အကူအညီ ( Henry Aung )
မင်္ဂလာပါ။ ကျွန်တော့အနေဖြင့် Steemit Platform နှင့် ပါတ်သက်သော ဆောင်းပါးများ ၊ cryptocurrency နှင့်ပါတ်သက်သော ဆောင်းပါးများ ၊ တခါတရံ စိတ်လိုလက်ရရှိလျင် ခေတ်စမ်းစာ များရေးသားသော်လည်း အများအားဖြင့် ဆောင်းပါး ပုံစံသာ အရေးများခဲ့ပါသည်။
အထူးသဖြင့် Steemit Platform အကြောင်းကို အရေးများသော်လည်း ယခုတလောတွင် Steemit နှင့် cryptocurrency အကြောင်းတို့ကို ရေးသားရန် ဈန်သွင်း၍ မရသလို အခြားသော သရ်ာစာ ခေတ်စမ်းရေးသားရန်လည်း စိတ်မဝင်စားဖြစ်နေပါသည်။ တနည်းအားဖြင့် ပြောရလျင် ရေးကွက် ပျောက်နေခဲ့ပါသည်။
အကြောင်းအရာတခုကို စမိ၍ ရေးသားနေလျင် ဆက်၍ ရေးသားနိုင်သော အတွး ပြတ်သွား၍ တဝက်တပြတ်နှင့် ရပ်ထားရသည်မှာလည်း အကြိမ်ကြိမ်ရှိပါသည်။ ယခုဖေါ်ပြမည် ဖြစ်သော " အကူအညီ " ဟူသော စာစုလေးမှာ ကျွန်တော် Steemit Platform ပေါ်သို့ ရောက်လာကာစတွင် အင်္ဂလိပ်ဘာသာဖြင့် ရေးသားထားသော စာစုလေး ဖြစ်ပါသည်။
ဆောင်းပါးလည်း မမည် ၊ဝတ္ထု တိုဟု ခေါ်ရန်လည်း မထိုက်သောကြောင့် စာစုဟူ၍ သုံးနှုန်းလိုက်ရခြင်း ဖြစ်ပါသည်။ လွန်ခဲ့သော နှစ်နှစ် ခန့်က ရေးသားခဲ့သော ဤစာစု အတွက် ရရှိငွေမှာ $1.05 သာရှိခဲ့ပါသည်။ မူရင် အင်္ဂလိပ် ဘာသာဖြင့် ဖတ်ချင်သူများ အတွက် အောက်ပါလင့် တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။
The Help ( Original Story by Henry Aung )
"အကူအညီပေးခြင်း" ဟူသည်မှာ မည်သည့် လူမျိုးတွင် ဆိုစေကာမှု ကောင်းသော အပြုအမှု ၊ ယျဉ်ကျေးသော အပြုအမှုဟူ၍ လက်ခံထားကြပါသည်။ ကျွန်တော်တို့၏ နေ့စဉ်ဘဝများတွင်လည်း အကူအညီပေးခြင်း နှင့်ကင်း၍ မရပါ။ ကြီးကြီးမားမား အကူအညီပေးခြင်း နှင့် သာမန်အကူအညီပေးခြင်း မျှသာ ကွာခြားပါသည်။
