ကျွန်တော်တွေး ၍ ရေးမိသည် - အပိုင်း ( ၁ ) ( Henry Aung )

in #myanmar5 years ago (edited)

henry Aung.jpg

မင်္ဂလာပါ။ ကျွန်တော့ အနေဖြင့် Steemit platform ပေါ်တွင် စာတိုပေစများ ရေးသားနေခဲ့သည်မှာ များမကြာခင် ၃ နှစ်တင်းတင်ပြည့်တော့မည် ဖြစ်ပါသည်။ အစကတော့ Steem နှင့် SBD များ ရလို စိတ်ဖြစ် ရေးသားခဲ့သည် မှန်သော်လည်း ကြာလာသောအခါ ကျွန်တော့ စိတ်တွင် တမျိုး ဖြစ်လာပါသည်။ တမျိုးဟု ဆိုရာတွင် အခြားမဟုတ်ပါ။

ကျွန်တော်ရေးသားထားသော အကြောင်းအရာများ အား နှောင်းလူ ဖြစ်သော ကျွန်တော့ သားသမီးများ အား အသိပေးလိုစိတ်ဖြစ်လာခြင်း ဖြစ်ပါသည်။ စာတိုပေစများ ဟုဆိုရာတွင်လည်း ကျွန်တော်ရေးသောစာများ မှာ Printed Media အထိ ရောက်နိုင်သော စာများ မဟုတ်သည် ကို မိမိသိပါသည်။

သို့သော် ဒိုင်ယာရီ တခုလို ရေးသားရန်ထက် ဤသို့ ရေးသားထားခြင်းကြောင့် လက်ငင်း အကျိုးလည်း ရှိသော ဤ Steemit Platform ကဲ့သို့သော နေရာများတွင် ရေးသားထားရသည်မှာ ပို၍ အဆင်ပြေသည်ဟုထင်ပါသည်။ စာရေးသည်ဟု ဆိုရာတွင်လည်း နေ့တိုင်း ရေးသား၍ ရနိုင်သည် မဟုတ်ပါ။ စိတ်ပါဝင်စား ရှိသော အချိန် ၊ အားလပ်ချိန် နှင့် ရေးသားလိုသော အကြောင်း အရာများနှင့် တိုက်ဆိုင်ချိန်မျိုးတွင်သာ ပို၍ လက်သွက်ကြောင်း အားလုံးအသိဖြစ်ပါသည်။

11.jpg
Original Source
ဤသို့ဆိုရာတွင် " နင်ကဘယ်လောက်တောင် အရေးပါ အရာရောက်လို့ နင့်အကြောင်းကို သားသမီးတွေကို သိစေချင်ရတာလဲ " ဟုမေးစရာ ဖြစ်လာပါသည်။ မှန်ပါသည်။ ကျွန်တော်သည် သာမန် လက်လုပ်လက်စား သာ ဖြစ်ပါသည်။ အောင်မြင်ပေါက်မြောက်နေသူတယောက်မဟုတ်ပါ။

သို့သော် ကျွန်တော့ အဖေရေးသားထားခဲ့သော ဒိုင်ယာရီများကြောင့် ကျွန်တော့ အဖေ၏ ဘဝများကို သိခဲ့ရသလို သူ့အားလည်း ပို၍ လေးစားအားကျမိခဲ့ပါသည်။ တခါတရံ ကျွန်တော် စိတ်ပျက်အားလျော့ချိန်များတွင် အဖေ့ထံမှ ခွန်အားများရယူခဲ့ရပါသည်။ ကျွန်တော်ရေးသားလိုသော အကြောင်းအရာ အတော်များများ ရှိနေပါသည်။

အဖေ့အကြောင်း နှင့်စပ်လျဉ်း၍ ကျွန်တော်တို့၏ မျိုးရိုးစဉ်ဆက်များ အကြောင်း ၊ ကျွန်တော့ ငယ်ဘဝ စာသင်ချိန် များ အကြောင်း နှင့် ကြီးပြင်းခဲ့သော ရွာအကြောင်း ၊ ပညာသင်ပြီး နောက် လုပ်ငန်းခွင် ဝင်ခဲ့ရသော အကြောင်းများ အထူးသဖြင့် မပြီးဆုံးနိုင်သေးသော " ကျွန်တော်ပြောသောစင်္ကပူ " စသည်စသည်ဖြင့်။ တခါတရံ ကျွန်တော် စိတ်ကူယျဉ်မိသော အချစ် အကြောင်းများအား ကြိုးစား၍ ရေးသားကြည့်ဘူးပါသည်။ သို့သော် အားမပါပါ။

