အသက် ဉာဏ်စောင့်
ဒီတပတ် proနေ့အတွက်တော့ ရေးလက်စ ဇာတ်လမ်းအပိုင်းဆက်ကို ခနနားပြီး ပြီးခဲ့တဲ့
သောကြာနေ့(2.mar.18)တွင် ကြုံခဲ့ရတဲ့ စိတ်မကောင်းစရာ အဖြစ်အပျက်လေးတစ်ခုကို
ရေးပါအုံးမည်။
တခြားတော့မဟုတ်။ကျွန်တော်၏ မိတ်ဆွေတစ်ဦးလည်းဖြစ်၊ကျွန်တော့်ကိုလည်း ညီလေးတစ်ယောက်လိုချစ်ခင်သော၊
ကျွန်တော်ကလည်း အကိုတစ်ယောက်လို ချစ်ခင်ရသောသူတစ်ဦး ဤလောကကြီးထဲမှ အပီးအပိုင် နှုတ်ဆက်သွားတဲ့အကြောင်းလေးပဲ ဖြစ်ပါတယ်။
အဲဒီနေ့ မနက်ပိုင်း၁၀နာရီလောက်က ကိုမင်းတစ်ယောက် ကျွန်တော့်ဆီဖုန်းဆက်လာသည်။
သူ လက်ခုပ်ကုန်း ကမ်းခြေသို့ ရောက်နေသည့်အကြောင်း ကျွန်တော့်ကိုဖုန်းဆက်၍ လှမ်းပြောခြင်းဖြစ်သည်။မနေ့ညကတွေ့တုန်းကတောင်ဘာမှမပြော၊ကျွန်တော့်ကို မခေါ်ချင်လို့လားဟုမေးတော့ သူလည်းသွားဖို့ အစီအစဉ်မရှိထားကြောင်း သူ့အလုပ်မှ ၀န်ထမ်းများနှင့်ပြောရင်းဆိုရင်း စကားစပ်မိသဖြင့် ရုတ်တရက် သွားဖြစ်ခြင်းဖြစ်ကြောင်း၊ကျွန်တော်
အလုပ်ရှုပ်နေသဖြင့် အားနာသောကြောင့် မခေါ်ခဲ့ခြင်းဖြစ်ကြောင်း ပြောလေသည်။သူက ရေမကူးတတ်သဖြင့် ရေအနက်ကြီးထဲအထိမဆင်းရန်လည်း သတိပေးလိုက်သေးသည်။ထို့နောက်ဖုန်းချကာ မိမိလုပ်လက်စအလုပ်များဆက်လုပ်နေရင်း နေ့လည် ၃နာရီလောက်ကျတော့ သာယာဝတီတွင်နေထိုင်သော
သူ၏ညီဖြစ်သူထံမှ ဖုန်းဝင်လာသည်။
"ကိုမင်း..ဆုံးပီ" ဟူ၍...။
ကျွန်တော် မယုံပါ။ကိုမျိုးရာ လာမနောက်နေပါနဲ့၊
ကျွန်တော်အလုပ်ရှုပ်နေလို့ နောက်မှပြန်ဆက်မယ်ပြောတော့ သူက နောက်နေတာမဟုတ်ကြောင်း၊
လက်ခုပ်ကုန်းကမ်းခြေမှာ ရေနစ်၍ဆုံးသွားခြင်းဖြစ်ကြောင်း ပြောရင်းငိုတော့သည်။သို့သော် ကျွန်တော်လည်း မယုံနိုင်ပေ။ထို့ကြောင့် သူနှင့်အတူသွားသော သူ့ရုံးမှ တပည့်များထံဆက်ကြည့်တော့ ဆုံးသွားတာ ဟုတ်မှန်ကြောင်း အတည်ပြုပြောကြားလေသည်။
