ကျွန်တော် ပြောသော စင်္ကပူ - အပိုင်း ( ၂၈ ) ( Henry Aung )

in #myanmar6 years ago

henry Aung.jpg

မင်္ဂလာပါ။ ကျွန်တော်၏ မပြီးပြတ်နိုင်သေးသော စင်္ကပူ လုပ်ငန်းခွင်အကြောင်း ဆက်ပါအုံးမည်။ ကျွန်တော့ အနေဖြင့် စင်္ကပူ သင်္ဘောကျင်း တွင် နိုင်ငံတကာမှ အလုပ်သမား အတော်များများ ဖြင့် သိကျွမ်း ခွင့်ရခဲ့ရာ ထိုနိုင်ငံတကာမှ မတူညီသော လူမျိုးစုများ၏ ဓလေ့စရိုက်များ အတော်များများ ကိုသိခွင့်ရခဲ့ပါသည်။

ယခင်က စင်္ကပူ သင်္ဘောကျင်းတွင် ယိုဒယား အလုပ်သမားများလည်း အတော်များများရှိခဲ့ပါသည်။ ကျွန်တော်သိရသလောက် သင်္ဘောကျင်းတွင် အလုပ်လာလုပ်ကြသော ယိုးဒယားများမှာ လုံဝပညာမတတ်ကြသော ၊ လယ်သမား များနှင့် တံငါသည်များ သာဖြစ်ကြပါသည်။ ကျွန်တော့ အနေဖြင့် စင်္ကပူလုပ်ငန်းခွင် အတော်များများတွင် ကျင်လည် ခဲ့ဘူးရာ ယိုဒယား အင်္ဂျင်နီယာဟူ၍ မတွေ့ဘူးသလို ယိုးဒယားလူမျိုး မန်နေဂျာဟူ၍ လည်း မတွေ့ဘူးပါ။

ယခုတော့ ယိုးဒယား အလုပ်ကြမ်းသမား များ စင်္ကပူတွင် အတော်ကို နည်းပါးသွားခဲ့ပြီ ဖြစ်ပါသည်။ အဘယ့်ကြောင့် ဆိုသော် ယိုးဒယား ဘတ်ငွေ တန်ဖိုး တက်လာ၍ စင်္ကပူ တွင် အလုပ်ကြမ်း လုပ်ခြင်း နှင့် ယိုဒယားတွင် အိုးမကွာ အိမ်မကွာ အလုပ်လုပ်ရခြင်း တွင် ရရှိလာသော ငွေကြေးမှာ များစွာ မကွာခြားလာသောကြောင့် ယိုးဒယား များ တဖြည်းဖြည်း စင်္ကပူမှ ထွက်ခွာ သွားကြခြင်း ဖြစ်ပါသည်။

စင်္ကပူ တွင် အများအားဖြင့် အင်္ဂျင်နီယာ ဖြင့် အလုပ်လုပ်ကြသူများ မှာ အိန္ဒိယ ၊ ဖိလစ်ပိုင်နှင့် မြန်မာလူမျိုးတို့ များပါသည်။ ကျွန်တော် Logistic, Supply chain တွင် အလုပ်လုပ်နေစဉ်ကတော့ ဗီယက်နမ် လူမျိုးနှင့် အာဖရိကန် နီဂရိုး အလုပ်သမား အနည်းငယ် မြင်တွေ့ဘူးပါသည်။ ဆိုခဲ့သည့် အတိုင်း သင်္ဘောကျင်း တွင် အလုပ်လုပ်နေသော ယိုဒယားလူမျိုးများ မှာ အများအားဖြင့် ဝရိန်ဆော်ကြသူများ ဖြစ်ကြပါသည်။

01.jpg

ကျွန်တော့ အနေဖြင့် ပြောရလျင် ယိုဒယားလူမျိုးများမှာ အခြားသူများ ဖြင့် ရောနှော နေလေ့မရှိပါ။ သီးသန့် ကိုယ့်လူမျိုး ကိုယ့်အုပ်စုဖြင့်သာ နေလေ့ရှိပါသည်။ အများအားဖြင့် ခင်မင်နှစ်လိုဖွယ် မရှိပါ။ မေးထူး ခေါ်ပြော အဆင့်သာရှိ၍ ရင်းရင်း နှီးနှီး ပေါင်းသင်လို စိတ်မရှိကြပါ။ ကျွန်တော့ အနေဖြင့် မြန်မာလူမျိုး ဖြစ်သောကြောင့် ထိုကဲ့သို့ မေးထူးခေါ်ပြော အဆင့်သာ ဆက်ဆံ သည်ဟူ၍ ထင်ခဲ့ဘူးပါသည်။ မဟုတ်ပါ။