ဤသို့ အကူအညီ ပေးရာတွင် တခါတရံ မိမိမအားလပ်၍ ငြင်းဆန်ခဲ့ရသော အခိုက်အတန့်များရှိသော်လည်း ကျွန်တော်တို့ မြန်မာလူမျိုး အများအားဖြင့်တော့ ကုသိုလ်ရပါတယ်ဟူ၍ ငြင်ဆိုရန် ဝန်လေးတတ်ကြပါသည်။ အထူးသဖြင့် မသန်စွမ်းသူများ ၊ အမျိုးသမီးများ နှင့် သက်ကြီး ရွယ်အိုများ အကူအညီတောင်းလာလျင် လိုလိုလားလားပင် ကူညီ တတ်ကြသည်မှာ မြန်မာတို့ဓလေ့ပင်ဖြစ်ပါသည်။
ကျွန်တော်၏ ဘဝတွင်လည်း အကူအညီတခုနှင့် ပါတ်သက်၍ ယနေ့တိုင် မေ့မရနိုင်သော အဖြစ်အပျက်တခုရှိခဲ့ပါသည်။ ကျွန်တော် မှတ်မိနေသည်မှာ တခုသော နွေရာသီကျောင်းပိတ်ရက် ( ကျွန်တော့ အထင် ၄ တန်း စာမေးပွဲဖြေပြီး ) အားလပ်သောနေ့တနေ့တွင်ဖြစ်ပါသည်။
ကျွန်တော်၏ ငယ်ဘဝမှာ ကျေးရွာ ဇနပုဒ် တွင် မွေးဖွားခဲ့သော ကလေးဖြစ်၍ ကျွန်တော်တို့၏ ကစားနည်းများမှာ အပင်တက်၊ ရေကူး ၊ ငါးရှာ ၊ ဖားရိုက် ၊ လောက်လေးဂွ တလက်နှင့် တောင်ပြစ် မြောက်ပြစ် စသည်တို့မှာ ကျွန်တော်တို့ ရွာရှိ ကလေးများ ၏ ကစားနည်းများပင်ဖြစ်ပါသည်။
ဆိုခဲ့သည့်အတိုင်း နွေရာသီကျောင်းပိတ်ရက်ဖြစ်၍ ယခုကလေးများကဲ့သို့ နေ့ကျူရှင် ၊ ညကျူရှင် ဟူ၍ မရှိ ခဲ့ရကာ ကျွန်တော်တို့ ခလေး တသိုက်မှာ မနက်စာ စားပြီး သည်နှင့် ရွာရိုး ကိုးပေါက် လျှောက် ၊ တောဝင် တောင်တက် ကမြင်းကြောထကြသည်မှာ ညနေ နေဝင်မိုးချုပ်မှ အိမ်ပြန်ရောက်လေ့ရှိပါသည်။ အိမ်ပြန်ချိန်ရောက်လျင်တောင် အိမ်တန်း မပြန်သေးပါ။ မြစ်ထဲ ချောင်းထဲ ရေတဝချိုးပြီးမှ အိမ်ပြန်လေ့ရှိပါသည်။
ကျွန်တော်၏ ငယ်ဘဝ သူငယ်ချင်း အတော်များများရှိသော်လည်း " အဆိုင်း " ဟူသော သူငယ်ချင်းမှာ ကျွန်တော်အများဆုံး တွဲဖြစ်သော သူငယ်ချင်းဖြစ်ပါသည်။ အကြောင်းမှာ " အဆိုင်း " မှ လေးဂွပြစ်ရာတွင် လက်တည့်သလို မုဆိုး လုပ်ရာတွင် အလွန်တော်သောကြောင့် ကျွန်တော်နှင့် အတွဲညီရခြင်း ဖြစ်ပါသည်။
သို့သော် " အဆိုင်း " မှာ ဖခင်မရှိတော့၍ အချိန်ပြည့် နီးပါး မိခင်အား ကူညီနေရသဖြင့် ကျွန်တော်တို့နှင့် ကစားချိန်အတော်နည်းပါသည်။ များသောအားဖြင့် ကျွန်တော်မှ သူ့အလုပ်ကို ပြီးအောင်ကူလုပ်၍ အတူတကွ ကစားခဲ့ကြရပါသည်။ ထိုနေ့ကတော့ အဆိုင်း ၏ အမေမှ အဆိုင်းအား တဖက်ရွာရှိ သူဦးလေးထံသို့သွား၍ ဆန်ချေးရန် အသွားခိုင်းပါသည်။
