ဗီယက်နမ်သွား တောလား - အပိုင်း ( ၃ ) ( Henry Aung )
မင်္ဂလာပါ။ ကျွန်တော်၏ မပြီးပြတ်သေးသော ဗီယက်နမ် ဆောင်းပါးအား ဆက်ပါအုံးမည်။ယခင် ဆောင်းပါးတွင် ဟော်တယ် အခန်းတွင် အိတ်များထားပြီးနောက် ညဈေးတန်းသို့ လမ်းလျှောက်ထွက်သွားကြောင်း ဖေါ်ပြပေးခဲ့ပြီး ဖြစ်သည့် အလျောက် ညဈေးတန်းမှာ အတော်အတန်ကြီးသော လမ်းမကြီးအား ပိတ်၍ လမ်းလယ်ခေါင်တွင် ယာယီဆိုင်ခန်းများ ဖွင့်ထားခြင်း ဖြစ်၏။
ဘေးတဖက်တချက် တွင် လူသွား လမ်းများ ဖွင့်ထားပေးသလို အိမ်ဆိုင်များကလည်း ဖွင့်ထားကြသဖြင့် မြင်မြင်သမျှ ဆိုင်ခန်းများသာ ဖြစ်နေပါတော့၏။ အကင်ဆိုင်များ ၊ hot pot ဆိုင်များ ၊ အထည် ဆိုင်များ ၊ လက်ဆောင်ပစ္စည်း ရောင်းသော ဆိုင်များ ။ ဗီယက်နမ် ရိုးရာ ဝတ်စုံ ဂါဝန်ရှည်များ ဝတ်၍ ဈေးရောင်းနေသော ဗီယက်နမ် ပျိဖြူများလည်း လှကြပါ၏။
နိုင်ငံပေါင်းစုံမှ လူဖြူ လူမဲ လူညို လူနီ ၊ အရပ်ရှည် အရပ်ပု မတိုမရှည် စသော လူပေါင်းစုံတို့လမ်းသလားနေကြသည်မှာ ညဈေးတန်းတွင် ပစ္စည်းများ အလကား ပေးနေသလားထင်မှတ်ရ၏။ လုံလုံ ခြုံ ခြုံ ဝတ်စားထားသော ဗိုလ်မများ ရှိသလိုရွှေရင် ဖုံးတုံ့ မဖုံးတုံ့ ဝတ်စားထားသူများကလည်း လမ်းသလားနေကြ၏။
တနေရာတွင် ဗိုလ်မတသိုက် လမ်းဘေး ခွေးခြေခုံပု ပေါ်တွင် ဒူးထောင်ပေါင်ကား ထိုင်ကာ တဝါးဝါးတဟားဟားဖြင့် ခရု ထိုင်စုပ်နေကြ၏။ မကြည့်ချင်လျင် မျက်နှာလွဲသွားယုံသာ။ မဟေသီကတော့ မြင်မြင်သမျှ ဗီယက်နမ်မများအား ချောလိုက်တာ ၊ လှလိုက်တာ ဟူ၍ လိုက်ငေးနေ၏။
ဟုတ်လည်း ဟုတ်၏။ ဗီယက်နမ် ပျိုဖြူ တို့ကာ ဝဝ တုတ်တုတ် ဟူ၍ မတွေ့ရပဲ သေးသွယ်လျ သော ကိုယ်ခန္ဓာ ရှိကြသူများ ဖြစ်၏။ ကိုယ်ခန္ဓာ သေးသော်လည်း မို့သင့်သည့် နေရာ မို့ မောက်သင့်သည့် နေရာ မောက် ဖြင့် အားလုံး နီးပါး လှပကြပါ၏။ ဤ ကဲ့သို့ လှပသော ခန္ဓာကိုယ် ယှဉ်ယှဉ်လေး နှင့် လှပသော ရိုးရာ ဝတ်စုံတို့ အား ဝတ်ထားသည်ကို ကြည့်ရသည်မှာ တခါကြည့်လည်း မဝ နှစ်ခါ ကြည့် လည်း မဝ ။ ဒီတယောက် လှ သည်ဟု ထင်နေစဉ် နောက်တယောက်က ပို လှနေ၏။
တနေရာတွင် ဗီယက်နမ် ရိုးရာပစ္စည်းများ ရောင်းနေသော ဆိုင်တွေ့ရာ ဗီယက်နမ် အမျိုးသမီး တို့၏ ရိုးရာ ဂါဝန်ရှည် များ ရောင်စုံ တွေ့ရ၏။ မဟေသီအား ထိုဗီယက်နမ် ရိုးရာဂါဝန် ဝတ်ချင်လျင် ဝယ်ပေးမည်ဟု ပြောသောအခါ " ကောက်ညှင်း ထုပ် နဲ့တူနေပါ့မယ် " ဟူလို။
ညဈေးတန်း ဈေးဆိုင်ခန်းများမှာ မည်မျှ ရှည်လျားသည်မသိ တနာရီခန့် လျှောက်သော်လည်း မဆုံး နိုင်သေးသဖြင့် နီးစပ်ရာ ဆိုင်တွင် ဝင်ထိုင်၍ ညစာစားရ၏။ ည ၉ နာရီခန့်ဖြစ်လာသော် လူပိုစည်ကားလာ၏။ ထိုညဈေးတန်း၏ ထူးခြားချက်မှာ ဈေးဝယ်သူများအား အတင်းကာရော လာပါဝယ်ပါ တကြော်ကြော် အော်ဟစ် ဈေးခေါ်ခြင်းမရှိ။ မိမိဆိုင်ရှေ့တွင် လာရောက်ရပ်ကြည့်မှသာလျင် ဈေးရောင်းကြခြင်းဖြစ်၏။