အခြားသော အန္ဒိယများ ၊ ဘင်ဂလား များအားလည်း ထိုအတိုင်းသာ ဆက်ဆံပါသည်။ ကျွန်တော် သိသော ယိုဒယား လူမျိုးများမှာ ထမင်းမစားကြပါ။ ကောက်ညှင်းပေါင်းသာ စားကြပါသည်။ ကောက်ညှင်း ပေါင်းအား လက်ဖြင့် ဆုပ်ကာ ဆုပ်ကာ အလုံးလေး များ လုပ်ပြီး ဟင်းများဖြင့် တို့စားကြပါသည်။

တရက် နှစ်ရက် မဟုတ်ပါ။ နေတိုင်း ကောက်ညှင်းပေါင်းသာ စားကြပါသည်။ ကျွန်တော်တို့ အတွက် တော့ ကောက်ညှင်းပေါင်းဟူသည်မှာ သရေစာ အဖြစ်သာ စားကြပါသည်။ ဤ အစားအသောက်နှင့် ပါတ်သက်၍ ကျွန်တော်တို့ မြန်မာ လူမျိုးများမှာ အတော်ပင် အံ့သြစရာကောင်းပါသည်။ အကြောင်းမှာ အိန္ဒိယကုလား များအား တရုတ်ဟင်းလျာများ ကျွေး၍ မရပါ။ မဆလာ မပါလျင် မစားတတ်ကြပါ။

ပြည်ကြီး တရုတ်များကလည်း ကုလားဟင်းလျာများ အနံ့ပြင်းလွန်းသည်ဟူ၍ မစားတတ်ကြပါ။ ထို့အတူ ယိုးဒယားများကလည်း တုံယမ်း ဟင်းချိုနှင့် အခြားသော ငရုတ်သီးစပ်သည့် အစားအသောက်များသာ စားကြသော်လည်း ကုလားဟင်းများအား စိတ်မဝင်စားကြပါ။ မြန်မာများကတော့ ဘာလာလာ အကုန် ဒေါင်းပါသည်။ ကုလားထမင်း အား ငှက်ပျောဖက် တွင်ထည့်၍ လက်ဖြင့် နှယ်ဖတ် စားနိုင်သလို ၊ တရုတ်အစားအစာ ဆိုလျင်လည်း မငြင်းပါ။ ယိုဒယား ဟင်းဆိုလျင်တော့ မကြိုက်သူ မရှိလောက်ပါ။

02.jpg

ဤတွင် စကားကြုံ၍ စင်္ကပူတွင် အစားသောင်းကျန်းလွန်းသောကြောင့် ကျွန်တော် ဆေးရုံတက်ရသည့် အဖြစ်အား ဖေါ်ပြပေးချင်ပါသည်။ ကျွန်တော် သင်္ဘောကျင်း Supervisor ဖြစ်လာပြီးနောက်ပိုင်းတွင် ဝင်ငွေ အသင့် အသင့်ကောင်း လာပြီ ဟု မဆိုနိုင်သော်လည်း ကိုယ်ဝယ်စားချင်သော အစားအစာများ ဝယ်စားနိုင်ပြီ ဟုတော့ ဆိုနိုင်ပါသည်။

တရက်တွင် ဇမ်ကြီး ၊ မွန်လေး ၊ ကိုကရင်နှင့် ကျွန်တော်တို့ ၄ ယောက်သား seafood hot pot သွားစားကြပါသည်။ အမှန်ကို ပြောရလျင် ကျွန်တော်တို့ တယောက်မျှ hot pot မစားဘူးကြပါ။ ယခင်ကလည်း စားနိုင်သော အခြေအနေမရှိခဲ့ပါ။ ထိုနေ့ကတော့ တုံယမ် ဟင်းချို အစပ်ထဲတွင် အသားငါးများ ထည့်ပြုတ်၍ စားကြပါသည်။

ကျွန်တော်တို့ စားသော အစားအစာမှာ ၂ မျိုးတည်းသာ ဖြစ်ပါသည်။ ဂဏန်းလက်မများ နှင့် မြန်မာပြည်တွင် မစားနိုင်ခဲ့သော ကျားပုစွန် တုပ်များ ဖြစ်ပါသည်။ တယောက်လျင် 15$ ပေးစားရသော Hot pot ဖြစ်၍ ငတ်ကြီးကျနေသော သကောင့်သား ၄ ယောက်စားလိုက်ကြသည်မှာ အစားအသောက်များ ထည့်ထားသော သားငါး ဗန်းတွင် ပုစွန်နှင့် ဂဏန်းလက်မ မှာ ထည့်မလောက် ဖြစ်နေပါတော့သည်။