အဆိုင်း မှ ကျွန်တော့အား အဖေါ်ညှိသဖြင့် ကျွန်တော့မှာ ရေငတ်တုန်း ရေတွင်းထဲကျသကဲ့သို့သာရှိပါတော့သည်။ အကြောင်းမှာ သူ့ဦလေး ရှိသော တဖက်ရွာမှာ အနည်း ဆုံး ၅ မိုင်ခန့်သွားရ၍ လမ်းခရီးတွင် တောအုပ်များ စမ်းချောင်းများ၊ သင်္ချိုင်းဟောင်းတခုလည်း ဖြတ်သွားရသည့်အပြင် ထို လမ်းသည် ငှက်အလွန်ပေါသော လမ်းဖြစ်၍ ကျွန်တော့မှာ လေးဂွ လက်တည့်စမ်းရန် လက်တပြင်ပြင်နှင့် ရှိနေပါသည်။
ထိုနေ့နံနက်စာ စားပြီးသည်နှင့် အဆိုင်းနှင့် ကျွန်တော် စကားပြောလိုက် ငှက်ပြစ်လိုက် ဖြစ် တဖက်ရွာသို့ သွားခဲ့ကြပါသည်။ ငှက်ငါးကောင်ခန့်ရ ၍ စမ်းချောင်း လေးတခုတွေ့သောအခါ စမ်းချောင်းဘေးသဲပြင် တွင် မီးမွေး၍ ငှက်ကင်စားကြပါသည်။ ထို့နောက် ထို ဒူးဆစ်ခန့်ရှိသော ချောင်းကို ဖြတ်၍ ကုန်းကမူတခုအား တက်ကြရပါသည်။
ထိုကုန်း ကမူ အဆင်းတွင် သင်္ချိုင်းဟောင်းတခုရှိပါသည်။ ယခင်က ထိုနေရာနှင့် မဝေးသော နေရာလေးတွင် ရွာငယ်လေး တခုရှိသော်လည်း ရွာပျက်သွားပြီ ဖြစ်၍ ရွာသင်္ချိုင်းလည်း ဟောင်းနေပြီ ဖြစ်ပါသည်။ ကျွန်တော်နှင့် အဆိုင်း ထို သင်္ချိုင်းပျက်မှ ဖြတ်သွားသော အခါ အဆိုင်းမှ ရုတ်တရက် ရပ်လိုက်ပါသည်။
ရုပ်တရက်အဆိုင်းရပ်လိုက်၍ ကျွန်တော်လည်း မုဆိုးဒူးထောက် ထိုင်ချလိုက်ပါသည်။ ဤသည်မှာ ငှက်ပစ်ရာတွင် တစုံတယောက်က ငှက်ကိုတွေ့သည့်အခါ အဖေါ်ပါလာသူကလည်း ငှက်မိမိအား မတွေ့စေရန် ကိုယ်ယောင်ဖျောက်လိုက်သည့်သဘောသာဖြစ်ပါသည်။
သို့သော် အဆိုင်း၏ လက်မှ လေးဂွ အဆင်သင့်ပြင်ထားသည်ကို မတွေ့ရသောအခါ ကျွန်တော်လည်း အဆိုင်းအား ငှက်ရှိသောနေရာကို မေးပါတော့သည်။ အဆိုင်းမှ တိတ်တိတ်နေရန်နှင့် နားထောင်ရန် သာပြန်ပြောပါသည်။ ကျွန်တော်နား စိုက်ထောင်လိုက်သောအခါ ညည်းသံ သဲ့သဲ့ကိုကြားရပါသည်။