ဈေးတန်းတနေရာတွင် စစ်ဝတ်စုံများ ဝတ်ထားသော စစ်သားလော ရဲသားများလောမသိ ကုလားထိုင်များဖြင့်ထိုင်နေကြ၏။ ထိုညဈေးတန်း၏ လုံခြုံရေး အား တာဝန်ယူထားကြသူများ ဖြစ်ကြဟန်တူပေ၏။ ထူးခြားသော အခြားတချက်မှာ ခွေးလေခွေးလွင့် မရှိခြင်းနှင့် တောင်းစားသူများ မရှိခြင်းပင်ဖြစ်၏။ ဗီယက်နမ် နိုင်ငံ ၏ သူတောင်းစားများနှင့် ကျူးကျော် တို့ အကြောင်းအား နှောင်ဆောင်းပါးများတွင် အလျင်သင့်လျင် ဖေါ်ပြပေးပါမည်။
ကျွန်တော် လည်း နောက်တနေ့ နံနက်စောစော ဟာလောင်ဘေး တို့ ခရီးဆက်ရန် ရှိသဖြင့် ဟိုတော်တို့ ပြန်ရန် မဟေသီအား ဆော်ဪရ၏။ မဟေသီကာ ဟော်တယ်သို့ ပြန်ချင်သေးပုံမရ။ သို့သော် နံနက်စောစော ခရီးဆက်ရန် ရှိသေးသဖြင့် နှုတ်ခမ်းစူလျက် ဟော်တယ်သို့ ပြန်လိုက်လာ၏။ အပြန်လမ်း အချို့လမ်းကြားများတွင် အနည်း ငယ် မှောင် ရိပ်သန်းသော်လည်း ကြောက်စိတ်တော့ မဝင်မိ။
အချို့လမ်းများတွင် အမှိုက်သိမ်းသမားများ က လှည်းများဖြင့် အမှိုက်သိမ်းနေကြ၏။ အမှိုက်များအား ညဘက်တွင် သိမ်းကြသဖြင့် နောက်တနေ့ နံနက်စောစော တွင် လမ်းတို့ကာ သန့်ရှင်းတောက်ပြောင်နေ၏။ ဟနွိုင်းမြို့သည် မြို့တော် ဖြစ်သော ဟိုချီမင်း မြို့ထက် အနည်းငယ် ပိုသပ်ရပ်သည်ဟု ထင်မိ၏။
ကျွန်တော့အနေဖြင့် ၂၀၁၄ ခုနှစ်တွင် ဟိုချီမင်းမြို့သို့ သွားရောက်လည် ပါတ်ခဲ့ပြီး ဖြစ်ရာ ဟိုချီမင်းထက်စာလျင် ဟနွိုင်းအား ပိုသဘောကျမိ၏။ လည်ပါတ်စရာ နေရာပိုပေါများသည်ဟုလည်း ထင်မိ၏။ ထိုနေ့ည အဖို့တော့ ၁၁ နာရီထိုးမှ ဟိုတယ်သို့ ပြန်ရောက်ရတော့၏။ ကျွန်တော်တို့တည်းသော Flower Garden ဟိုတယ်မှာ အနည်းငယ်သက်တမ်းရင့်နေသော Hotel ဖြစ်ပုံရ၏။
အခင်းအကျဉ်း ပြင်ဆင်ထားမှုများမှာ ရှေးကျလှ၏။ လူသွား စင်္ကြန်များတွင် ရိုးရာ ကျောက်စီ ပန်းချီကားများဖြင့် အလှဆင်ထား၏။ ထို့အပြင် ၁၂ လွှာရှိ အခန်းအား ပြင်ဆင်ထားပေးသဖြင့် လိုက်ကာ ဖွင့်လိုက်သည်နှင့် ဟနွိုင်းမြို့၏ ညအလှအား အပေါ်စီးမှ မြင်နှိုင်၏။ ကျွန်တော့ အနေဖြင့် အရေးပေါ်ထွက်ပေါက်များ နှင့် Safety အတွက်ပြင်ဆင်ထားပေးမှုများအား လိုက်လံ ကြည့်ရှုပြီးနောက် ရေမိုးချိုးရန် ပြင်ဆင်ရ၏။
မဟေသီကတော့ ညနေခင်းက ရိုက်ယူခဲ့သော ဓါတ်ပုံများကြည့်၍ စမြုံ့ပြန်နေ၏။ မိမိလည်း ခေါင်းနှင့် ခေါင်းအုံးတို့ ထိလိုက်သည်နှင့် တပြိုင်နှက် မဟေသီထံမှ wifi လှိုင်းအရမ်းကောင်းတာပဲ ဟူသော အသံအား နောက်ဆုံးကြားလိုက်မိခြင်းနှင့်အတူ အိပ်ပျော်ခြင်းတို့ ရောက်လေတော့၏။
ဆက်လက်ဖေါ်ပြပေးပါမည်။
မြန်မာလူငယ်များ steemit တွင်အောင်မြင်ကြပါစေ....