ကျွန်တော်တို့ စာပွဲးပေါ်တွင်လည်း ပုစွန် အခွံများနှင့် ဂဏန်း လက်မ ခွံတို့မှာ အပုံလိုက်ရှိနေပါတော့သည်။ ကောင်တာတွင် ပိုက်ဆံ သိမ်းနေသော ဆိုင်ရှင်နှင့် အလုပ်သမား တို့ကတော့ ကျွန်တော်တို့အား မျက်လုံး ပြူးနေကြပါပြီ။ ကျွန်တော်တို့ကလည်း ဆိုင်ရှင် အရင်းပြုတ်မတတ် တက်ညီ လက်ညီ စားလိုက်ကြသည်မှာ ဗန်းထဲသို့ နောက်ထပ် ပုစွန်နှင့် ဂဏန်းလက်မများ ထပ်မထည့် ဝံ့တော့ပါ။

03.jpg

သူတို့က ထပ်ဖြည့်လိုက် ကျွန်တော်တို့ကလည်း သွားကြုံးယူ၍ ချက်စားလိုက်ဖြင့် ဝေသာလီပြည် ဘီလူးများ ကျနေသကဲ့သို့သာ။ ထို့နောက် ဗိုက်အတော် တင်းသွားသောအခါ မွန်လေးက အစာပိတ် အနေဖြင့် ပင်လယ်ခရုများ ပြုတ်စားရန် ယူလာပါသည်။ မှတ်မိပါသေးသည်။ ကျွန်တော့အား စင်္ကပူ ဆေးရုံ သို့ အမှတ်တရ ရှိစိမ့်သောငှာ အရောက်ပို့လိုက်သော ထိုခရု ၏ အရောင်မှာ အစိမ်းရောင်ဖြစ်ပါသည်။

လူကလည်း တနင့်တပိုး စားထားသည်က ပုစွန်နှင့် ဂဏန်းလက်မ များ သောက်ထားသည်ကလည်း Tiger Beer ။ မွန်လေး ပြုတ်ပေးသော ထို ပင်လယ်ခရု အစိမ်းရောင်လေး အား စားကြည့်သော အခါ ညှီနံ့ ရပါသည်။ သို့သော် အချဉ်ရေဖြင့် တို့စားသောအခါ စားလို့ကောင်းပါသည်။

နောက်မှ သိရသည်မှာ ထို ပင်လယ်ခရု အစိမ်းရောင်မှာ ခရုခွံအား ခွဲ၍ အထဲမှ အသားအား ပြုတ်စားရမည် ဖြစ်သော်လည်း ကျွန်တော်တို့ကတော့ အခွံနှင့် ထည့်ပြုတ်စားကြပါသည်။ ထိုနေ့ညနေ ၈ နာရီခန့်တွင် အဆောင်သို့ ပြန်ရောက်လာကြပါသည်။ ၉ နာရီ ခန့်တွင် ကျွန်တော် ဗိုက်နာလာပါတော့သည်။ နာရီဝက်အတွင်း အိမ်သာ ၄ ကြိမ် ခန့် ပြေးတက်ရသော အခြေအနေသို့ ရောက်သောအခါ ကျွန်တော် သိလိုက်ပါပြီ။ အစာ အဆိပ် သင့်ပါပြီ။

၆ ကြိမ်မြောက် အိမ်သာ တက်ပြီးနောက် ဝမ်းမှာ ဆန်ဆေးရေ ကဲ့သို့ ဖြူဖွေးနေပြီ ဖြစ်ပါသည်။ ရှေ့ဦးသူနာပြု သင်တန်းတက်ထား သောကြောင့် မည်ကဲ့သို့ လုပ်ဆောင်ရမည်ကို သိထားပါသည်။ ပထမဦးဆုံး ကိုယ်ခန္ဓာတွင် သကြားဓါတ်ပြန်ဖြည့်ရန် ကိုကာကိုလာ ၃ ဘူး ဆက်တိုက် သောက်လိုက်ပါသည်။

04.jpg

ထို့ နောက် အဆောင်၏ Security ဂိတ်သို့ သွား၍ အရေးပေါ်လူနာတင်ယျဉ် တစီး မှာလိုက်ပါတော့သည်။ ၅ မိနစ် အတွင်း လူနာတင်ယျဉ် ambulance ရောက်လာ၍ ကျွန်တော့အား ဖြစ်ကြောင်း ကုန်စဉ် မေးပြီးနောက် ကျွန်တော့ အား စောင်ထူထူ ဖြင့် ပတ်၍ ထမ်းစဉ်ပေါ်တွင် လဲလျောင် စေ၍ လူနာတင်ယျဉ်ဖြင့် ဆေးရုံသို့ ခေါ်ဆောင်သွားပါတော့သည်။