ထိုညည်းသံသဲ့သဲ့ ကြားပြီး နောက် အဆိုင်းသာ ကျွန်တော့လက်ကို ဆွဲမထားလျင် ကျွန်တော်ပြန်လည့်ပြေးနေမိမည်ဖြစ်ပါသည်။ ထို့နောက် ထိုညည်းသံနှင့်အတူ "ကယ်ကြပါအုံး ၊ ကူညီကြပါအုံး " ဟူသော အမျိုးသမီး တဦး၏ အသံထွက်လာပါတော့သည်။ နေ့ခင်းကြောင်တောင် ဖြစ်၍ ကြောက်စိတ်ရှိနေသော်လည်း စူးစမ်းချင်စိတ်က ပိုမိုနေပါတော့သည်။
အထူးသဖြင့် အကူအညီတောင်း သံဖြစ်၍ အဆိုင်း၏ မျက်နှာကို ကြည့်လိုက် သောအခါ သူလည်း စူးစမ်းလိုစိတ်ရှိဟန်တူပါသည်။ နှစ်ယောက်သာ အသံလာရာဆီသို့ မှန်းဆ လျှောက်လာသောအခါ ထိုအကူအညီတောင်းသံမှာ သင်္ချိုင်းထိပ်ရှိ ဇရပ်ပျက်မှ ထွက်ပေါ်လာကြောင်း သိရပါတော့သည်။
သစ်ရွက်ခြောက်များဖြင့် ညစ်ပတ် ရှုပ်ပွနေသော ဇရပ် ပေါ်တွင် ကိုဝန်ဆောင် အမျိုးသမီး တဦး လဲလျောင်း၍ ညည်းညူနေပါသည်။ အစတွင် ကျွန်တော်တို့ နှစ်ဦးလည်း ဘာလုပ်ရမှန် မသိ၍ အတော်လှမ်းလှမ်း မှ လှမ်းကြည့်နေသော်လည်း အကူအညီ တောင်းသံ အဆက်မပြတ်ထွက်ပေါ်လာသော အခါ ကြောက် စိတ်များပျောက်သွား၍ ထို အမျိုးသမီး အား အကူအညီပေးရန် နှစ်ယောက်သား ဇရပ်ပျက်ရှိရာသို့ လျှောက်လာခဲ့ရာ ဇရပ်နား ရောက်သည်နှင့် နနွင်းနံ့များ ထောင်းကနဲ့ရပါတော့သည်။
ထို့နောက်မိမိတို့ ဇရပ်ပေါ်တက်လာသောအခါ ထိုကိုယ်ဝန်ဆောင် အမျိုးသမီးမှာ နနွင်းများလိမ်းထားသည်မှ လွဲ၍ ကြောက်စရာမကောင်းပါ။ ရည်ရည် မွန်မွန်ရှိ၍ ဗိုက်နာနေဟန်ရှိသောကြောင့် မျက်နှာ တချက်တချက် ရှုံ့မဲ့ သွားပါသည်။
အဆိုင်းမှ မည်သို့ အကူအညီ ပေးရမည်ကို မေးသောအခါ ထိုအမျိုးသမီမှ သူမ ဗိုက်နာလာ၍ လမ်းမလျှောက်နိုင်တော့ကြောင်း ၊ သူမ သွားလိုသော ရွာသို့ သွားနိုင်ရန် လှည်းတစီးငှားပေးပါရန် အကူအညီတောင်းပါတော့သည်။