22.jpg
Original Source
ကျွန်တော့အနေဖြင့်ယခုတလော စာရေးခြင်းထက် စာဖတ်ခြင်းအား ပို၍ အားသန်နေသောကြောင့် steemit တွင် ဆောင်းပါးများ အရေးကျဲသွားခဲ့ပါသည်။ ကျွန်တော့အနေဖြင့်စာဖတ်ရာတွင် ထိုစာအုပ်များ ဖြင့်သက်ဆိုင်သော အကြောင်းအရာများအား ဆက်စပ်၍ လေ့လာနေသောကြောင့် အကြောင်းအရာတခု စမိလျင် မပြီးနိုင်မစီးနိုင် တောက်လျောက်လိုက်နေသောကြောင့် ဖြစ်ပါသည်။

တခါတရံ သမိုင်းနှင့် စပ်လျဉ်းသော ကိစ္စများဖြစ်ပါက စာဖတ်ခြင်း၌ ပိုမိုအရသာပြည့်ဝစေရန် Youtube တွင် Documentary များပါးရှာဖွေကြည့်ရှုပါသည်။ ဥပမာ တခုပြရလျင် ယခုတလော ကျွန်တော် စိတ်ဝင်စားနေသည်မှာ အရှေ့အလယ်ပိုင်း နှင့်ပါတ်သက်၍ အစ္စရေးနိုင်ငံ ပေါ်ထွန်းလာခြင်း အကြောင်း နှင့် ဂျူးလူမျိုးတို့၏ သမိုင်းများနှင့်စပ်လျဉ်း သော အကြောင်းအရာများ ဖြစ်ပါသည်။

အရပ် အစ္စရေး ခြောက်ရက် စစ်ပွဲ တွင် အစ္စရေးတို့ စစ်ပြင်ဆင်မှုအကြောင်း Documentary ကြည့်ရှုရသောအခါ အကြောင်းအရာ တခုပြီး တခုသိချင်လာပါတော့သည်။အစ္စရေး တို့၏ လေကြောင်းတိုက်ပွဲ အသာစီး ယူမှုများ မြေပြင် ထိုးစစ်တွင် တင့်ကားတို့၏ စီးချင်းထိုး တိုက်ပွဲများ ထို့အပြင် ထိုအချိန်က နာမည်ကြီးသော အစ္စရေး ကာကွယ်ရေး ဦးစီးချုပ် မျက်လုံးတဖက်လပ်နှင့် မိုရှေဒါယန် အကြောင်း။

33.jpg
Original Source
ဤ အကြောင်းအရာများအား ကြည့်ရှုပြီးသောအခါ ဆရာ တင်နွယ်မောင် ဘာသာပြန်ထားသော မော့ဆက်သူလျို များအကြောင်း စာအုပ်ဖတ်ရသောအခါ ပို၍ ပြီးပြည့်စုံသွားစေပါတော့သည်။ မော့ဆက် သူလျိုတို့ အကြောင်း မှာ စိတ်ဝင်စားစရာ အပြည့်နှင့် ဖြစ်ပါသည်။

ရုရှားလုပ် MIG လေယျဉ်ခိုးယူသော ကိစ္စများ ၊ ဆီရီယား နိုင်ငံတွင် ကာကွယ်ရေး ဝန်ကြီး ဖြစ်လုနီးပါး အထိ အစွမ်း ထက်ခဲ့သော အလီကိုဟင်း ဟူသော သူလျိုတို့ အကြောင်းဖတ်ရသည်မှာ စဖတ်လိုက်သည်နှင့် မပြီးမချင်း computer ရှေ့မှ ထချင်စိတ် မရှိတော့ပါ။ ဤ မော့ဆက်တို့ အကြောင်း ဖတ်ပြီးသည်နှင့် ဆရာမောင်မိုးသူ ဘာသာပြန်ထားသော Exodus ဟူသော အစ္စရေး သမိုင်းနောက်ခံ ဝတ္ထုရှည် ကြီးအား ဖတ်ရသောအခါ ပို၍ အာသာပြေသွားစေပါတော့သည်။

