Busiest Man
ကိုမောင်ချိုသည် နေထန်းတစ်ဖျားခန့် မြင့်နေပြီဖြစ်သော်လည်း အချိန် ဘယ်လောက်ရှိပြီလဲဟု မော်မကြည့်အားသေးပေ။
အပေါက်တစ်ရာ၊ အဖာက ဗရဗျစ်နှင့် မည်းညစ်၍နေသော သူ့စက်ဘီးတာယာ လေလုံးဖြင့် အလုပ်များလျက် ရှိသည်။ဒေါက်ခွမရှိသော စက်ဘီးကို နွားသောက်သော ထန်းပင်မြစ်ဆုံ ရေစည်တွင် မှီလျက် နောက်ဘီးတာယာ လေလုံးကိုထုတ်ကာ
ရေအင်တုံပွဲတစ်ခု၊ ကတ်ကြေးတစ်လက်၊ တံစဉ်းတစ်ချောင်း၊ ကော်ရည်တစ်ခွက်၊ လေထိုးပိုက် တစ်လုံးနှင့် နံနက်မိုးမလင်းမီကပင် သူထ၍
ဖာခဲ့သည်။ မီးခွက်သည် မီးငြိမ်း၍ပြီးသော်လည်း သူ့အနီးမှာ ရှိနေသေးသည်။
သူ့စက်ဘီးလေလုံးမှာ ပေါက်ရာ ဇာရာက များလှသည့်အထဲ ကော်ရည်က နိုင်ငံခြားကလာသည့် မူလပစ္စည်းမဟုတ်ဘဲ တမာဆေးကို
ကျိုထားခြင်းဖြစ်လေရာ တယ်ပြီး ရေရာသည်မဟုတ်၍ ယခုလောက် ခဲယဉ်းနေခြင်းဖြစ်ပေသည်။ သို့သော် ကိုမောင်ချိုသည် ဇွဲကတော့
တတ်သူ မဟုတ်၊ ဒီပစ္စည်းနဲ့ ဒီပစ္စည်းဟာပဲ အရင်ကလည်း ရဖူးတာ၊ ခုလည်းရတယ်ဟူသော ယုံကြည်ချက်ဖြင့် သဲသဲမဲမဲ
ကြိုးစားနေခြင်းဖြစ်သည်။ သည်အထဲ လေထိုးပိုက်ကျွတ်ကလည်း ခဏခဏ လေချော်တတ်သေးသည်။
ယင်းအခိုက် အိမ်ရှေ့လမ်းမမှ နွားလှည်းတစ်စီးရပ်သံနှင့်အတူ "ကိုမောင်ချိုရ၊ ခင်ဗျားစက်ဘီးက ခုထိဖာမရသေးဘူးလား” ဟူသော
နှုတ်ဆက်သံကိုကြားရမှ မော်ကြည့်လိုက်မိကာ... “ဟာ မောင်ခွေး၊ နောက်ချေးချတပ်ခေါက်က ပြန်လာခဲ့မှကိုးကွ..."
“အေးဗျာ၊ ခင်ဗျားကာ မြို့ သွားဖြစ်ဦးမှာလား...”"သွားဖြစ်အော် ဒိစက်ဘီး ဖာနေတာပဲကွာ...”
သူသည် စက်ဘီးကို ဆက်ပြီး ဖာမြဖာနေ၏။ သည်နောက်ဘီးက ခဏခဏ ဒုက္ခပေးနေ၏။ ရှေ့ဘီးကတော့ ဒုက္ခငြိမ်းသွားပါပြီ။
တာယာရာ ကျွတ်ရာ ရွတ်ပြီး မြင်းလှည်းဘီးက ရော်ဘာတာယာအဟောင်းတစ်ခုကို ပြုပြင်တပ်ဆင်လိုက်သောကြောင့် ဖြစ်၏။ သို့ဖြင့်
ရှေ့ဘီးကကျွတ်ကို ကောင်းသောအပိုင်းဖြတ်ယူကာ နောက်ဘီးကျွတ်နှင့် ပေါင်းသုံးခဲ့၍ အတော်ကလေး ဟန်ကျနေခဲ့သည်။ ယခုမှ ခဏခဏ
ချူချာလာပြန်တော့ ပြည်သူ့ပစ္စည်းဆိုင်မှာ လျှောက်ထားတာ ရလျှင်ရ၊ မရလျှင်တော့ ရှေ့ဘီးလိုပဲ ဆောလင်ပဲ စွပ်ရတော့မှာပဲဟု မောင်ချို
အောက်မေ့မိ၏။ ဂျပန်ခေတ်တုန်းကလိုပေါ့လေ။
ကိုမောင်ချိုသည် ရွာတွင် လယ်ယာခြံမြေလုပ်ငန်း ပါးလျားသော အခါလည်းကောင်း၊ အားသောအခါလည်းကောင်း မြို့သို့သွား၍
ဆေးလိပ်ရုံတစ်ခုမှာ ဆေးရိုးလှော်ခြင်း၊ ဆေးစပ်ခြင်းအလုပ်ကို နေ့စားလုပ်ရသည်။ သူ့တွင် လယ်မြေခြမ်းရေးမှ ၅ ဧက ရထားသော်လည်း ဒီ ၅
ဧက စပါးပိုက်ရုံဖြင့် သူ့အိမ်ဖောင်ဝမ်းစာရေးကို မလောက်ပေ။ ထို့ကြောင့် သစ်ပင်လှဲခြင်း၊ ထင်းခွဲခြင်းကအစ ရရာအလုပ်ကို လုပ်ရသေးသည်။
သူ့ဇနီးနှင့် သူ့သမီးကလည်း ရက်ကန်းစင်ကို ကိုင်ရသေးသည်။
ဆွမ်းတော်ဗျို့
မောင်ခွေး ထွက်သွားပြီးမှ ဒုတိယအကြိမ် ကိုမောင်ချိုကို လှုံ့ဆော်လိုက်သောအသံကား အိမ်ရှေ့ဆွမ်းခံရောက်လာခြင်း ဖြစ်ပေသည်။
ဒီအခါတော့ ကိုမောင်ချို ပနေသောတော့ပါ။ ဆွမ်းခံကျောင်းသားကလေးတွေ လှမ်းကြည့်လိုက်ပြီး “ဟာ ဆွမ်းခံတောင်ရောက်ပြီ။
စက်ဘီးကလည်း ဖာမပြီးသေး။ ဒီနေ့ မြို့ သွားလို့တော့ဖြင့် မဖြစ်တော့ဘူး” ဟု အားလျော့လိုက်ကာ ထိုင်ရာမှ ထလိုက်တော့သည်။ ကိုယ်ကို
ဘယ်ညာယိမ်း၍ အညောင်းဆန့်လိုက်ပြီး ရေစည်ထဲမှဖြင့် မျက်နှာကိုပွတ်သပ်၍ ခေါင်းတွင်ပေါင်းထားသော ပုဆိုးဟောင်းဆွတ်လျက်
အိမ်ရှေ့ နေရောင်ကာ ကပြင်တွင် ရက်ကန်းစင်၌ ရှိနေသော သမီးထွေးအား
“လုံမရေ.. ငါ့ကွမ်းထုပ်ကလေး ပေးစမ်းဟေ့..."
ကိုမောင်ချိုသည် ကွမ်းမပြတ်ငုံလေ့ရှိသူဖြစ်၍ သူ့မှာ ကွမ်းထုပ်မည်းညစ်ညစ်ကလေး အညံ့ရှိသည်။ အထဲတွင် ကွမ်းရယ်၊ ထုံးရယ်၊