သူမသွားလိုသောရွာ ကလည်း အဆိုင်း၏ ဦးလေးရှိသော ရွာ ဖြစ်၍ ခရီးလမ်းကြုံပါသည်။ ကျွန်တော့အတွေးတွင် ကျွန်တော်တို့ အဆိုင်းဦးလေးရှိသော ရွာသို့ အမြန်သွားမည် ထို့နောက်လှည်း ကောက်လာ၍ ထိုအမျိုးသမီး အား ပြန်လာကြိုမည်ဟူ၍ ဖြစ်ပါသည်။ ထို့ နောက်ထိုအမျိုးသမီးမှ လှည်း ငှားရန်အတွက် ဗိုလ်ချုပ်ခေါင်းပါသော နီကျင့်ကျင့် အရောင်ရှိသည့် ၁၀ တန် ၃ ရွက်အား အဆိုင်းအား ပေးပါသည်။
အဆိုင်းလည်း ထို ၁၀ တန် ၃ ရွက်အား လိပ်၍ သူ့ ဘောင်းဘီတို အိတ်အတွင်းသို့ ထည့်လိုက်လေတော့သည်။ ထို အချိန်တွင် ရုတ်တရက် အဆိုင်းမှ " ပြေး ........... သူငယ်ချင်း ပြေး " ဟူ၍ အော်ပြောသည့်အပြင် သူလည်း ဇရပ်ပေါ်မှ ဆင်းပြေးပါလေတော့သည်။
ကျွန်တော်လည်း စဉ်းစားချိန်မရပါ။ အဆိုင်းနောက်မှ ထပ်ကြပ်မကွာ လိုက်ပြေးပါလေတော့သည်။ ကျွန်တော်တို့ နောက်တွင် တော့ အမျိုးသမီး ၏ “ ကူညီကြပါအုံး ၊ ကယ်ကြပါအုံး " အသံသာကြားလိုက်ရပါသည်။ အဆိုင်း ပြေးသည်မှာ လစ်ခနဲ့ နေပါတော့သည်။
ကျွန်တော်လည်း အဆိုင်းကို အမှီလိုက်ပြေးရသည်ဖြစ်၍ လောက်လေးဂွပင် ဘယ်နားကျ ကျန်ခဲ့သည်မသိပါ။ နာရီဝက်ခန့် ပြေးပြီးသော် အဆိုင်းဦးလေးတို့ ရွာထိပ်ကို မြင်နေရပြီ ဖြစ်၍ နှစ်ယောက်သား စကားပင် မပြောနိုင်ပဲ ငုတ်တုတ်ထိုင်၍ အမောဖြေနေပါတော့သည်။
နှစ်ယောက်စလုံး ဟောဟဲစိုက်၍ ချွေးတို့ကာ ဝတ်ထားသော အင်္ကျီ ရွှဲလျက် ရှိနေပါတော့သည်။ အစတွင် အဆိုင်းအနေဖြင့် အဘယ်ကြောင့် ထိုအမျိုးသမီး ပိုက်ဆံယူ၍ ထွက်ပြေးလာခဲ့သည်ကို ကျွန်တော် နားမလည်ခဲ့ပါ။
အတန်ကြာ အမောဖြေပြီးနောက် အဆိုင်းအား အဘယ့်ကြောင့် ထိုအမျိုးသမီး အား စကားတခွန်းမှ ပြောမထားခဲ့ပဲ ထွက်ပြေးလာရကြောင်းကို မေးရပါတော့သည်။ ထိုအချိန်တွင် အဆိုင်းမှ ခပ်တွေတွေဖြင့် ကျွန်တော့အား ပြန်မေးပါသည်။
" သူငယ်ချင်း နင် ဇရပ်ပေါ်တက်တုန်းက ဘာထူးခြားတာတွေ့သလဲ " ဟူ၍ ကျွန်တော့အား မေးပါတော့သည်။
ကျွန်တော်လည်း သတိမထားမိကြောင်း ပြန်ဖြေသောအခါ သူကဆက်၍
" ဇရပ်ပေါ်မှာ ဘာခြေရာမှ မတွေ့ဘူးကွ၊ နင်နဲ့ငါ တက်လာတဲ့ ခြေရာ တွေပဲ တွေ့တယ် ။ အမျိုးသမီးရဲ့ ခြေရာတွေ မရှိဘူး။ ဇရပ်တခုလုံး ဖုန်တွေ အမှိုက်တွေနဲ့ အမျိုသမီးက သူလဲ မဲ့ နေရာတောင် နည်းနည်းမှ ရှင်း မထားဘူး "