Author : Henry Aung ( Kachin )
MSC : 001
အားကျသဗျာ..... ကိုဟင် စလုံး ရှိနေတုန်း နိုင်ငံတကာ ပတ်ပြီး msc gathering လုပ်လိုက်ကြရရင်ဖြင့်....
ခုတော့ ဆင် ဟဝါ ခွေး မျှော်သလို steem ဈေး ကိုသာ သတိရမိပါ၏
Posted using Partiko Android
ကျွန်တော်လည်း စဉ်းစားမိပါရဲ့ ။ MSC အဖွဲ့သားများအားလည်း စလုံးကို ခေါ်ချင်ပါရဲ့။ Steem ကိုပဲ မြင်ယောင်နေမိတယ်
ဟနွိုင်းမြို့၏ အလွန်ရှည်လျားပြီး စည်ကားသန့်ရှင်းတဲ့ ညဈေးတန်းတစ်ခုအကြောင်း နှင့် ဗီယက်နမ်းလှပျိုဖြူလေးများ သူထက်ငါလှနေတယ်ဆိုတဲ့အကြောင်း မှတ်သားခဲ့ရပါတယ်အစ်ကိုဟင်နရီ။
Posted using Partiko Android
အခုလို အားပေးတာ ကျေးဇူးအများကြီးတင်ပါတယ်။
အမယ် သုံးပုဒ် သာရှိပြီ ဖတ်နေတာ ဗီယက်နမ်ကို တောလား တဲ့ ။ ကျွှန်တော်တို့နေရာကမှ တောပါအကို ။ 😁😁😁
တောလား မြို့လား မသိပါဘူး ဒိုမီရယ်... သူများတွေ တောလား ဆိုတော့ ကိုယ်လည်း တောလား ကြည့်တာ။
ဗီယက်နမ်ခမောက်ကို အတော်သဘောကျမိတယ် အဲဒီ မုန့်ဟင်းခါးလိုစားစရာက ဘာခေါ်သတုံးဗျ 😋 😋
ကျွှန်တော်က ခမောက် ထက် ကောင်မလေးတွေ သဘောကျနေသလိုဘဲ ကိုဟင်ကလဲ တယ်ညွှန်းသကိုး သူတို့သာ မြန်မာစကား တတ်လို့ကတော့ ဟိဟိ
မုန့်တီ ဖတ်နဲ့ ဝက်သား ပြုတ်ရည် နဲ့ အရွက် တွေနဲ့ စားရတာပဲ။ ဘာခေါ်မှန်း မသိပါဘူး။ ကိုယ်တွေလည်း ဗီယက်နမ်စကား မတတ်တော့ လက်ညှိုးထိုး ဝယ်စားရတာပါ့။
😂 😂 😂
ပျော်ရွှင်စရာ ခရီးလေးဖြစ်မှာပါ ပြထါးတဲ့ပုံက မြန်မာပြည့်က
အာပူလျှာပူလား မုန့်ဟင်းငါးလားဆင်တူသလို နော်
မုန့်တီ ဖတ်နဲ့ ဝက်သား ပြုတ်ရည် နဲ့ အရွက် တွေနဲ့ စားရတာပဲ။ ဘာခေါ်မှန်း မသိပါဘူး။ ကိုယ်တွေလည်း ဗီယက်နမ်စကား မတတ်တော့ လက်ညှိုးထိုး ဝယ်စားရတာပါ့။
Congratulations @kachinhenry! You have completed the following achievement on the Steem blockchain and have been rewarded with new badge(s) :
You can view your badges on your Steem Board and compare to others on the Steem Ranking
If you no longer want to receive notifications, reply to this comment with the word
STOP
To support your work, I also upvoted your post!
Vote for @Steemitboard as a witness to get one more award and increased upvotes!