ကျွန်တော်လည်း ကြားရသောစကားကို မယုံနိုင်။ဖုန်းကိုင်ရင်း ဘာပြောရမှန်းပင်မသိတော့။စိတ်ထဲတွင်လည်း အလွန်ခံစားရလျှက်သာရှိတော့သည်။
ထိုနေ့ညဘက်ရောက်တော့ သူ့အလောင်းကို ရန်ကုန်ဆေးရုံကြီးသို့ ပြန်သယ်လာခဲ့ပါတယ်။ရဲများက လူသေမှုလား လူသတ်မှုလား သေချာစွာစစ်ဆေးနိုင်ရန် ရင်ခွဲရုံသို့ပို့ဆောင်ခဲ့ပါတယ်။
သေချာစွာကြည့်မိတော့ သေသွားသည်ဟုပင်မထင်ရ။မျက်နှာမှာ ပြုံးပြုံးလေးဖြစ်နေသည်။
ရေနစ်သော်လည်း
ကိုယ်ခန္တာမှာ ဖောခြင်းယောင်ခြင်းအလျဉ်းမရှိပဲ
ပုံစံပျက်ယွင်းနေခြင်းမျိုးလည်းမရှိပေ။
သူ့ကိုကြည့်ပီး အိမ်ပြန်လာသော လမ်းတစ်လျှောက်လုံးလည်း စိတ်မကောင်း။ကိုယ့်မျက်စိအရှေ့မှာ တွေ့ခဲ့တာမဟုတ်လျှင်လည်း လုံးဝယုံမည်မဟုတ်။ယခု ကိုယ့်မျက်စိနဲ့တပ်အပ်မြင်ခဲ့တာတောင် ယုံတ၀က်၊မယုံတ၀က်ဖြစ်နေတုန်းပင်။
အမြဲတမ်း ကွမ်းလေးတမြုံ့မြုံ့နှင့် ပြုံးနေတတ်သောအကို၊သူ့အလုပ်မှ ၀န်ထမ်းများ၊သူငယ်ချင်းမိတ်ဆွေများအပေါ်တွင်လည်း ဘယ်သောအခါမှ ဆူပူကြိမ်းမောင်းခြင်းမပြုတတ်သော အကို၊လူကြီးလူငယ် အားလုံးနှင့် အဆင်ပြေသော၊သူနှင့်အလုပ်တွဲလုပ်သူ
မှန်သမျှက ချစ်ခင်ရသောအကို၊ကျွန်တော်နှင့်လည်း အသက်ချင်းကွာပေမဲ့ ညီအရင်းတယောက်လိုသဘောထားပီး ကျွန်တော့်ကို အလွန်ချစ်ရှာသော အကိုတစ်ယောက် လူ့လောကကြီးမှ ရုတ်တရက်ထွက်ခွာသွားခဲ့ချိန်က အသက်(၃၄)နှစ်တဲ့လေ။
အရမ်းစောလွန်းနေသည်ဟုထင်မိသည်။
မည်သို့ပင်ဆိုစေကာမူ တွေ့ဆုံရ၊ခွဲခွာရမည်မှာ
ဖြစ်ရိုးဖြစ်စဉ်ကိစ္စရပ်များဖြစ်သည်မှာ မှန်သော်လည်း ကိုယ်ချစ်ခင်မြတ်နိုးသူများ ရုတ်တရက် ထွက်ခွာသွားသည့်အတွက်တော့ ပူဆွေးသောကရောက်ကြရသည်။လောက၏ဖြစ်တတ်သော သဘောကို နားမလည်၍မဟုတ်။အချိန်မတန်ခင်၊