ဟူ၍ ပြန်ပြောပြပါသည်။
ကျွန်တော်ကလည်း သံသယရှိ၍ " သရဲတော့ မဟုတ်လောက်ပါဘူး အဆိုင်း " ဟူ၍ မှတ်ချက်ချပါသည်။
ထို့နောက် သူကပဲ ဆက်၍
" သူငယ်ချင်း နင်သေချာ စဉ်စားကြည့် ဗိုက်ကြီးသည် တယောက်တည်း ခရီးသွားတယ် ၊ အဖေါ်လည်းမပါဘူး ။ ပြီးတော့ ဒီ အနီးနားတဝိုက်က ငါတို့ သိတဲ့သူ တွေ့ဘူးတဲ့သူလည်း မဟုတ်ဘူး။ ပြီးတော့ ခရီသွားတာ အဝတ် ထုပ်လေး တထုပ် တောင်မပါဘူး ၊ နင်တွေ့မိရဲ့လား "
ဟု ကျွန်တော့အား ပြန်မေးပါသည်။
ကျွန်တော်လည်း မသေချာ၍ ဘားမှ ပြန်မပြောနိုင်သော်လည်း ရုတ်တရက် တခုကို သတိရသွား၍ အဆိုင်းအား အော်ပြောလိုက်ပါသည်။
" ပိုက်ဆံ ၊ အဆိုင်း ပိုက်ဆံ ...... အဲဒီ အမျိုးသမီး ပေးတဲ့ ပိုက်ဆံ နင့်ဘောင်းဘီ အိတ်ထဲမှာ " ။
အဆိုင်းလည်း ရုတ်တရက် သူ့ဘောင်းဘီအိတ်ကို နိုက်၍ ပိုက်ဆံကို ဆွဲထုတ်လိုက်ပါသည်။ အဆိုင်း၏ လက်ထဲတွင်ကာ စနစ်တကျ လိပ်ထားသော ညောင်ရွက် လေးသာ ရှိနေပါတော့သည်။ ထိုညောင်ရွက်အား ဖြန့်ကြည့်သော အခါ လတ်လတ်ဆတ်ဆတ်ခူးထားသော ညောင်ရွက် သုံးရွက် ဖြစ်၍ ရိုးတံတွင် ညောင်စေးများပင် မခြောက်သေးပါ။
အဆိုင်း ၏ ဦးလေးထံမှ ဆန် ၂ ပြည် ယူလာခဲ့ပြီ နောက် အိမ် အပြန်လမ်းကို တော့ လယ်ကွင်းများရှိသော အခြားလမ်းမှ ပြန်လာခဲ့ကြပါတော့သည်။
ပြီးပါပြီ။
မြန်မာလူငယ်များ steemit တွင်အောင်မြင်ကြပါစေ....
Photo Credit : Original source
Author : Henry Aung ( Kachin )
MSC : 001
ကျွန်တော်လည်း တစ်ခါတရံမှာ ရေးစရာကို စဉ်းစားမရပါဘူး ... တင်တော့ တင်ချင်ပေမယ့် ရေးစရာကို အာရုံမလာတော့ စိတ်ပင်ပန်းတာလည်း ရှိပါတယ် ... ကဗျာလေးတွေပဲ အင်္ဂလိပ် မြန်မာ ဖြည့်စွက်တင်မိတာလည်း ရှိတယ် ... ကိုဟင်ရေးထားတာကို ဘာသာပြန်ပေးတဲ့အတွက် အင်္ဂလိပ်စာ အခက်အခဲရှိသူတွေအတွက် အဆင်ပြေသွားပါတယ်ဗျာ ...
