆိုတဲ့ ကျောင်းသူလေးဗျာ။ သူ့အမေကဗျာ ဟို ရွာအနောက်ပိုင်းက ဒေါ်သူဇာခိုင်လေ "
" သြော် ဒေါ်သူဇာခိုင့် သမီးလား၊ ခုနလမ်းမှာ ကျွန်တော်နဲ့ ရှောင်ခဲ့တဲ့ ကောင်မလေးထင်တယ် "
" ဟုတ်တယ်၊ ခုလေးတင် ကျွန်တော့်ဆီက ပြန်သွားတာ "
" ဟာ.....အဲဒီကောင်မလေးက စိတ်ဖောက်သွားတဲ့ ကောင်မလေးပဲ "
" ဗျာ…………"
ဆရာဗေဒါ သူ့နားကိုပင် သူမယုံနိုင်။ ရင်ထဲ၌လည်း ယောက်ယက်ခတ်သွားသည်။
" ဟုတ်ရောဟုတ်ရဲ့လား ကိုစံရွှေရာ "
" ကျောင်းဆရာက ကျောင်းပိတ်ထားတော့ တပည့်တွေသတင်း ဘာမှမသိတော့ဘူးထင်တယ်။ ကျောင်းပိတ်ပြီး နောက်တစ်နေ့မှာပဲ သူ့အဖေသုံးဘီးနဲ့ မြို့ကိုလိုက်သွားတာ လမ်းမှာကားမှောက်ပြီး ခေါင်းကိုထိသွားလို့တဲ့ဗျာ စိတ်ဖောက်သွားတယ်။ ဆေးရုံတက်ဆေးကုဖို့လဲ မတတ်နိုင်တော့ သူ့အဖေက သမီးကို ဆေးခန်းလေးပြပြီး ပြန်လာခဲ့တယ် ဆရာ။ ဟိုတစ်နေ့လည်း အိမ်ခေါင်မိုးပေါ်ကို ထမီခါးတောင်းကျိုက်ကြီးနဲ့တတ်ပြီး အောက်ကိုခုန်ချတာ ကံကောင်းလို့ဘာမှမဖြစ်တာတဲ့။ နောက်တစ်နေ့ အဖော်တွေနဲ့ ညောင်ပင်သာရွာကို သွားမယ်ဆိုပြီး ထွက်သွားရော၊ ဖအေကြီးကနောက်ကတစ်ကောက်ကောက်နဲ့၊ သမီးမိန်းကလေးက အပျိုပေါက်ကလေးကဖြစ်ပြန်၊ မိန်းမကစိတ်မနှံ့၊ သမီးကလည်းစိတ်မနှံ့နဲ့ ကြားထဲက ဖအေကြီးက သနားစရာဗျာ။ သူ့ခမျာ အလုပ်လည်း ကောင်းကောင်းမလုပ်ရဘူး။ ကားမှောက်တုန်းက ဘာမှမဖြစ်တာ တော်သေးတယ်။ ဒီမနက်ကပဲ အဲဒီကောင်မလေး ဘယ်ကပြန်လာမှန်းမသိ ကျွန်တော်တို့ လယ်ထဲက စပါးပင်တွေကို နှုတ်သွားသေးတယ်။ အဲနောက် ပျောက်သွားလို့ဆိုပြီး သူ့အဖေ လိုက်ရှာနေတာ။ အခုပဲကျွန်တော်နဲ့ ဈေးကွင်းထဲမှာ တွေ့ခဲ့သေးတယ်။ ကောင်မလေးက ခြေဦးတည့်ရာ လျှောက်သွားနေရင်းနဲ့ ကျောင်းဆရာအိမ် ရောက်လာတာနေမှာပေါ့ "
19732058_1040910932710995_3529962435872264505_n.jpg
ကိုစံရွှေစကားကို နားထောင်ရင်း ကိုဗေဒါတစ်ယောက် ကျောက်ရုပ်လို ငြိမ်သက်နေမိသည်။ အမျိုးအမည်မသိသော ဝေဒနာအစိုင်အခဲများကလည်း ရင်ထဲသို့အကြမ်းပတမ်း ဝင်ရောက်လာသည်။ ဘဝဆိုးချင်းလာတူနေသည့် လှသဉ္ဇာတို့ သားအမိနှစ်ယောက်အဖြစ်ကို စဉ်းစားနေရင်း အသက်ရူ မွန်းကျပ်လာသည်။ တစ်စုံတစ်ခုကို မကျေနပ်ဖြစ်မိသော စိတ်ကြောင့် နှလုးံသားတွင်လည်း စူးစူးနစ်နစ် ခံစားလိုက်ရသည်။
တွဲဘက်ကျောင်းဆရာလေး ကိုဗေဒါသည် တပည့်မလေး၏ တဘက်လေးကို ကျစ်ကျစ်ပါအောင်ဆုပ်
ကိုင်ထားရင်း အဖြေရခက်လှသော မေးခွန်းလေးကို ရင်ထဲ၌ အထပ်ထပ်မေးနေမိတော့သည်။
" ဆရာ့တပည့်မလေးရယ် ဘာကြောင့်ဒီလိုဖြစ်သွားရတာလဲဟာ "
pic 1.jpg

စာဖက်သူ steemit user များအား အစဉ်လေးစားလျက်…
@kyawhlaing
MSC 015
photo = google image, fb

Sort:  

@cryptohustlin has voted on behalf of @minnowpond. If you would like to recieve upvotes from minnowpond on all your posts, simply FOLLOW @minnowpond. To be Resteemed to 4k+ followers and upvoted heavier send 0.25SBD to @minnowpond with your posts url as the memo

Good Article bro!

Thank for your support

great content! and thanks again for following!

သနားဖို့​ကောင်းလိုက်​တာ ၊ nice post with good writing ☺

ဖတ်ပေးတာ ကျေးဇူးပါဗျာ

အ​ရေးအသားကရှယ်​ပဲ

၃ ရက် ရေးထားတာ :-P

Nice post bro

Thank for your support

အင်း စာဖတ်ပီး ဘယ်လိုပြောရဘာ့

ပြောချင်သလိုပြောတော့ အာ့တိုင်းပဲ ဟဲဟဲ

Coin Marketplace

STEEM 0.04
TRX 0.33
JST 0.079
BTC 63100.12
ETH 1669.66
USDT 1.00
SBD 0.41