အထက်ပါ စာအုပ်များ ဖတ်ချင်လျင် မျှဝေပေးနိုင်ပါသည်။ သို့သော် အစ္စရေးတို့၏ သမိုင်းနောက်ခံ အကြောင်းအရာများ မသိပါက ထို Exodus ဝတ္ထုအား အရသာခံ၍ ရနိုင်မည်ဟု မထင်ပါ။ ဤသည်မှာ ကျွန်တော်ပြောလိုသော စာပေများအား အရသာခံ၍ ဖတ်သော အကြောင်းအရာများ ဖြစ်ပါသည်။

44.jpg
Original Source
ထို့အပြင် ယခုတလော ကျွန်တော် အကြိုက်တွေ့ခဲ့သော စာအုပ်တအုပ်မှာ ဆရာညီပုလေး ရေးထားသော " ထက်မြက်သော ဓားသွားပေါ်က ချိုမြမြပျားရည်စက်များ " ဟူသောစာအုပ်ဖြစ်ပါသည်။ ထိုစာအုပ်အကြောင်း နှင့်ပါတ်သက်၍ ကိုထွေး ဆောင်းပါး တပုဒ် ရေးဖူးပါသည်။ ထိုစာ အုပ်ပါ အကြောင်းအရာနှင့်ပါတ်သက်၍ ကျွန်တော် သိချင်သော အကြောင်းအရာများအား တောက်လျောက်လိုက်ခဲ့ပုံအကြောင်း နောက်ဆောင်းပါးတွင် ဖေါ်ပြပေးပါမည်။

ဆက်လျက်ဖေါ်ပြပေးပါမည်။

မြန်မာလူငယ်များ steemit တွင်အောင်မြင်ကြပါစေ....

logo.png
Author : Henry Aung ( Kachin )
MSC : 001

Sort:  

တော်တော် စာဖတ် နိုင်ပါလား။ ဟုတ်တယ်ဗျ စာတပုဒ် ထက် အဲ့စာတပုဒ် ဖြစ်ပေါ်လာ ရတဲ့ အကြောင်းအရာက ပို စိတ်ဝင်စား စရာ ကောင်းတယ်။ ပြီးတော့ လည်း မှတ်မိ သွားတယ်

ဟုတ်တာပေါ့ဗျာ... အထူးသဖြင့် အဲဒီ စာအုပ်တွေမှာ အမှတ်မထင် ဖေါ်ပြလိုက်တဲ့ အကြောင်းအရာ တခုခုကို နောက်ယောင်ခံ လိုက်စုံစမ်း ပြီး မသိသေးတာကို သိအောင်လုပ်ရတဲ့ အရသာကို သဘောကျမိတာကြောင့်ပါ။

ဒိုင်ယာရီသဖွယ် ရေးချန်ခဲ့က တန်ဖိုးရှိလှပေမည်
ဒိုင်ယာရီသဘော ရေးနေသောအခါ steem ဈေးကား ဘယ်မျှမဆို မှုစရာမလိုပြီ

Posted using Partiko Android

အေးဗျာ... ဒိုင်ယာရီလို နေ့စဉ် အတွေ့အကြုံတော့ မဟုတ်ဘူးပေါ့။ ဒါပေသိ Steemit Blog ကလည်း ကျွန်တော့ အတွက်တော့ ဒိုင်ယာရီ တခုလို ဖြစ်နေပါပြီ။ Reward ရတာကတော့ အမြတ်ပေါ့။

ကိုဟင်ရဲ့ စာပေဖတ်အားက အားကျစရာဗျ စိတ်ဝင်စားမှုက
အတုယူအားကျစရာပါ

အမှန်တော့ စာဖတ်တာထက် ရုပ်ရှင်ကြည့်တာက ပိုများမယ် ထင်တယ်။ နောက်ကြရင် ကိုဒွန် လို movie review ရေးရင် ကောင်းမလားပဲ။

ကိုယ့်ရဲ့ ယခင် ယခု ဖြစ်ပျက်အကြောင်းအရာလေးတွေ ရေးပြတာ ဖတ်လို့ပိုကောင်းမယ်ထင်တယ်ဗျ

Coin Marketplace

STEEM 0.29
TRX 0.11
JST 0.033
BTC 63901.15
ETH 3133.40
USDT 1.00
SBD 4.05