အေးဗျ ကိုစော ရေ... စာရေးတာဈန်မဝင် ရင် ဖြစ်ညှစ်ပြီးရေးတောင် ကိုယ်ရေးတဲ့စာ ကိုယ် မဖတ်ချင်ဘူး။ ပြန်ဖျက်ပြစ်တာများတယ်။
ဟာ အကိုဟင်တကယ်ကြူံခဲ့ဖူးတဲ့အဖြစ်အပျက်ပေါ့နော် ကြောက်စရာဗျာ ကျနော်ကတော့အသေလဲကြောက်တယ် ဖက်ရတာလည်း ၀တ္ထူတစ်ပုဒ်အတိုင်းဘဲ လက်ရေးလက်သားလည်းအရင်ကထက်အများကြီးပိုကောင်းလာပီ အစိုင်းနဲ့ ခုရော အဆက်သွယ်ရသေးလားအကိုဟင်
အဆိုင်းက အခု မလေးရှာ ကို ရောက်နေတယ်။
အကိုဟင် သူငယ်ချင်းကို steemit မှာခေါ်လေဗျာ ကျနော်တို့လည်းအားပေးမယ်လေ အကိုဟင်
ကူညီချင်တဲ့စိတ် ရှိတာ ကောင်းပါတယ်။
တကယ်ကူညီလိုက်နိုင်တာက ပို၍ ကောင်းပါတယ်။
မျှော်လင့်ချက်မထားဘဲ ကူညီနိုင်တာက ပိုမိုပို၍ ကောင်းပါတယ်။
ခုဆို ကိုဟင်က နေ့စဉ် အကူအညီ ပေးနေနိုင်ပြီ။
မွန်မြတ်တဲ့စိတ်ထားကို လေးစားအားကျမိပါသည်။
နေ့စဉ် အလှူဆိုလို့ ဒီတခုပဲ လုပ်နိုင်တာပါ။
ပိုက်ဆံယူပြေးပြီမှတ်နေတာ လက်စသတ်တော့ သ ရဲ ခြောက်တာကိုး 😄
ကျွန်တော်လည်း အဆိုင်း ပိုက်ဆံယူပြေးတယ်ပဲ အောက်မေ့နေတာ။ သူပိုက်ဆံက ညောင်ရွက်တွေရယ်။
အဲ့ဒီလို အဖြစ်ပျက်မျိုး အပြင်မှာ မကြုံဖူးပေမဲ့
ကိုဟင် ဆောင်းပါး ဖတ်ပြီးတော့ကြက်သိမ်းတောင် ထသွားတယ်
ရေးနေရင်းတောင် ကြက်သီးထပါတယ်ဆို။
စဉ်းစားကြည့်ရင်ကြောချမ်းစရာကြီး
နောက်ကများလိုက်လာရင် ဘယ့်နှယ်လုပ်ပါ့
နောက်က လိုက်လာရင်လည်း ပြေးရုံပဲတတ်နိုင်တာပါ။
ဟုတ်ပါ့နော်
အမလေးကြောက်စရာကောင်းပ
ကိုဟင်တို့ နှစ်ယောက်မာရသွန်ပြိုင်ပွဲစံချိန်ချိုးနိုင်တယ်
ဘာပြောကောင်းမလဲ... ပြေးတာပြေးတာဆိုတာ... ခြေထောက်တွေမှာ ဆူးခြစ်ရာဗရပွဖြစ်ကုန်တာ။ ထိကရုံး တောတွေထဲ ဖြတ်ပြေးတာ။
အကိုရဲ့ ငယ်ဘဝ မှတ်တမ်းတွေထဲက အလွန်ကို
မှတ်သားကြောက်မှတ်ဖွယ် ကိုယ်တွေ့ အဖြစ်မှန်တစ်ခုကို
အခုလို ရေးသားဖော်ပြလိုက်တော့ အားလုံးနဲ့ အတူ
ထိတ်လန့် အံ့သြမိတယ် အကို
ကျေးဇူးအများကြီးတင်ပါတယ်။
အစ်ကို့သူငယ်ချင်းက စဉ်းစားတွေးခေါ်တာ အရမ်းတော်တာဘဲဗျာ
သူ အတွေးအခေါ် ကောင်းလို့ပေါ့... ကိုယ့်တယောက်တည်းဆို သရဲ ခြောက်လို့ ခြောက်မှန်း သိမှာ မဟုတ်ဘူး။
ကိုဟင်ရဲ့သူငယ်ချင်းက စေ့စေ့စပ်စပ် ရှိတယ်နော်။ကျွန်တော်ကတော့ အကူညီတောင်းလာရင်တော့ ဘာမှသိပ်စဉ်စားမနေဘူး ပေးလိုက်တာများတယ်။အာ့ကြောင့် ဒုက္ခရောက်ပေါင်းမနည်းဘူး😁😁😁
အေးဗျာ ... အကူအညီတောင်းတာက ကိစ္စမရှိဘူး... တခါတလေ ဘယ်လိုကူညီရမှန်း မသိတာက ခက်တာ။