မျှော်လင့်မထားခင်၊ရုတ်တရက်
ထွက်ခွာသွားသောကြောင့် ယူကြုံးမရ ပူဆွေးသောကရောက်မိခြင်းဖြစ်သည်။
ယမန်နေ့မနက်ရရှိလာသော ဆေးစစ်ချက်အဖြေများအရ သိရသည်မှာ အဆုတ်ထဲတွင်ရေ၀င်နေခြင်းမရှိသဖြင့်
ရေနစ်၍ သေဆုံးခြင်းမဟုတ်ပဲ
ဦးနှောက်သွေးကြောပြတ်၍ သေဆုံးခြင်းဖြစ်ကြောင်းသိရသည်။
ထိုသို့ဖြစ်ရခြင်း၏ အဓိက တရားခံမှာ
အရက်ကြောင့်ဖြစ်လေသည်။
သူနှင့်အတူသွားသော ၀န်ထမ်းများ၏ပြောပြချက်အရ မနက်၁၁နာရီလောက်တွင် အရက်များသောက်ပီး ရေထဲဆင်းကာတစ်ဦးတည်း ရေဆော့ကစားနေခြင်းဖြစ်ကြောင်း သိရသည်။
ဆရာဝန်များ၏ပြောပြချက်အရ ကမ်းခြေမှာ အပူပိုင်းနေရာဒေသဖြစ်သည်။ထိုသို့ပူသောနေရာမျိုးတွင် မွန်းတည့်အချိန်၌ အရက်သောက်ထားသဖြင့် သွေးတိုးနေစဉ်
ရေထဲဆင်းလိုက်သဖြင့် ရုတ်တရက် ကိုယ်ခန္တာအတွင်း အပူအအေး မမျှတမှုဖြစ်ပေါ်ကာ သွေးလှည့်ပတ်မှုများ ကမောက်ကမဖြစ်ကုန်ကြောင်း၊ထို့ကြောင့် ဦးနှောက်သွေးကြောပေါက်၍သေဆုံးရခြင်းဖြစ်သည်ဟုဆိုသည်။
အရက်၏အရှိန်ကြောင့်ရော၊
သွေးတိုးနေခြင်းကြောင့်ရော ပူပြင်းသောရာသီဥတုကြောင့်အပါအ၀င် မဆင်ခြင်စွာ ရေထဲဆင်းလိုက်သောကြောင့် မိမိ၏အသက်အန္တရာယ်ကို မိမိကိုယ်တိုင်ဖိတ်ခေါ်လိုက်သလို
ဖြစ်သွားခြင်းဖြစ်သည်။
ထို့ကြောင့် steemitမိတ်ဆွေများထဲမှ အရက်သေစာသောက်သုံးသူများ
အနေဖြင့်လည်း ဆင်ခြင်သင့်ပါသည်။ယခုကဲ့သို့ ရာသီဥတုပူလာပီဖြစ်သည့်အချိန်မျိုးတွင် ပိုမိုဆင်ခြင်သင့်ပါကြောင်း အသိပေးပြောကြားလိုပါသည်။
စာဖတ်သူ မိတ်ဆွေများလည်း အသက်ကို
ညဏ်စောင့်ဆိုသလို
မိမိအသက်ကို မိမိဆင်ခြင်ညဏ်ဖြင့်
စောင့်ထိန်းနိုင်ကြပါစေကြောင်းဆန္ဒပြုလျက်...
