မိုးရာသီကို မကြိုက်သေးပါ
"မိုးလေးဖွဲတုန်း သတိရတယ် မြင်နေတယ်ပြတင်းတံခါးဆီပဲ"ဘေးအိမ်က ရေဒီယိုလေးဆီကနေ သီချင်းလေးကပျံ့လွင့်လာပါတယ်။"မိုးရွာရင် ငယ်ချစ်ဦးတွေ ဘာတွေကိုလွမ်းကြတယ်တဲ့။"အလွမ်းဓါတ်ခံရှိသူတွေအတွက် မိုးအေးအေးလေးနဲ့ လွမ်းလို့ကောင်းတယ်ဆိုပဲ။ကျွန်မအတွက်တော့ လွမ်းလို့ကောင်းလား ဘာလားတော့မသိဘူး။ စိတ်ပျက်ဖို့တော့ တော်တော်ကောင်းတဲ့ရာသီပါ။ ဘာလို့စိတ်ပျက်လဲဆိုတော့ မိုးရွာပြီဆို သူများတွေလို သီချင်းလေးဖွင့်ပြီး နားမထောင်ရလို့ပါ။အဲ့အတွက်ကြောင့် ကျွန်မမိုးရာသီကို မကြိုက်သေးပါ။ဒါပေမယ့် ကျွန်မမိုးရာသီကို ကြိုက်လာမယ့်အချိန်တော့ ရှိမှာပါ။ အဲ့အချိန်က ကျွန်မမိဘတွေ ကျွန်မကိုဖြစ်စေချင်တဲ့ ပညာတတ်ဖြစ်တဲ့အချိန်ပါ။
အရပ်တကာလှည့်ပြီး အကြော်ရောင်းနေတဲ့ အမေ့အကြော်ဗန်းလေးက မိုးရွာရင်အလိုလို အကြော်တွေပြည့်နေတာကြောင့် အမေခမျာ နဂိုလျှောက်ရတဲ့ ခရီးထက် ပိုခြေတိုအောင် လျှောက်ပြီး အကြော်တွေကုန်အောင်ရောင်းရပါတယ်။ ဒါပေမယ့် မိုးအေးအေးနဲ့ကွေးကြတဲ့ သူတွေအတွက် အမေ့အကြော်အေးအေးတွေက စားချင်စဖွယ် ဖြစ်မနေတော့ပါဘူး။မိုးရွာပြီဆို အမေပြောနေကျစကားက" ဒီနေ့လည်း ခြေတိုအောင်လျှောက်ရတော့မယ်"တဲ့။အမေ့ဆီက ငြီးငြူသံကြားတိုင်း ကျွန်မမိုးရာသီကိုပဲ အပြစ်မြင်မိပါတယ်။မိုးရယ်မရွာဘဲနေလို့ရ ရင်နေလိုက်ပါလားလို့ ခပ်ကြောင်ကြောင်တွေးမိပါတယ်။
နေ့ခင်းဘက်ထမင်းစားချိန်မှာ ကျွန်မတို့အိမ်လေး လူစုံနေပြီဆိုရင် ကောင်းကင်ကိုမော့မကြည့်ဘဲ အလိုလိုသိတာက အပြင်မှာမိုးရွာနေပြီဆိုတာပဲ။နေသာတဲ့ရက်ဆို အမေနဲ့ကျွန်မပဲ ထမင်းစားတာများပေမယ့် မိုးရွာတဲ့ရက်ဆို အဖေပါအိမ်ပြန်စားပါတယ်။ဈေးရှေ့မှာ ဆိုက္ကားကိုအသွားအပြန်မနားတမ်းနင်းရပေမယ့် မိုးရွာရင် ဈေးသွားဈေးလာတွေက တစ်ဝက်လောက်ကိုနည်းပါးသွားပါပြီ။ လာတဲ့သူတွေကလဲ ဆိုက္ကားစီးနိုင်သူတွေ မဟုတ်ဘူးလေ။ဈေးကိုတောင်မလာမဖြစ်လို့လာရတဲ့ ကျွန်မတို့လို အခြေခံလူတန်းစားတွေလေ။ဒီတော့ အဖေ့ဆိုက္ကားလေးက ဈေးဂိတ်လေးကနေ မခွာနိုင်တာ မဆန်းတော့ဘူးပေါ့။တစ်ခါတလေ မိသားစုစုံစုံလင်လင်နဲ့ စားရတဲ့ထမင်းဝိုင်းကို သဘောကျမိတာကြောင့် ဒီနေ့မိုးရွာပါစေလို့ ငယ်ငယ်ကဆုတောင်းခဲ့ဖူးပါတယ်။အဲ့လိုဆုတောင်းပြီးပြီးချင် ကျွန်မခေါင်းပူထူသွားသလိုပဲ။တစ်ဆက်တည်းအမေ့ဆီက စကားသံကြားလိုက်ရတယ်။"ဒါဆို နောက်ဖေးဆန်အိုးထဲမှာ ဆန်တွေကိုနင်ဝယ်ဖြည့်ပေးမှာလား"တဲ့။ အမေ့ရဲ့လက်သံ နဲ့ စကားသံက မိုးရွာအောင်ကျွန်မဆုမတောင်းရဲတော့ပါဘူး။အမေခြေတိုအောင် လမ်းလျှောက်ရတဲ့အတွက် မိုးကိုမရွာစေချင်ပေမယ့် အဖေနဲ့ထမင်းလက်ဆုံစားရတဲ့အတွက် ရွာစေချင်မိတယ်။ဒါပေမယ့် အမေ့ရဲ့သဘာဝကျလှတဲ့ စကားက ကျွန်မရဲ့အဓိပ္ပါယ်မရှိတဲ့ အတွေးတွေကို အဝေးကိုမောင်းထုတ်လိုက်ပါတယ်။