လမ်း တွင် လူနာတင်ယျဉ်တွင် ပါလာသော Paramedic ခေါ် ဆေးအကူများက ကျွန်တော့အား သွေးတိုင်း ခြင်း ၊ မေးခွန်း များ မေးနေစဉ် အတွင်း ကျွန်တော့ ကိုယ်ခန္ဓာများ အေးစက်လာ၍ တချက် တချက် သတိလစ်သွားပါသည်။ ဤသည်မှာ shock ဝင်သွားခြင်း ဖြစ်၍ နောက်ဆုံး လုံးဝ သတိလစ်သွားပါတော့သည်။

ကျွန်တော် ပြန်သတိရလာသော အခါ နောက်တနေ့ နံနက်သို့ ရောက်နေပြီ ဖြစ်၍ ကျွန်တော်၏ လက်ဖျံ တဖက် တချက် စီတွင် ပုလင်း ကြီး ၂ လုံး တပြိုင်တည်း ချိတ်ထားပါသည်။ ထို့နောက် သူနာပြု ချောချောလေး တယောက် ရောက်လာပြီး ဆေး ထပ်တိုက်ပါသည်။ ဆေးသောက်ပြီး ၅ မီနစ်ပင်မကြာပါ မျက်ခွံများ လေးလာ၍ ပြန်အိပ်ပျော်သွားပါသည်။ ဤ စင်္ကပူတွင် Hotel ပေါ်တွင် အနားယူရသကဲ့သို့ ကောင်းမွန်သော ဆေးရုံ တက်ရသော ( National University Hospital ) အတွေ့အကြုံအား နောက်ဆောင်းပါးတွင် အပြည့် အစုံ ဖေါ်ပြပေးပါမည်။

မြန်မာလူငယ်များ steemit တွင်အောင်မြင်ကြပါစေ....

logo.png

Photo Credit : Original Source
Author : Henry Aung ( Kachin )
MSC : 001

Sort:  

တရုတ် ကုလား ယိုးဒယား အစားရွေးသော်လည်း
မြန်မာတွေက မျိုးစုံချကြ မဟုတ်လားဗျ

Posted using Partiko Android

အစုံစား မြန်မာ များဖြစ်ကြပါသည်။

မြန်မာနိုင်ငံထဲ ရှိနေတာတောင် တွေ့ရာ အကုန်စားတာ နေရာတစ်ကာသွားနိုင်လို့ကတော့ တွေ့ရာအကုန် စားဦးမှာ ခုတောင် မစားဖူးတာတွေ စားချင်လာပြီ ။

Steem ဈေးတက်ရင် လျှောက်သွားပြီး လျှောက်စားကြမယ်

တော်သေးတာပေါ့ မသေကောင်းမပျောက်ကောင်း ကိုဟင်

စုလှိုင်တို့ နဲ့ steemit မှာ စာတွေ အတူရေးရမဲ့ ကံ ပါလာတော့လည်း မသေခဲ့ဘူးပေါ့..

အစားမတော် တစ်လုတ် ဟုတ်တော့ဘူး
အစားမတော် တစ်ဇလုံပေါ့

ငတ်ကြီး ကျတာလေ....

ဘာလာလာဆွဲတဲ့ မြန်မာ 😂
ရှယ်ဆွဲ လိုက်တာ ဆေးရုံပါ ရောက်တဲ့ အထိပဲဗျာ နော့်ကြမ်းချက်။
Nurse လေးက အတော်ချောတယ်ပေါ့ 😁

ပြောပါပြီကော.... အစားသောင်းကျန်းတဲ့ ကောင်ပါလို့။

အစားမတော် တစ်လုပ် ပေါ့ဗျာ။ ကံကောင်းလို့

Posted using Partiko Android

အစားကြောင့် စင်္ကပူမှာ ဆေးရုံတက်ရတာ တခေါက်တည်း မဟုတ်ဘူး။ ပြောပါပြီကော အစားသောင်းကျန်တဲ့ သူပါလို့။

Happy new year

Posted using Partiko Android

Same to you.......

Coin Marketplace

STEEM 0.19
TRX 0.15
JST 0.029
BTC 64284.72
ETH 2650.82
USDT 1.00
SBD 2.79