အသက် ဉာဏ်စောင့်
ဥစ္စာ ကံစောင့် ဟု ဆိုကြလေတော့
လိုက်နာရမည်မှာလည်း မိမိတာဝန်ပေါ့
အမှန်ပါပဲ အကိုရေ။
ဆင်ခြင်သင့်ပါတယ်။
စိတ်မကောင်းစရာပါ အရက်ကို စည်းကမ်းလေးနဲ့
သောက်ကြပါ ဘောင်ကျော်ရင် အန္တရာယ်များလှပါတယ်
ဟုတ်ပါတယ် ဦးထွေး။ဆေးဖြစ်ဝါးဖြစ်
အနည်းငယ်သောက်တာလောက်ဆိုတော်ပါသေးတယ်။
တကယ်ကိုစိတ်မကောင်းဖြစ်မိပါတယ်ဆာကီးရယ် အရက်က အသံတိတ်လူသတ်သမားပါပဲ့ ဆေးဝါးအဖြစ် အသုံးပြုလို့ရပေမဲ့ မသောက်တာပင်အကောင်းဖြစ်တယ်လို့ထင်မိပါတယ် အရက်ကြောင့် မပျက်စီးသင့်ဘဲပျက်စီးကြရတယ် .Steemitညီကိုများလည်း တတ်နိုင်သမျှရှောင်ကျဉ်ကြစေချင်ပါတယ်
မသောက်တာပဲ အကောင်းဆုံးပါဗျာ။
မိမိဘ၀ပါ ထိခိုက်စေနိုင်ပါတယ်။
စိတ်မကောင်းဖြစ်ရပါတယ်အကိုရေ
ဟုတ်တယ် ကိုလင်းရေ။ ရုတ်တရက်ဖြစ်သွားတာဗျာ။
အရက်အရက်မသောက်ကြပါနဲ့ မကောင်းပါဘူးဗျ
အာ့ဆိုမသောက်နဲ့တော့နော်။လိလိမ္မာမ္မာနေ။
ဒီပိုစ့်လေး လင့်ယူပြီး ဂရုထဲ ချပေးချင်လိုက်တာဗျာ
ဟုတ်ကဲ့။gpထဲ linkချပေးလိုက်မယ် ဦးဇင်း။
စောင်းမရေးပါနဲ့အာစိ။ယောက်ကျားချင်းတွေပဲ ကိုကျော်ဆို ကိုကျော်လို့ဒဲ့ရေးပလိုက်။ကိုကျော်ဆုံးပြီ...ဟော..ဘယ်လောက်ကောင်းတုန်း..ကိုမင်းကျနည်းနည်းထောက်နေတယ်။
တကယ်ပါဆို။ဒီမာစိတ်မကောင်းဖြစ်နေတာ။
ကိုကျော့်ကိုတော့ အဲ့လို လွယ်လွယ်နဲ့ပေးမသေဘူးလေ။ဇာတ်နာအောင်လုပ်ရမှာပေါ့။
ပြောရက်လိုက်ကြတာ :'(
အေ့လေ..ကိုဇာအရမ်းရက်စက်တာပဲ :(
ဟုတ်ပါတယ် ရှစ်တန်းလောက်တုန်းက ဆရာတစ်ယောက် နွေရာသီ နေ့ လယ်ခင်းကြီး အရက်မူးတာကနေ ဘာဖြစ်မှန်းမသိ သေတော့မလို ဖြစ်လို့  ကျောင်းသားတွေစုပြီး သွားကြည့်ခဲ့ကြတာလေးကို သတိရမိတယ်။ ဆေးရုံသွား ကြတယ်။ပြန်လာတော့ ကောင်းသွားတယ်ဗျ။ နွေရာသီမှာ နေ့ ခင်းဘက်တွေ အရက်မသောက်တာ အကောင်းဆုံးပါ။
ဟုတ်တယ် အကို။နွေရာသီဆိုပိုသတိထားသင့်တယ်။မသောက်တဲ့သူတွေတောင် အပူဒဏ်ကြောင့်အသက်အန္တရာယ်ဖြစ်နိုင်တာကိုးး။
ဟုတ်ဗျို့။ မသောက်တာ မဟုတ်ဘူးဗျို့။ သွေး မတည့်ကို မတည့်တာ။ ဘီယာလေး တစ်ခွက် သောက်လိုက်ရင်ကို အဖုအပိန့်တွေ ထလာတာ ။
အဲဒါအကောင်းဆုံးပဲ..ဟီးး..
autoရှောင်ပီးသားဖြစ်သွားရော။
စိတ်မကောင်းပါ
ဟုတ်ပါတယ်။ခံစားရတယ်အမရေ။