မိုးတွေရွာပြီဆိုကျွန်မငယ်ငယ်လေးတည်းက ယဉ်ခဲ့ရတဲ့ စိတ်ကူးလေးကို သတိရမိတယ်။။မိုးရွာနေချိန်ဆို စောင်လေးခြုံပြီး စာအုပ်လေးဖတ် လက်ဖက်သုပ်လေးနဲ့ အရမ်းဇိမ်ယူချင်ခဲ့တယ်။ မိုးရွာပြီဆို ကျွန်မရဲ့စိတ်ကလေးကို အကောင်အထည်ဖော်ဖို့ ကြံလိုက်တိုင်း ခေါင်မိုးပေါ်ကယိုလာတဲ့ မိုးရေစက်တွေကို ခွက်နဲ့လိုက်ခံနေရတာနဲ့ပဲ ကျွန်မရဲ့ ဇိမ်ယူမယ့်အစီအစဉ်လေး ပျက်သွားခဲ့ပါတယ်။အိမ်ခေါင်မိုးပေါ်က ယိုလာတဲ့မိုးရေစက်တွေရယ် ကြမ်းပြင်ပေါ်ကမိုးရေကြောင့် စိုနေတဲ့ကြမ်းခင်းတွေက ကျွန်မကိုလှောင်ပြောင်နေသလိုပဲ။
သူများတွေ မိုးရွာရင် ငယ်ချစ်ဦးတွေကို လွမ်းနေစဉ်မှာ မိုးရေကိုခွက်နဲ့လိုက်ခံနေရတဲ့ ကျွန်မ၊ကျောင်းတတ်ရင်ဝတ်တဲ့ မရှိမယ့်ရှိမယ့် အကျီင်္လေးတွေ စိုသွားမှာဆိုးလို့ အပြေးလိုက်သိမ်းရတဲ့ကျွန်မ မိုးရာသီိကို မကြိုက်တာမဆန်းပါဘူး။"ဟယ့် ကောင်မလေးဘာတွေထိုင်တွေးနေတာလဲ အပြင်မှာမိုးတွေညှို့လာပြီ။လျှော်ထားတဲ့ အဝတ်တွေ ရုတ်လေ"ဆိုတယ့် အမေ့အသံနဲ့အတူ ကျွန်မခြေထောက်တွေကအိမ်အောက်ကို ပြေးအဆင်း တစ်ဖက်အိမ် ရေဒီယိုဆီက ပျံ့လွင့်လာတဲ့ "မိုးလေးဖွဲတုန်း သတိရတယ်။မြင်နေတယ်ပြတင်းတံခါးဆီပဲ"သီချင်းလေးက ကျွန်မရဲ့မိုးရာသီကို မကြိုက်တတ်တဲ့စိတ်ကို ပိုပြီးမကြိုက်အောင် တွန်းအားပေးနေသလို။အခုမိုးရာသီကို မကြိုက်ပေမယ့် ကျွန်မိဘတွေဖြစ်စေချင်တဲ့ ပညာတတ်ဖြစ်ရင်တော့ ကျွန်မကြိုက်မိမှာပါ။အခုတော့ ကျွန်မမိုးရာသီကို မကြိုက်သေးပါ။
Steemitမိသားစုဝင်များအားလုံးကို ကျေးဇူးအထူးတင်လျက်။
Steemit မိသားစုဝင်များအားလုံးစိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းနဲ့ ပြည့်စုံပါစေ။
Give my love to you all Steemians.
written by :@hnineikhaing
MSU NO-003
#myanmar
#msu
အတွေးကောင်း အရေးကောင်း ခေါင်းစဉ်မပါတာတော့ မကောင်း
ဟုတ် နောက်ဆိုသတိထားပါ့မယ်
အတွေးကောင်း အရေးကောင်းတဲ့ သူပါလား 👏👏
ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်
စာရေးသားသူ ရဲ့ ကိုယ်ပိုင်ဘဝလေးလား.
အတွေးကွန့်မြူးပြီးရေးသားထားတာလား မသိရပေမဲ့....
မျက်လုံးထဲမြင်ယောင်မိတဲ့အထိ ခံစားရပါတယ်။
ရသတစ်ခုကို အပီအပြင် ခံစားရစေပါတယ်။
ကြိုးစားပြီးရေးဖွဲ့ထားတာကိုလဲ
စာဖတ်ရင်းနဲ့ ခံစားလို့ရပါတယ်။
တစ်ရက်ထက်တစ်ရက် အရေးအသားတွေအတွေးတွေကောင်းလာတယ် လို့ ....အားပေးတာမဟုတ်ဘူးနော် ...တကယ်အရှိကိုပြေားတာ။ good post ပါ။💯✔
ကိုယ်ပိုင်ဘဝနဲ့ခပ်ဆင်ဆင်တူပါတယ် တကယ့်လက်တွေ့ဘဝမှာလဲ အကြော်ရောင်းတဲ့အမေမရှိ ဆိုက္ကားနင်းတဲ့အထေမရှိပေမယ့် မိုးရွာတိုင်းစိတ်ကူးလေးပိုအကောင်အထည်မဖော်နိုင်သေးပါဘူးရှင် အရှိကိုအရှိတိုင်းပြောတဲ့အတွက်ကျေးဇူးပါအစ်ကိုရေ နောက်လဲဝေဖန်သုံးသပ်ပေးပါဦးနော်
As a follower of @followforupvotes this post has been randomly selected and upvoted! Enjoy your upvote and have a great day!